10 December 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အနာဂတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အနာဂတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဋ္ဌ ဦးတင်ဦး နဲ့ VOA အင်တာဗျူး




ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ် ဆိုတဲ့အခါ အဖွဲ့ချုပ်အတွက် သိပ် အားတက်စရာဖြစ်ပါတယ်။ နောက် အဖွဲ့ချုပ်ကို ထောက်ခံတဲ့လူတွေ ဒီမိုကရေစီ လိုလားတဲ့လူတွေကလည်း အင်မတန် အားတက် ဝမ်းသာ ဖြစ်ကြပါတယ်။ အဲဒီလို စိတ်ဓါတ်ရေးရာ အရှ့အားတက်စရာ ဖြစ်လာတဲ့အပြင် လက်တွေ့ နိုင်ငံရေးအားဖြင့်ရော ဘယ်လိုများ တိုးတက်ပြီးတော့ လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း တွေ့ရပါသလဲ။

ဦးတင်ဦး ။ ။ အများကြီး တိုးတက်ပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတာထက်စာရင် သူရဲ့ဆောင်ရွက်ချက်က အင်မတန် ကြီးမားပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော သူရဲ့နိုင်ငံရေးရုပ်လွှာ၊ ရုပ်ထု၊ ဥပဓိရုပ်ဟာ အင်မတန် ကြီးမားလာပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီလူ့အခွင့်အရေး ရုပ်ပုံလွှာ အင်မတန် ကြီးမားလာပါတယ်။ သူဒီလို စပြီး ၈၈ ခုနှစ် ပါဝင်တုန်းကတော့ ပြည်သူလူထုတွေ ကြားထဲမှာတော့ သူဟာ ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်အနေနဲ့ ဒီမိုကရေစီအင်အားစုက ပါလာတယ် ဆိုတဲ့ သဘောကြောင့်သာလျှင် ကျနော်တို့ ဝမ်းပမ်းတသာ တွေ့ကြပြုကြနဲ့ ကြိုဆိုကြတယ်။

ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်ရွက်ချက်တွေက သူရဲ့အသက်ကို စွန့်ပြီးတော့ အန္တရာယ်ကြီးမားစွာကို ရင်ဆိုင်ပြီးတော့ သူရဲ့ကိုယ်ကျိုး လုံးဝစွန့်ပြီးတော့ သူ့အဖေ တည်ဆောက်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံတော်၊ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြန်ပြီးတော့ သမိုင်းပေး တာဝန်အရှ့ထမ်းဆောင်ရမယ် ဆိုပြီးတော့ ဆက်လုပ်လာတာကိုက ပြည်သူလူထု တရပ်လုံးက မျက်ဝါးထင်ထင် တွေ့ရတဲ့အခါမှာ အရင်ကြိုဆိုသလို မဟုတ်တော့ဘူး။ လူငယ်အများစုဟာ အစုလိုက်အပြုံလိုက် ပါလာပြီးတော့ သူကို အမေ လို့ ခေါ်ကြတဲ့အထိ ယုံကြည် ကိုးစားပြီးတော့ အားကိုးလာတာတွေကို တခဲနက်ပြသလာတာဟာ ထင်ရှားလာပါတယ်။ လွတ်လာတဲ့ နောက်ပိုင်း အင်မတန် အံ့သြဖို့ကောင်းတာတွေက ဒီအနားမှာရှိတဲ့ ပဲခူးတို့၊ အင်တိုင်းတို့ စတဲ့ နေရာတွေမှာရှိတဲ့ တပ်မတော်သားတွေထဲက တချို့ မိသားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို လာပြီး တခဲနက် ကြိုဆိုတာကို ထောက်ရှုခြင်းအားဖြင့် တပ်မတော်သားပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမေ လို့ ယုံကြည်လာပြီးတော့ တခါတည်း အားကိုးတကြီးနဲ့ ဖြစ်လာတဲ့ဟာက ပိုပိုပြီး ထင်ရှားလာတာကို တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ခေါင်းဆောင်အင်္ဂါရပ်လည်း ပိုမိုပေါ်လွှင်လာတယ်၊ ပြည့်စုံလာတယ်။ ပြည်သူကလည်း အားတက်ထောက်ခံမှုတွေ အများကြီးပေးလာကြတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုလောလောဆယ်မှာတော့ လူ့သားချင်းစာနာထောက်ပံ့တဲ့ လုပ်ငန်းတွေ များသောအားဖြင့် လုပ်နေတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလုပ်ငန်းတွေကို အဓိကလုပ်နေတာကို တွေ့ရပါတယ်။ ပုံမှန်နိုင်ငံရေး လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်မယ့် အလားအလာ ရှိပါသလား။

