28 February 2011

အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းအား လှိုင်သာယာမြို့နယ် ပညာရေးမှုးရုံးက လက်ခံ..

 
 
 
 
သူငယ်ချင်းတို့ရေ

ပြီးခဲ့တဲ့ (၁၈) ဖေဖေါ်ဝါရီ မှာ အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းကို လှိုင်သာယာမြို့နယ်ပညာရေးမှုးရုံးက လက်ခံလိုက်ပြီလို့ ကျောင်းတာဝန်ခံကိုအေးဗိုလ်က တဆင့်သိရလို့ သူငယ်ချင်းတို့လည်း ၀မ်းသာရအောင်မျှဝေ လိုက်ပါတယ်။

အခုလာမဲ့ နွေရာသီမှာလည်း Summer Course အနေနဲ့ သူငယ်တန်းကနေ ငါးတန်းအထိ English , Math and General Knowledge ဘာသာရပ်များကို တနင်္လာနေ့ မှ သောကြာနေ့ အထိ မတ်လ(၇) ရက် မှစတင် သင်ကြားပေးမယ်လို့ သိခဲ့ရတယ်။

မနေ့ ကတော့ဗလာစာအုပ်တွေ နဲ့ စာရေးကိရိယာတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ ကိုယ်စား သွားလှုဖြစ်ခဲ့လို့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။ အမေ့အိမ် ပညာဒါနကျောင်းလေး ရေရှည် တည်တံ့အောင်မြင်ပြီး နွမ်းပါးတဲ့ကလေးများရဲ့ ပညာရေးကို တစ်ဒေါင့်တစ်နေရာမှ ကူညီ ဖြည့်ဆည်း ပေးနိုင်ဖို့ တို့အားလုံး ကူညီပံ့ပိုးကြပါစို့ ။

သူငယ်ချင်းတို့ရဲ့
ကိုငယ်
အခုဆိုရင် အမေ့အိမ်မှ ပညာရည်နို့သောက်စို့နေတဲ့ ကလေးငယ်ပေါင်း ( ၂၂၉ ) ဦးရှိနေပြီလို့သိရပါတယ် ။ မူကြိုမှာ (၂၃ )ဦး ၊ သူငယ်တန်းမှာ ( ၂၂ ) ဦး ၊ ပထမတန်း ( ၃၇ )ဦး ၊ ဒုတိယတန်း ( ၂၇ ) ဦး ၊ တတိယတန်း ( ၃၁ ) ဦး ၊ စတုတ္ထတန်း ( ၄၉ ) ဦး နဲ့ ပဉ္စမတန်း ( ၄၅ ) ဦးတို့ဟာ ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားနေကြောင်းသိခဲ့ရပါတယ် ။ စာသင်ခန်းက တစ်ခန်းတည်းရှိတာ မို့ မနက်နဲ့ည အတန်းချိန်တွေ ခွဲပြီး သင်ကြားနေကြရပါတယ် ။ တချို့ကလေးတွေအတွက်ဆို ကျောင်းကဖတ်စာအုပ်ရော ၊ ရေးဖို့ ဗလာစာအုပ်ပါ အားလုံး အခမဲ့ထုတ်ပေးရကြောင်း သိရပါတယ် ။ သူတို့လေးတွေဟာ မကြာတော့တဲ့အနာဂါတ် မှာတိုင်းပြည်အတွက် ၎င်း ၊ လူအဖွဲ့ အစည်း အတွက် ၎င်း ၊ မိသားစုအတွက် ၎င်း ၊ ကျရာအခန်းကဏ္ဍများတွင် ခေါင်းဆောင်များ ဖြစ်လာကြပါတော့မည်။ ဗိုလ်ချုပ်လို ရိုးသားဖြောင့်မတ်တည်ကြည်တဲ့ အောင်ဆန်းလေးတွေ ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ။ ဒါကြောင့် သူတို့လေးတွေကို အမေ့အိမ်မှ မောင်ထိန်လင်းလေးများလို့ တင်စားချင် ပါတယ်။

ကိုငယ်...


ဗိုလ်ချုပ် မွေးနေ့က ဆရာတင်မိုး ရေးသားတဲ့ " ဗိုလ်ချုပ်ဦးအောင်ဆန်း "ကဗျာကို အမေ့အိမ်မှ  မောင်ထိန်လင်းလေးများမှ ရွတ်ဆိုခဲ့ကြပါတယ်...။

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

အရုဏ်ဦးက ကြယ်နီဖြာ 
ဗိုလ်ချုပ်အောင်ဆန်းပါ 
တို့ဗမာပြည် အမှောင်ခွင်း 
သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့ သစ္စာတည် 
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး

ရိုးသားဖြောင့်မတ်သူမူရာ 
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း 
ဗိုလ်ချုပ်ဦးအောင်ဆန်း