26 July 2010

စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါက်တာနေ၀င်းမောင် ထောက်ခံသလား

ဇူလိုင် ၁၂ ၇က်ထုတ် The Voice ဂျာနယ်မှာ ဒေါက်တာ နေ၀င်းမောင်ရဲ့ ကလောင်ခွဲ အောင်ထွဋ်ရေးတဲ့ ဖွဲ့စည်းပုံကို ဝေဖန်တဲ့ ဆောင်းပါး ပါပြီး မကြာခင် The Voice ဂျာနယ်ကို ၂ ပတ် အပိတ်ခံ ရတယ်လို့ ကြားရပါတယ်။

ဒီနေရာမှာ မှတ်ရ လွယ်အောင် ဆောင်းပါးရှင်ကို ဒေါက်တာ နေ၀င်းမောင်လို့ဘဲ ညွှန်းပါရစေ။ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံသူ၊ စစ်အစိုးရနဲ့ နီးစပ်သူလို့ အများက အသမုတ် ခံနေရတဲ့ ဒေါက်တာ နေ၀င်းမောင် ဘာကြောင့် Concept နဲ့ Process ဆောင်းပါးမျိုး ရေးသလဲဆိုတာ စိတ်ဝင်စားဘို့ ကောင်းပါတယ်။

သူ့ဆောင်းပါးကို အနှစ်ချုပ် ကြည့်ရင် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာ သမ္မတကို ဗီတိုအာဏာ ပေးမထားပေမဲ့ သမ္မတ မကြိုက်တဲ့ ဥပဒေကြမ်း တခုခုကို လွှတ်တော် ၂ ရပ်က တင်သွင်းလာရင် ၂၅ ရာနှုန်း စစ်ဗိုလ်အမတ် ၁၆၆ ဦးက ကန့်ကွက်မဲ ပေးကြမှာဖြစ်တယ်၊ ဒါကြောင့် သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ်ဆိုတာ (မဖြစ်နိုင်အောင် လုပ်ထားတာမို့) ဖွဲ့စည်းပုံမှာ ရေးမထားတဲ့ သမ္မတရဲ့ ဗီတိုအာဏာ ဖြစ်တယ်လို့ ရေးခဲ့တာပါ။

ဒီနေရာမှာ စာရေးဆရာ ဒေါက်တာ နေ၀င်းမောင်က ရွေးကောက်ပွဲ အပြီး ပထမဆုံး အရွေးခံရမဲ့ သမ္မတကို စစ်တပ်က ခေါင်းခေါက်ရွေးတဲ့ စစ်သားသမ္မတ မုချဧကန် ဖြစ်ရမယ်လို့ တထစ်ချယူဆပြီး ရေးထားတာကြောင့် စစ်အစိုးရ ၀ှက်ဖဲကို ထုတ်ပြသလို ဖြစ်သွားတဲ့ အတွက် စစ်အစိုးရကို နားရွက် တံတွေး ဆွတ်သလို ဖြစ်သွားပုံရပါတယ်။ တနည်းပြောရရင် သမ္မတ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောမကျတဲ့ ဥပဒေကြမ်းမျိုးကို စစ်ဗိုလ်အမတ် ၁၆၆ ဦးက လက်ခံမှာ မဟုတ်ဘူးလို့ ဒေါက်တာ နေ၀င်းမောင် မပြောရုံ တမယ် ရှိတာမို့ နအဖဘက်က ပိုပြီး စိတ်ခုသွားပုံရပါတယ်။

ဒါကြောင့် စစ်ဗိုလ်အမတ် ၁၆၆ ဦးရဲ့ ကန့်ကွက်မဲကို သမ္မတရဲ့ ရေးမထားတဲ့ ဗီတို (Default Veto) လို့ သုံးထားတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဘို့ နေနေသာသာ စစ်တပ်ကဘဲ ကြိုးကိုင် ထားမှာမို့ သာမန် ဥပဒေကြမ်းမျိုး ပြင်ဘို့တောင် စစ်တပ် သဘောမတူရင် မဖြစ်ဘူးဆိုတဲ့ သဘော ဆောင်သွားပါတယ်၊ ဒီမှာတင် စစ်အစိုးရ အနေနဲ့ အနာပေါ် တုတ်ကျ ဖြစ်သွားပုံရပါတယ်။

နောက်တချက်က သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ် ဆိုတာဟာ အရပ်သား အမတ် စုစုပေါင်းရဲ့ သုံးပုံ ၂ ပုံ ထောက်ခံဘို့ မဖြစ်နိုင်ဘူး- လက်တွေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တစညလို ပါတီတွေက အမတ်တွေ၊ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ မဟာမိတ်ပါတီ အမတ်တွေက အရပ်သား အမတ် အများစု ဖြစ်နေမှာမို့ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သားအမတ် ၃၃၃ ဦး လိုတယ်လို့ ဒေါက်တာ နေ၀င်းမောင် ဥပါယ်တမျဉ်နဲ့ ထောက်ပြတာကို စစ်အစိုးရက မျက်ထောင့် နီသွားတာ ဖြစ်နိုင်ပါတယ်။