ဦးတင်ဦး ။ ။ သိပ်ရှိတာပေါ့။ ပြည်သူလူထုက ကျနော်တို့ တပ်ထဲမှာ ၂ နှစ်လောက် caretaker government အာဏာယူပြီးတော့ လုပ်တာတောင်မှ ပြည်သူလူထုတွေရဲ့စိတ်ဓါတ်တွေဟာ နောက်ပိုင်း ချုပ်ကြည့်လိုက်တဲ့အခါမှာ ဒီတပ်မတော်သားတွေရဲ့အပိုင်းပိုင်းတွေမှာ စိုးမိုးမှုတွေ၊ လွှမ်းမိုးမှုတွေ၊ အာဏာထူထောင်မှုတွေ၊ နောက်ပြီးတော့ လက်နက်အားကိုးမှုကိစ္စတွေက အဲဒီတုန်းက အပြအသ လေးတွေဖြစ်လာတာ ရှိပြီးတော့၊ ကျနော်တို့ ၁၉၆၀ ခု ရွေးကောက်ပွဲမှာ ပြည်သူလူထုက တခဲနက် ဒီမိုကရေစီလမ်းကြောင်းကို ရွေးလိုက်ပြီပဲဗျ အဲဒီတုန်းက ဦးနုက တခဲနက် မဲရသွားတာပဲ။ ပြည်သူလူထုရဲ့စိတ်ဓါတ်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်လို့ တကယ်လိုချင်တဲ့စိတ် အမှန်ရှိနေပါတယ်။ တနည်းအားဖြင့်ဆိုရင် လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တာကို ဆောင်ကျဉ်းနိုင်မယ့် အစိုးရတရပ်ကို မြန်မြန်ပေါ်ထွန်းလာအောင် ဖြစ်စေချင်တဲ့ ဆန္ဒဟာ ကြီးမားနေပါတယ်။

တိုင်းရင်းသားတွေအားလုံးကလည်း အလားတူ သူတို့ဘဝနဲ့ ပတ်သက်တဲ့အပိုင်းမှာ ဒီအခြေအနေမှာ ပိုပြီးတော့ကာ သူတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ သူတို့ရဲ့တန်တူရည်တူရရေး ဆိုတာတွေကိုလည်း တခဲနက် တောင့်တလာတာဟာ ပြင်းထန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပိုမိုပြီး ပြင်းထန် ထက်မြက်လာတယ်ဆိုတဲ့ အရိပ်အမြွတ်တွေက ထင်ရှားလာတယ်အတွက် ဒါကြောင့်မို့ ကျနော်တို့ဟာ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံဖြေရှင်း အဖြေရှာပြီး လုပ်ကိုင်သွားရင် ဒီထွက်ပေါက်ဟာ အကောင်းဆုံးလမ်းပေါက် ဖြစ်တယ်ဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြောနေပေမယ့် လက်ရှိ အာဏာရှ့စစ်အစိုးရကတော့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စကို လုံးဝမပြောဘဲနဲ့ သူတို့ စိတ်တိုင်းကြ ရွေးကောက်ပွဲ ကျင်းပပြီးတော့ သူတို့လမ်းစဉ်အတိုင်း သူတို့သွားဖို့ ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာ တွေ့ရပါတယ်။ ဒီနှစ်ခုက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ဖြစ်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။

