30 June 2011

ဦးသိန်းစိန်ကပြည်သူတွေလုံခြုံရေးနဲ့စားဝတ်နေရေးအဓိကထားနေလို့ ပေါက်လိုက်တဲ့ဗုံး၊ခရီးသွားကားများလည်းမီးရှို့ခံရ၊ တိုက်ပွဲများလည်းဆက်တိုက်ဖြစ်.

ရန်ကုန်-ရေး-ထားဝယ် လမ်းကြောင်းကို ပြေးဆွဲ နေသည့် ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် နှစ်စီးကို ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေးမြို့ အနီးတွင် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး လိုက်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း ဒဂုံလမ်းပေါ်ရှိ ရန်ကုန် - ထားဝယ် ယာဉ်လိုင်းဂိတ်မှူး တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မီးရှို့ဖျက်ဆီးခြင်း ခံရသော အဝေးပြေးကား နှစ်စီးမှာ ရန်ကုန်-ရေး-ထားဝယ် ပြေးဆွဲနေသည့် ရာဇာမင်းဂိတ်နှင့် ရွှေလီ ရတနာဂိတ်တို့မှ အဝေးပြေး မော်တော်ယာဉ်များ ဖြစ်ပြီး သံဖြူဇရပ်နှင့် ရေးမြို့ အကြားရှိ လိမ္မော်ခြံအနီးတွင် ဖြစ်ကြောင်း နှင့် အခြားရန်ကုန် - ထားဝယ် ပြေးဆွဲနေသည့် အဝေးပြေး မော်တော်ယာဉ် အချို့မှာလည်း ဆက်ကြေး တောင်းခံရ ကြောင်း ၎င်းထံမှ သိရှိရသည်။

ယင်းကဲ့သို့ ရန်ကုန် - ရေး - ထားဝယ် အဝေးပြေး မော်တော်ယာဉ်နှစ်စီး သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခြင်း ခံရသည်မှာ မှန်ကန်ကြောင်းနှင့် ၎င်းတို့ဂိတ်မှ မီးရှို့ခံရသောကားမှာ ယမန်နေ့ညက ရန်ကုန်မှ ထားဝယ်သို့ ထွက်ခွာသွားသည့် ဟွန်ဒိုင်း အမျိုးအစား (၆ ခ / ၁၄၆၅) ခရီးသည်တင်ယာဉ် ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ အန္တရာယ် တစ်စုံတစ်ရာ မရှိကြောင်းမှာ ရွှေလီရတနာဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် လကလည်း မွန်ပြည်နယ် ရေးမြို့အနီးတွင် ခရီးသည်တင်ယာဉ် ငါးစီးကို အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ် တားဆီးကာ ဆက်ကြေးအဖြစ် ထားဝယ် - ရန်ကုန် ကားတစ်စီးလျှင် ကျပ် ၁၀ သိန်း တောင်းခံခဲ့ပြီး ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ သုခရတနာ ဂိတ်တို့မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မေလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေးမြို့အနီး၌ လက်နက်ကိုင် သောင်းကျန်းသူများ တားဆီးကာ ဆက်ကြေးအဖြစ် တောင်းခံသည့် ဖြစ်စဉ်တွင် ရန်ကုန် - ရေး - ထားဝယ် ပြေးဆွဲနေ သည့် အဝေးပြေး မော်တော်ယာဉ် ရှစ်စီးခန့် ပါဝင်ပြီး အဆိုပါ ယာဉ်များအားလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း အဝေးပြေးဂိတ်များထံမှ သတင်းရရှိသည်။ သောင်းကျန်းသူများ မီးရှို့ခဲ့သည့် အဝေးပြေး မော်တော်ယာဉ် နှစ်စီး၏ အခြေအနေနှင့် ပတ်သက်၍ The Voice Weekly က သတင်းများ ဆက်လက် စုံစမ်းလျက် ရှိသည်ဟု ၄င်းသတင်းဂျာနယ်တွင်ဖော်ပြထားပါသည်.။