ပိုပြီး စာဖတ်သူတွေ ရှင်းသွားအောင် ပြည်သူနဲ့ နိုင်ငံရေးပါတီတွေ သာမန်ထက် ပိုပြီး ညီညွတ်ကြမယ် ဆိုရင် အပြန်အလှန် ထိန်းကျောင်းမှု ရှိတဲ့ နိုင်ငံရေး စနစ်တခုကို အသေအချာ ခံစားရ ပါလိမ့်မယ်လို့ ဒေါက်တာ နေ၀င်းမောင် မှတ်ချက် ချတာဟာ လူထုကနေ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သား အမတ် ၃၃၃ ဦး ရအောင် စစ်အစိုးရ မထောက်ခံတဲ့ ပါတီတွေကို မဲဖိပေးရင် ကိုယ်လိုချင်တာ ရနိုင်တယ်လို့ ဆိုလိုရာ ရောက်နေတာမို့ ဒေါက်တာ နေ၀င်းမောင်ကို မဖမ်းတာဘဲ တော်လှပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။

ဒီမှာတင် ဒေါက်တာ နေ၀င်းမောင် ရေးတာတွေ လွဲနေပါတယ် ဆိုပြီး ပိတောက်မြေလို စစ်အစိုးရ ဘောင်းတော်ညိတ် ဘလော့ဆိုက်တွေက အူယားဖားယား လိုက်ရှင်းရတဲ့ အဖြစ် ရောက်သွားပါတယ်။

တကယ်တော့ ဒေါက်တာ နေ၀င်းမောင်ရဲ့ ဒီဆောင်းပါးဟာ ပြည်တွင်းမှာ နေပြီး ဖွဲ့စည်းပုံရဲ့ အပြစ် အနာအဆာကို ဥပါယ်တမျဉ်နဲ့ ထောက်ပြရုံမက လူထုကိုပါ လွှတ်တော်မှာ ပြည်သူအကျိုး လိုလားတဲ့ ပါတီတွေကို ထောက်ခံမဲ အပြတ်ပေးပါ ဆိုတဲ့ သဘော ရောက်စေတဲ့ ဆောာင်းပါးမျိုး ရေးတာမို့ ကြီးလေးတဲ့ အပြစ်ဒဏ် ခံရနိုင်တဲ့ အတွက် သတ္တိကို ချီးကျူးထိုက်ပါတယ်။

တဘက်ကလဲ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို ကာကွယ် ထားတဲ့ ပုဒ်မ ၁၀၀ နီးပါးကို ၂၅ ရာနှုန်း စစ်ဗိုလ်တွေရဲ့ ထောက်ခံမှု မရဘဲ ပြင်လို့ မရတာသာ ရှိပါတယ်- သာမန် ဥပဒေကြမ်းမျိုးကို ထက်ဝက်ကျော် မဲနဲ့ ပြင်နိုင် ပါတယ်လို့ ၀ါဒဖြန့်နေသူတွေ အားလုံးကို ဒေါက်တာ နေ၀င်းမောင်ပေးတဲ့ မက်ဆေ့က စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ သာမန် ဥပဒေကြမ်းမျိုးတောင် ပြင်ဘို့ မဖြစ်နိုင်ဘူးလို့ သွယ်ဝိုက် ပြောရာ ရောက်နေပါတယ်။

ဒီအချက်ကို ပိုပြီး ပီပြင်စေဘို့ အတွက် နောင်ကို ပညာရှင် အမျိုးမျိုးက စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှုထောင့် အမျိုးမျိုးက သုံးသပ်ရာမှာ ဒီကိစ္စကို သူအရင်ဆုံး မှတ်တမ်းတင်ခဲ့တာ သိစေချင်လို့ ရေးတာပါလို့ ဒေါက်တာ နေ၀င်းမောင်က ဆောင်းပါး နိဂုံးမှာ ရဲရဲ တင်းတင်း ရေးထားပါတယ်။

တကယ်တော့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလကားပါလို့ ပြောသူတွေ ပြည်တွင်း ပြည်ပမှာ မရေတွက် နိုင်ပေမဲ့ ဘယ်အချက်တွေဟာ တိုင်းပြည် အတွက် အဆိပ်အတောက် ဖြစ်တယ် စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ် အကျိုးကို ဘယ်လို ကာကွယ် ထားသလဲ ဆိုတာတွေကို ခွဲခြမ်း စိတ်ဖြာပြီး လူထုကို အသိပေးနိုင်သူက အတော် နည်းပါတယ်။

ဒေါက်တာ နေ၀င်းမောင်ဟာ တကယ်ဘဲ စစ်အစိုးရနဲ့ နီးစပ်သူလား- တကယ်ဘဲ အခြေခံဥပဒေ ၂၀၀၈ ကို သဘောကျ ယုံကြည်သူလား ဆိုတာ ကျွန်တော် မသိပါ။ ဒေါက်တာ နေ၀င်းမောင်ကိုလဲ မမြင်ဘူးပါ။

ဒါပေမဲ့ The Voice ဂျာနယ်ပါ အောင်ထွဋ် ဆောင်းပါးကတော့ စစ်အစိုးရ ဖွဲ့စည်းပုံကို ယုံကြည်သူလို့ ဒေါက်တာ နေ၀င်းမောင် ခံယူ ထားတာဟာ ပြည်တွင်းကနေ စစ်အစိုးရကို ပူးသတ်မဲ့ ကတ္တီပါ လက်အိတ် စွပ်ထားတဲ့ သံလက်သီး လားလို့တောင် မေးစရာ ဖြစ်နေပါတယ်။

လှတောသား