26 September 2010

စင်ပေါ်တက် လက်ဝှေ့ထိုးနေကြပေမယ့် သူတို့ တွေဟာ မြန်မာအမျိုးသမီး စစ်စစ်


ဩစတြေးလျနိုင်ငံတွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာပြည်ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြူကြူသင်း


သူတို့ဆီက အားပြင်းတဲ့လက်သီးချက်တွေ ထွက်လာတိုင်း လက်ဖျံတစ် လျှောက် တွဲလွဲခိုနေတဲ့ ချွေးသီးတွေက ဖွာခနဲ။

လက်မောင်းနဲ့ ခြေသလုံး ကြွက်သားတွေက အပြင်းအထန် လေ့ကျင့် ထားမှုကို သက်သေပြရင်း ပရိသတ်ရဲ့ဝေးခနဲ အော်သံအောက်မှာ သူတစ်ပြန် ကိုယ်တစ်ပြန် အနိုင်ရဖို့ အကြိတ်အနယ်ကြိုးစားနေတဲ့ ကြိုးဝိုင်းထဲက သူတို့နှစ်ယောက်။

သူတို့တွေကတော့ နယ်လီနဲ့ အေးမြတ်လွင်။

"ရွှေရဖို့မျှော်လင့်ထားတယ်။ အနိုင် အရှုံးခံစားချက်နှစ်ခုစလုံး သိပြီးပြီဆို တော့ အနိုင်ရဖို့ပဲ ကြိုးစားနေတယ်။ ရှုံးတုန်းကလည်း မျက်ရည်ကျတဲ့ အထိ ခံစားခဲ့ရတာဆိုတော့ ထပ်မရှုံးချင်တော့ဘူး"လို့ နယ်လီက ယှဉ်ပြိုင် ထိုးသတ်မှုအပြီးမှာ ပြောပါတယ်။

အဆန်းအသစ်တွေ အပြိုင်အဆိုင် ပေါ်ထွက်လာတဲ့ ခေတ်မီအလှကုန် အသုံးအဆောင်တွေကို လှည့်မကြည့်၊ ခန္ဓာကိုယ်လှပစေဖို့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးစုံကို လျစ်လျူရှုလို့ စင်ပေါ်တက် လက်ဝှေ့ထိုးနေကြပေမယ့် သူတို့ တွေဟာ မြန်မာအမျိုးသမီး စစ်စစ် တွေပါ။

ရတနာပုံတက္ကသိုလ်က ပထမနှစ် မြန်မာစာကျောင်းသူလေးတစ်ဖြစ်လဲ မန္တလေးတိုင်း ကိုယ်စားပြု လက်ဝှေ့ ကျော် နယ်လီက သူ လက်ဝှေ့စထိုးခဲ့ပုံကို "အဖေ့သူငယ်ချင်းက လက်ဝှေ့ နည်းပြဆိုတော့ လက်ဝှေ့အကြောင်းတွေ နားထောင်ရင်းနဲ့ ထိုးဖြစ်သွားတာ"လို့ ပြောပြတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့သူဖြစ်ပြီး အသက် ၁၆ နှစ်ကတည်းက လက်ဝှေ့ စထိုးကာ အခုအသက် ၁၉ နှစ်အထိ သုံးနှစ်အတွင်း ပြည်တွင်းလက်ဝှေ့ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်အထိ ရခဲ့ဖူးတယ် လို့လည်းဆိုလေရဲ့။

"အမေက စစထိုးချင်းတုန်းက လုံးဝ သဘောမတူဘူး။ နောက်ဆုံးတော့ ကိုယ့်သားသမီး စိတ်ချမ်းသာဖို့ ခွင့်ပြုလိုက်ရတာပါပဲ။ ဒါပေမယ့် ပြိုင်ပွဲမှာ ရှုံးတုန်းကတော့ 'အမြဲတမ်းပုံသေမတွက်နဲ့၊ ဘ၀ဆိုတာ ဒီလိုပဲဆိုပြီး' အားပေးတယ်။

"မောင်လေး ညီမလေးတွေက လက်ဝှေ့ထိုးပြီး ပြန်လာလို့ ညိုမည်းလာပြီဆိုရင် ငိုကြရော။ သူတို့က ဆက် မထိုးဖို့ပဲ ပြောကြတာ။ သနားလို့တဲ့။ လက်ဝှေ့ဆိုတာ အားကစားတစ်ခုမှန်း သူတို့ နားလည်အောင် တော်တော် ရှင်းပြရတယ်"လို့ပြောတဲ့ နယ်လီဟာ သူ့ကို ဘယ်သူတွေ ဘယ်လိုပဲ တားတား မြန်မာ့လက်ဝှေ့လက်ရွေးစင် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ သူ့ရည်မှန်းချက်ကို ဖွင့်ဟတယ်။

ဒါပေမယ့် လက်ဝှေ့အားကစား သမားတစ်ယောက် ဖြစ်ဖို့ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ပြင်းပြတဲ့ စိတ်ဓာတ်၊ သက်လုံကောင်း ကောင်းနဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လိုအပ်သလို အဲဒီလိုဖြစ်အောင်လည်း လေ့ကျင့်ရတာမို့ သူတို့တွေကို စိတ်ဓာတ် ကြမ်းတမ်း လာတာမျိုးဖြစ်စေသလား။

"အရင်ကထက် ရန်ဖြစ်ချင်တဲ့ စိတ်တွေတောင် လျော့သွားသေးတယ်။ကြိုးဝိုင်းထဲမှာတောင် အချိန်ပြည့်ပြီ ဆိုတာနဲ့ ပြိုင်ဘက် မဟုတ် တော့ဘူး။ သူငယ်ချင်းဖြစ်သွားပြီ။ အပြင်မှာဆို ငြင်းခုံချင်တဲ့စိတ်တောင် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် အံ့ဩနေ တယ်" လို့ ရှင်းပြသည်ဟု မြန်မာတိုင်းစ်ဂျာနယ်
တွင် ဖော်ပြပါရှိသည်.။