09 December 2010

ထိုင်းလုပ်ငန်းရှင်တဦးမှ တောင်ယာအလုပ်သမားတဦးအား သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဝါးစကင်းအနီးမှနောင်ဘို ရွာတောင်ယာလုပ်ငန်းခွင်၌ ယနေ့နံနက် ၉း၃၀အချိန်ခန့်တွင် ထိုင်းလုပ်ငန်းရှင်မှ ၄င်း၏တောင်ယာတွင်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ မဲဆောက်မြို့ ဝါးစကင်းအနီးမှ နောင်ဘိုရွာ ထိုင်းလူမျိုးပိုင် တောင်ယာလုပ်ငန်း ခွင်တွင် ပဲရိတ်သိမ်းနေသော မြဝတီမြို့မှ အလုပ်လာရောက်လုပ်ကိုင်လျှက်ရှိသည့် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားတဦးအား သေနတ်ဖြင့်ပစ်ခြင်းဖြစ်သည်။ ပဲစိုက်ခင်းတွင် ပဲရိတ် သိမ်းလျှက်ရှိသော မြန်မာအလုပ်သမားများအချင်းချင်း စကားပြောရင်းအလုပ်လုပ်နေချိန် တွင် ပိုင်ရှင်ဖြစ်သူမှ အလုပ်ကို မြန်မြန်လုပ်ရန်လာပြောရာ အလုပ်သမားများက ̏ လုပ်နေတာဘဲ˝ ဟုပြန်ပြောလိုက်ရာမှ ပိုင်ရှင်သူဌေးဖြစ်သူက သေနတ်ထုတ်၍ ပစ်ခတ် လိုက်ခြင်းဖြစ်သည်ဟု သေနတ်ပစ်ခံရသူနှင့်အတူ အလုပ်လုပ်ကိုင်နေသောအလုပ်သမား တဦးက ပြောသည်။

၎င်းလုပ်ငန်းခွင်မှ ပဲရိတ်သိမ်းလျှက်ရှိသော အလုပ်သမတဦးဖြစ်သူမှ ̏ကျမ တို့ အလုပ်ဆင်းချိန်က ၈နာရီပေါ့ အလုပ်သမားတွေအားလုံးပေါင်း ၅၈ယောက်ရှိပါတယ် ကျမတို့အလုပ်ဆင်းပြီး တနာရီကျော်ကျော်လောက်မှာ သူဌေးကအလုပ်ကိုကောင်းကောင်း လုပ် စကားမပြောနဲ့ မြန်မြန်လုပ်လို့လာပြောတယ် ကျမတို့ အားလုံးအဒေါ်(သေနတ်နှင့် အပစ်ခံရသူ)လည်းပါတာပေါ့။ အဒေါ်ကလုပ်နေတာဘဲလေလို့ပြန်ပြောလိုက်တာကို သူက သေနတ်ထုတ်ပြီးပစ်လိုက်တာဘဲ ဖြစ်ဖြစ်ချင်းတော့ကျမတို့ ထွက်ပြေးကြတယ် နောက်တော့ပြန်လာကြည့်တော့ အဒေါ်ရဲ့ခေါင်းကိုထိသွားတယ် သွေးတွေလဲအများကြီး ထွက်နေတယ် ပြီးတော့ဦးနှောက်တွေတောင်ထွက်နေတယ် ခဏနေတော့ ဘယ်က ကားလဲတော့မသိဘူး ဆေးခန်းလိုက်ပို့ပေးမယ်ဆိုပြီးကားပေါ်တင်သွားတယ် အဒေါ်ယောင်္ကျားရယ် နောက်တယောက်ဘဲလိုက်ခိုင်းတယ် ကားပေါ်တင်ပြီးတော့ ခေါ်သွားပြီးမှ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ကိုလှမ်း အကြောင်းကြားတာ˝ ဟုပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသော အလုပ်သမားမှာ ဒေါ်ညို အသက်(၅၇)နှစ်ရှိသူဖြစ်ပြီး မြဝတီမြို့အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူလဲဖြစ်ကြောင်း သူမက ဆက်ပြောသည်။

သူမ ဆက်ပြောသည်မှာ ̏ ဒီနေ့မနက်ဘဲ သူဌေးကပြောတယ် မနက်ဖြန်ဆို ကျမတို့ လုပ်အားခတွေရှင်းပေးတော့မှာပါလို့ ဒီနေ့ အဒေါ်အခုလိုဖြစ်တာအရမ်းဘဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကြောင့်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကိုအကူအညီတောင်းတာပါ˝ ဟုပြောသည်။


၎င်း၏ပြောကြားချက်အရ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှကျောင်းသားဆေးခန်းနှင့် မဲဆောက်ဆေးရုံကြီးတွင် လိုက်လံစုံစမ်းရာမတွေ့ ရှိသေးဘဲ ပျောက်ဆုံးနေကြောင်းနှင့် ယခုဖြစ်စဉ်သည် ရာဇဝတ်မှုဖြစ်သောကြောင့် ထိုင်းရဲများအားအကြောင်းကြားပြီး ဆက်လက် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရောင်ခြည်ဦးရုံးမှ ဥပဒေရေးရာတာဝန်ရှိသူ ဦးမြင့်ဦးမှပြောကြားသွားခဲ့ပါသည်။

သတင်း ပေးပို့ ပေးသူ ..... နောင်နောင်(ရောင်ခြည်ဦး).။