ဦးတင်ဦး ။ ။ အခြေအနေ အခုနေအတိုင်းမှာတော့ ဦးကျော်ဇံသာတို့ မြင်တဲ့အတိုင်းပဲ သူတို့ကလည်း လမ်းစဉ် (၇) ချက်ချပြီးတော့ road map (၇) ချက်နဲ့ သွားနေတာကတော့ သူတို့အစီအစဉ်အတိုင်း သွားနေတာကတော့ မှန်ပါတယ်။ သို့သော်လည်း အဖြေကို ရောက်လာနိုင်ဖို့ဆိုတာကတော့ဖြစ်ရင် ဒီရွေးကောက်ပွဲမှာ မပါနိုင်တဲ့ လူတွေ၊ ရွေးကောက်ပွဲကို ပါဝင်ခွင့် မရတဲ့လူတွေ၊ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ဆန္ဒဟာ တဖြည်းတဖြည်း အေးချမ်းငြိမ်းချမ်းစွာနဲ့ ပြသ ဖော်ထုတ်လာခြင်းအားဖြင့်လည်း တဖြည်းဖြည်း ဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ်ကို ရောက်လာပြီးတော့ ဆွေးနွေး အဖြေရှာလာနိုင်မယ်ဆိုတာကို ကျနော်တို့က ယုံကြည်ပါတယ်။

အခုလည်းပဲ ရွေးကောက်ပွဲပြီးတယ် ဆိုရင် လွှတ်တော်ဟာ ရက် (၉၀) ဆိုတော့ - ရက် (၉၀) တောင် စောင့်ချင်မှစောင့်မှာ။ ဆိုလိုတာက အခု လိုက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ညှိတာတွေ၊ ပြုတာတွေ။ နောက်ပြီးတော့ သူတိုလည်း ထိုက်သင့်အားလျှော်စွာ သူတို့နည်းသူတို့ဟန်နဲ့ စည်းရုံးတာတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး အသားလေးနည်းနည်း ကျလာရင်တော့ ရက်ပေါင်း (၉၀) မတိုင်ခင်မှာ လွှတ်တော်လည်း ခေါ်ချင်ရင်ခေါ်မှာ။ သို့သော် လွှတ်တော်ခေါ်ပြီးတဲ့အခါမှာ နိုင်ငံတော်အစိုးရှ့ဖွဲ့စည်းရေး အခင်းအကျင်းနဲ့ သူတို့လုပ်ပိုင်ခွင့် ဘယ်လောက်အထိ ပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူတို့က တကယ် ဒီမိုကရေစီကို ယုံကြည်တယ် ဆိုပြီးတော့ တကယ်တမ်း ဖြစ်လာရင် ကျနော်တို့ကလည်း တကယ် ဒီမိုကရေစီကို ယုံကြည်တဲ့လူတွေ ဖြစ်တဲ့အတွက် ဒီနေရာမှာ တူညီတဲ့မူပေါ်မှာ အဖြေရှာမယ် ဆိုရင် ရနိုင်စရာရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီကို ယုံကြည်တယ် ဆိုတာကတော့ ပြည်သူ ဘယ်သူကမှ သံသယ မရှိကြပါဘူး။ ကမ္ဘာသူကမ္ဘာသားတွေလည်း သံသယ မရှိကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို လက်ရှိ အုပ်စိုးနေတဲ့ ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီကို ယုံကြည်တယ်ဆိုတာကတော့ လူတိုင်း သံသယ ရှိနေကြပါတယ်။ ဆိုတော့ လက်ရှိခေါင်းဆောင်တွေ လက်ထက်မှာ ဖြစ်နိုင်ပါ့မလား။ တွေ့ဆုံဆွေးနွေးရေးက ဒီမိုကရေစီ လိုလားသူအချင်းချင်းသာ တွေ့ဆုံဆွေးနွေးရေး အလားအလာရှိတယ်ဆိုတော့။ လွှတ်တော်ခေါ်ပြီးတော့ ဖွဲ့စည်းလာတဲ့ အစိုးရမှာ ဘယ်လောက်လုပ်ပိုင်ခွင့် ရှိလာမယ်၊ သူတို့နဲ့ လက်တွဲပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်နိုင်၊ ဆွေးနွေးနိုင်မယ့် အလားအလာ ရှိပါသလား။

