01 March 2011

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်း၊ ဓာတ်ပုံများ....



ဂါရ၀တရား

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် (၁၀) နှစ် ပြည့်ခဲ့ပြီဖြစ်သလို အများပြည်သူတို့အတွက် အခမဲ့ ဆေးဝါးကုသပေးခဲ့သော “သုခကုသိုလ်ဖြစ် ဆေးခန်း” သည်လည်း ၂၀၁၁ ခုနှစ်၊ မတ် (၂) ရက်နေ့တွင် (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ တစ်ကြိမ်တည်း အသက်နှစ်ချောင်း ကယ်ရာရောက်သည့် ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များအား ကူညီဖေးမ ခွဲစိတ်မွေးဖွားပေးမှုများကို လုပ်ဆောင်ပေးခဲ့ရာမှ ယခုဆိုလျှင် ဓါတ်ခွဲခန်း၊ ရောဂါရှာဖွေရေး တီဗီ ဓါတ်မှန်ခန်း၊ သွားရောဂါကုသမှု၊ မျက်စိဝေဒနာရှင်များအား ကုသပေးမှု၊ ကလေးအထူးကု၊ အရေပြား အထူးကု၊ နား နှာခေါင်း လည်ချောင်း အထူးကု၊ အပ်စိုက်အထူးကု၊ အရိုးအကြော အထူးကုနှင့် အထွေထွေရောဂါ ကုသမှုများအပြင် မျက်စိခွဲစိတ်ခန်းအားလည်း ၂၀၁၁ ခုနှစ်၊ ဧပြီလ အတွင်းတွင် စတင်၍ ခွဲစိတ်ပေးမှုများကို လုပ်ကိုင်ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (၄) နှစ်ပြည့် အခမ်းအနားအား ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အားကိုးတကြီးဖြင့် လာရောက် ကုသကြသော လူနာများအား မေတ္တာ၊ ဂရုဏ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ အခမဲ့ လာရောက်ကုသပေးခဲ့သော လူမှုရေးဆရာဝန်ကြီး / ဆရာဝန်မကြီးများ (၄၈) ဦးတို့၏ ကျေးဇူးတရားများအား မှတ်တမ်းတင် ဂါရ၀ပြုအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာဝန်ကြီးများ / ဆေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်၍ ကြက်သားပလာတာဖြင့် သုခအဟာရ စားသောက်ဆောင်တွင် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ 

သုခကုသိုလ်ဖြစ်ဆေးခန်း (၄) နှစ်ပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့အပြင် ဆရာဝန်ကြီးများ / ဆေးပညာရှင်များ၏ အကြံပြုချက် များကို သုခကုသိုလ်ဖြစ်ဆေးခန်း ဆေးကော်မတီအဖွဲ့ဝင်များမှ ရှေ့ဆက်၍ အများပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဆထက်တိုး၍ ကူညီဖေးမ ကုသမှုများပြုလုပ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ယင်း ဆွေးနွေးညှိနှိုင်းမှုများကို အကောင်အထည်ဖော် ဆောင်ရွက်မှု ပြုလုပ်ရန် သုခကုသိုလ်ဖြစ် ဆေးခန်း တာဝန်ခံ / ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အလုပ်အမှုဆောင်အဖွဲ့၊ ဆေးကော်မတီအဖွဲ့ဝင်များအား ပြောကြားခဲ့ပါသည်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။ ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။