11 December 2010

ပြည်ပမှ ကျပ် ၃ သိန်းနှင့်အထက် ပစ္စည်းဝယ်ပါက ပစ္စည်းလက်ဝယ်ရှိအခွန် ပေးဆောင်ရတော့မည်

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပြည်ပနိုင်ငံများမှ ပစ္စည်းများ ဝယ်ယူခြင်းနှင့် ဝယ်ယူရန်အတွက် စာချုပ်ချုပ်ဆိုပါက ဝယ်ယူသည့်နိုင်ငံမှ အခွန်ကိစ္စပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ ပစ္စည်းဝယ်ယူခြင်း အတွက် ပေးချေငွေအပေါ် ပစ္စည်းလက်ဝယ်ရှိ အခွန် ၃ ဒသမ ၅ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ပစ္စည်းလက်ဝယ်ရှိ အခွန် (Withholding Tax) ကို ပြည်ပမှ ပစ္စည်းဝယ်ယူခြင်း၊ ပစ္စည်းဝယ်ယူရန်အတွက် သဘောတူစာချုပ်ချုပ်ဆိုခြင်း ပြုလုပ်သည့် မည်သည့် ကုမ္ပဏီနှင့်အဖွဲ့အစည်းမဆို ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေးသဘောတူ စာချုပ်ချုပ်ဆိုထားသည့် အင်္ဂလန်၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများမှ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်စေခြင်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုမည်ဆိုပါက နိုင်ငံအလိုက် တစ်ဦးချင်းနှင့် ကုမ္ပဏီတို့အပေါ် အခွန်စည်းကြပ်ရာတွင် သဘောတူစာချုပ်အရ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထို့အပြင် ပစ္စည်းဝယ်ယူခြင်းနှင့် ပတ်သက်၍ ဝယ်ယူသည့် ပစ္စည်းတန်ဖိုးသည် ကျပ် ၃ သိန်းနှင့် အထက်ဖြစ်မှသာ ပစ္စည်းလက်ဝယ်ရှိ အခွန်ကောက်ခံသွားမည်ဖြစ်ပြီးကျပ် ၃ သိန်းအောက် ဖြစ်ပါက အခွန်ကောက်ခံခြင်း မပြုဘဲ ပေးချေးငွေနှင့် စပ်လျဉ်းသော စာရင်းကိုသာ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးပို့ရန် လိုအပ်ကြောင်း၊ သို့ရာတွင် ကန်ထရိုက်စာချုပ်၊ သဘောတူစာချုပ်၊ သဘောတူညီမှု တစ်ရပ်ရပ်အရ ဝယ်ယူသည့် ပစ္စည်းတန်ဖိုးသို့ မဟုတ်လုပ်ငန်းတန်ဖိုးသည် ကျပ် ၃ သိန်းအထက် ဖြစ်ပါက အလီလီ ပေးချေငွေများကိုလည်း ပစ္စည်းလက်ဝယ်ရှိ အခွန်အတိုင်းပေးသွင်းရမည် ဖြစ်သည့်အပြင် နိုင်ငံခြားငွေဖြင့် ပေးချေခြင်းဖြစ်ပါက ပေးချေငွေအားလုံးအပေါ် အခွန်ကောက်ခံသွားမည်ဟု သိရသည်။ ၎င်းအပြင် ပစ္စည်းဝယ်ယူခြင်း ကိစ္စအတွက် L/C ဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာဘဏ်များက ပြည်ပမှ ဝယ်ယူသည့်ပစ္စည်းဖိုး ပေးချေငွေအပေါ် ကျသင့်သည့် ငွေမှနုတ်ယူ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထား တင်ပြနိုင်မှသာ လက်ခံဆောင်ရွက်ပေးတော့မည်ဟု ထပ်မံသိရကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။