ဦးတင်ဦး ။ ။ အခု ဖွဲ့စည်းပုံဥပဒေကတော့ ဦးကျော်ဇံသာ သိတဲ့အတိုင်းပဲ ဒီမိုကရေစီဘက်ကို အရိပ်အရောင်ပြတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှ မဟုတ်ဘဲ။ အဲဒါနဲ့ ပတ်သက်တာ အားလုံးကလည်း သူတို့ ဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်လာမယ်၊ ပြုလာမယ့် ကိစ္စရပ်တွေမှာ လုပ်ပေးခြင်းအားဖြင့် ပိုမိုပြီးတော့ ထူးခြားလာမယ့်ဟာ ရှိလာအုံးမယ်လို့ မထင်ဘူး။ အခုန ဦးကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီဟာကတော့ တခေတ်ကလေး one term လောက် သွားချင်လည်း သွားမလား မသိဘူးလား မသိဘူး မပြောတက်ဘူးပေါ့။ သို့သော်လည်းပဲ အခု အခင်းအကျင်းကတော့ လက်မပဲ ဘယ်လောက်ထောင်ထောင်၊ ဘယ်လောက်ပဲလုပ်လုပ် လွတ်လပ်တဲ့ အခင်းအကျင်းကတော့ ပုံစံမမှန်ဘူး။ မမှန်ဘူးဆိုလို့ရှိရင် အဲဒီခေတ်အခါမှာ အခြေအနေဟာ တမျိုးတမည်တော့ ဖြစ်ပေါ်လာနိုင်စရာ ရှိတယ်လို့လည်း ကျနော်တို့က တွက်ဆထားတာရှိတယ်။

အဲဒါကြောင့်မို့လို့ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အင်အားစုတွေအနေက ယခုထက်ထိ ရှိခဲ့တဲ့ အင်အားစုတွေအတိုင်းပဲ ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းနဲ့ ပိုပြီးစည်းရုံးနိုင်အောင် လုပ်ထားမယ်။ အခြားအခြားရှိတဲ့ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ ကျစ်ကျစ်လစ်လစ် ကျနော်တို့ဘာသာ လုပ်ထားမယ်။ အဲဒီလောက် လုပ်နိုင်ဖို့ ကျနော်တို့က လုပ်ငန်းနဲ့ ပြမယ်ပေါ့။ လုပ်ငန်းနဲ့ပြမယ်ဆိုတော့ အခုတော့ လူမှုရေး ဘာညာခေါ်နေပေမယ့် တကယ်တော့ ဒါဟာ နိုင်ငံရေး။ လုပ်ငန်းနဲ့ ပြတဲ့အပိုင်းမှာ ဥပမာဆိုရင် တိုင်းသူပြည်သားတွေနဲ့ ပတ်သက်လို့ ဂီရိ လို ဟာမျိုး ဖြစ်နေတယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ တက်နိုင်သမျှ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး လုပ်နိုင်တဲ့ ဟာမျိုးကို ထိထိရောက်ရောက် စွမ်းပကားရှိသလောက် လုပ်ပြတာမျိုးတွေ လုပ်ပြမယ်။ အလားတူပဲ တခြား လူမှုရေး အထောက်အပံ့ဖြစ်တဲ့ ကိစ္စအရပ်ရပ်တွေ၊ တခြား ကျနော်တို့ ဆောင်ရွက်စရာရှိတဲ့ လူမှုရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အမြင်နဲ့ ပတ်သက်လို့ အင်မတန် ကျယ်ပါတယ်။

အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုထဲမှာ ကျနော်တို့ ဝင်ပြီး ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထု ပိုပိုပြီးတော့ လုပ်ကိုင်ပေးနိုင်တယ့် ပုံတွေ ပေါ်လာတာကို မြင်ရင်ဖြစ်ရင်တော့ဖြင့် ဒီအင်အားစုနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ရှေ့သွားခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း ဖြစ်လာမှာပဲလို့ ယုံကြည်လာတဲ့ အချိန်ရောက်ရင်တော့ အဲဒါဆိုရင်တော့ စားပွဲဝိုင်းကို ရောက်လာနိုင်တဲ့ အကြောင်း ရှိတယ်ပေါ့။ သို့သော်လည်း လက်ရှိ ဗိုလ်ချုပ်ကြီးများအနေနဲ့ကတော့ ဒီလို အမြင်မျိုးကို ရရှိနိုင်အုံးမယ်လို့ မထင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ - နောက်တခု တချက်ကလည်း ဒီလိုဗျ သူတို့ စိုးရိမ်ပူပန်ကြောင့်ကြတဲ့ဟာကိုလည်း ကျနော်တို့က ပြည်သူလူထုအနေနဲ့ မကြောက်ရအောင်၊ မကျရအောင် နည်းနည်းပြရမယ်။ ပြုရမယ့် သဘောလည်း ရှိတယ်။ ဆိုပါတော့ သူတို့ဒါနဲ့ ပတ်သက်ပြီးလို့ရှိရင် ဆက်လက်ပြီးတော့ အရေးယူခံရမလား။ နောက်ပြီးတော့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ စီးပွားရေး ပတ်သက်တာတွေကို သူတို့ ထိပါးမလား။

အဲဒါတွေနဲ့ ပတ်သက်တာတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ ပြည်သူလူထုပိုင်းကလည်း ထိုက်သင့်အားလျှော်စွာ ကျနော်တို့ အာမခံချက်မျိုးရှိလို့ ယုံကြည်နိုင်လောက်တဲ့ အချိန်မျိုး ဖြစ်ရင်လည်း တဖြည်းဖြည်းနဲ့ နီးစပ်လာနိုင်စရာအကြောင်းတွေ ရှိလာနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နိုင်ငံရေးကိစ္စအဝဝ အရာရာကို ဒီလိုပဲ အင်အားနဲ့ လက်နက်နဲ့ သုံးပြီးတော့ ဖြေရှင်းတာဟာ နှစ်ပေါင်းလည်း (၆၀) ကျော်လာပါပြီ။ ကျနော်တို့လည်း ငယ်ငယ်က ကြီးလာတာ တောက်လျှောက်ပဲ ဘယ်သောအခါမှ အောင်မြင်တယ်၊ ပြီးဆုံးသွားတယ် မဖြစ်ခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စောစောက ဦးတင်ဦး ပြောတဲ့အထဲမှာ ပြည်သူဘက်ကလည်း ခွင့်လွှတ်မယ်၊ သူတို့က သူတို့လုပ်ထားတဲ့ ကိစ္စအတွက် အရေးယူခံရမှာ စိုးရိမ်တဲ့အပိုင်းလည်း ရှိတယ်ဆိုလို့ တခုမေးချင်ပါတယ်။ ဒီပဲယင်းကိစ္စ။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်လို့ အခုအခါမှာ အဓိက ခံခဲ့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးစလုံးလည်း လွတ်မြောက်လာပြီ ဆိုတော့ တချို့  အမှန်တရား ဖော်ထုတ်ဖို့။ ဒီပဲယင်း ကိစ္စကို လုံးဝ သင်ပုန်းချေပြီးတော့ ခွင့်လွှတ်လိုက်မယ့် သဘောလား။ အမှန်တရား ဖော်ထုတ်ဖို့ အစီအစဉ်များ ရှိပါသလား။

ဦးတင်ဦး ။ ။ ဒီလိုဗျ။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မူထဲမှာ၊ ခေါင်းထဲမှာကတော့ ကျနော် သေချာသိပါတယ်။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ခေါ်တွေ့တဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အားလုံးကို ချေလိုက်ပြီ။ ဒါနဲ့ ပတ်သက်လို့ အားလုံးကို ဘယ်သူမှ သဘောမထားဘူး။ တကယ် စိတ်ရင်း အမှန်နဲ့ ပြောတာ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားက ကျမဟာ ကျမတို့ဘက်က သေတဲ့လူ၊ ခံရတဲ့လူတွေကို ကျေနပ်အောင် ကျမအခုလို သဘောထားတာကို ကျေနပ်အောင် ပြောရရင် ကျမပင် အန္တရာယ် ရှိပါတယ်။ သို့သော် အန္တရာယ်ရှိပေမယ့်လည်း ဒါကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုတဲ့ သဘောထား ရှိတယ်ဗျ။ အဲဒါကတော့ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တဲ့တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နောင်ရေး။ မြန်မာနိုင်ငံ အာဏာပိုင်တွေက တရားမဝင်တော့ဘူးလို့ ပြောထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် ရပ်တည်ခွင့်ရှိဖို့ ဥပဒေနည်းအရှ့ကိုးစားနေတယ်ဆိုတာကို သိရပါတယ်။ ဥပဒေနည်းအရှ့နဲ့ နိုင်ငံရေးအရှ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှင်သန်နိုင်မယ့် အခြေအနေအလားအလာ ဘယ်လောက်ရှိပါသလဲ။

ဦးတင်ဦး ။ ။ ရှိတာပေါ့။ ကျနော်ပြောမယ် နောက်ဆုံးတင်ထားတဲ့ ကိစ္စအဝဝကလည်း ပယ်တာပဲ။ ပယ်မှာပဲ။ အဲဒီလောက်အထိ ကျနော်တို့ တွက်ထားပြီးတော့ မှတ်တမ်းမှတ်ရာ အနေနဲ့ ကျနော်တို့ဘက်က ဘယ်လောက်အထိ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကျနော်တို့ ပြသသွားခဲ့ပါပြီ။ ကျနော်တို့ အဖွဲ့အစည်းက ရပ်တည်နေတာပဲ။ ကျနော်တို့ရဲ့အန်အယ်လ်ဒီ identity ရှိတယ်ဆိုတာပဲ ကျနော်တို့ ရပ်တည်နေတာပဲ။ အဲဒီတော့ ဘယ်သူ ဘာပြောပြော ရပ်တည်နေမှာပဲ။ အဲဒီတော့ အဖွဲ့အစည်းဆိုတာ ရှိတယ်။ ဒီလို သွားရမှာပဲ။ တခုတော့ရှိတယ် အလံတို့၊ ဆိုင်းဘုတ်တို့၊ ရုံးတို့ ရှိချင်မှ ရှိမယ်။

ဒါပေမဲ့လို့ ရှိခြင်းလည်း ရှိသွားနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေအနေ ကြည့်ရတာကတော့ ဒီနေ့ အဖွဲ့ချုပ်ကို သူတို့ ပျက်ပြယ်ပြီးလည်း ပြောတယ်။ ဖျက်သိမ်းပြီးပြီလို့လည်း ပြောတယ်။ ဖျက်သိမ်းပြီးပြီဆိုတဲ့ နောက်ပိုင်းမှာ အခု ကျနော်တို့ကို ဆက်ဆံတဲ့ အနေအထားက အရင်ဆက်ဆံတာထက်တောင် လျော့ပါးတဲ့သဘော ရှိတယ်။ လျော့ပါးတဲ့ဆိုတာ လုံခြုံရေးပြောတာ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လိုက်ပြီးတော့ လုပ်တာပြုတဲ့ အနှောက်အယှက်က အရင်ကထက်စာရင် နည်းနည်း ပါးတယ်။ အဲဒီ သဘောလေးတွေ တွေ့ရတယ်။ တခုတော့ရှိတယ်။ သိပ်ပြီးတော့ အချိုလိုက်နေပြီး နောက်မှ ပိတ်လုပ်လိုက်လေမလား။ ဒါကိုတော့ ကျနော်တို့လည်း တွက်ထားတာပေါ့။ ဘယ်လောက်ပဲ ပိတ်လုပ်လုပ် ကျနော်တို့အနေနဲ့ ပြည်သူလူထုထဲမှာ ရှိနေမယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်က အခု လွတ်လာတဲ့အချိန်မှာ အားလုံးရှိတဲ့ ဒီမိုကရေစီကွန်ယက်လို့ ပြောတာ ဖြစ်တယ်။

သတင်း...VOA