27 July 2010

ချင်းတွင်းမြစ်ကို အမှီသဟဲပြု၍ ဝမ်းစာရှာကြရသူတို့၏ ဘဝရုပ်ပုံလွှာ


ဒီလို မိုးလရာသီမှာ ဆိုရင် ချင်းတွင်းဟာ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း ဖြစ်လာခဲ့ပြီ။ လှိုင်းတွေထန်၊ လေတွေထန်၊ ရေတွေကပါ အဆမတန် ဒေါသကြီးနဲ့ ရမ်းကားပြင်းထန်လို့။ ချင်းတွင်းရဲ့ သဘောသကာယ ကောင်းမွန်ချိုမြတဲ့ အခွင့်အရေးကို အမိအရ အသုံးချပြီးတော့ ဝမ်းစာမဟုတ်တဲ့ မီးလျံနာလုပ်ဖို့ စိတ်ကူးရကြသူတွေ ကတော့ ဒီဇင်ဘာလ ရောက်ရင်ပဲ ချင်းတွင်း ရင်ခွင်ကို အတင်းအဓမ္မ ဖြဲခွဲလို့ သားစဉ်မြေးဆက် လက်မထောင်နိုင်မည့် အလုပ်ကြီး အကိုင်ကြီးတွေကို စွန့်လွှတ်စွန့်စား ရွက်လွှင့်ခဲ့ကြတယ်။

အဲဒီလို ဆောင်းလရာသီ ရောက်ရင် အပြင်းအထန် ဒေါသမာန်တွေ ဆောင့်တက်လေ့ရှိတဲ့ ချင်းတွင်းဟာ လူကြမ်းလေး မဟုတ်တော့ပေဘူး။ ယောဂီလိုတောမှီတဲ့ ခန္တီစရိုက်ကို အလိုက်အထိုက် ပွေ့ ပိုက်ရင်းနဲ့ မာန်မရှိတော့ဘူး။ ဒေါသဆိုတာ မသိတော့ပေဘူးလေ။ ဒီလိုအချိန်အခါ ရောက်လာတော့မှပဲ လောဘဇောတွေ ပိတ်ဆည်း လက်ကိုင်ပြုနေကြတဲ့ ဖြတ်လမ်းလိုက်ကြတဲ့ သူတွေက ချင်းတွင်းရဲ့ အသည်းကလီဇာတွေကို မညှာမတာ ထုတ်ယူကြရင်း လက်မထောင်ပြဖို့ ကြိုးစားကြတယ်လေ။

ချင်းတွင်းမြစ်ပြင်ပေါ်က သယံဇာတတွေကို ကလေးဝမြို့နယ်ထဲက မစိန်မှော်ကနေ လက်တစ်ဆုံး နှိုက်ထုတ်ခဲ့ကြပြီးပြီ။ မြစ်ပြင်ပေါ်မှာ မော်တော်တွေ ခေါင်းချင်းဆိုင်လို့ တစ်ဖုံရနိုင်သမျှ တူးဆွဖွေရှာခဲ့ကြတာ နှစ်တွေတောင်မှ အိုမင်းရင့်ရော်ခဲ့ရပေါ့။ ချင်းတွင်း ရေကို သောက်မျိုရင်းနဲ့ပဲ တစ်ခြုံကွယ်တစ်မယ် မေ့ခဲ့ကြတဲ့ ရွှေလောပန်း ဝိသမကောင်တွေက အခုဆိုရင် ချင်းတွင်းရဲ့ အလှည့်အပြောင်းကို ကျီဆယ်သလို ကလူဤသို့ မြူ၏သို့နှယ် အရှက်ကျောပြတ်သလို မျက်နှာများခဲ့ကြပြန်ပြီ။

မစိန်မှော်မှာ အခြေအနေ မဟန်တော့တဲ့နောက် ရွှေမာယာသည်ပီပီ အခုတော့လည်း တံငါမှော်တဲ့။ ဖြစ်သွားရတာ ကို ပြောချင်တာပါ။ အဲ့ဒီ တံငါမှော်ဆို တာက ဖောင်းပြင်မြို့နယ်ထဲမှာ ရှိတာကလား။ ကလေးဝမြို့နယ်ရဲ့ အောက်ဘက်ကျောမှာလေ။ ရိုက်ချက်တွေ ပြောင်းပြန်စီးဆင်းခဲ့ခြင်းနဲ့ အတူ အရောင်ပြောင်းလဲ တတ်ကြတဲ့ ရွှေလောပန်းတွေ . . .ရွှေကျင်သားတွေကလည်း မစိန်မှော်ကို ပစ်ခွာရင်း တံငါမှော်ကိုပဲ တစွဲစွဲတသဲသဲနဲ့ အပြောင်းအလဲ မြန်တတ်ကြ ပလေတယ်။

မင်းကင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ ဖောင်းပြင်မြို့၊ ဟုမ္မလင်းမြို့နဲ့ခန္တီးမြို့ တွေဟာ ရွှေမှာ အထင်ကရမြို့တွေ မဟုတ်လား။ ခန္တီးဆိုရင် ရွှေတစ်ခုတည်း မဟုတ်ဘူး။ ကျောက်စိမ်းပါထွက်တာ။ ဖားကန့်ဘက်က ကျောက်စိမ်းဆိုတာနဲ့ နင်လားငါလားပဲ။ ဒါတွေက ချင်းတွင်းရဲ့ တစ်စိတ်တစ်ဒေသအလှတွေပဲပေါ့။ ချင်းတွင်းကပေးတဲ့ မက်မော လောက်စရာ အရည်အသွေးတွေဟာ ဘဝတစ်ခုသာမကဘူး။ ဘဝတွေသောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီးတော့ ကျိကျိတက် အရောင်ထွက်သူတွေ ဖြစ်သွားကြရပြီးပြီ။ ဒါတွေဟာ ပုံပြင် မဟုတ်ဘူး။

လက်တွေ့ သာဓကတွေလေ။ အဲသလို ပြောင်မြောက်တဲ့ဘဝအရည်အသွေး တွေပိုင်ဆိုင်သွားနှင့် ကြတဲ့လူတွေကို နှလုံးမူပြီး တော့အခုဆိုရင် ချင်းတွင်းရဲ့မျက်နှာသာ ပေးမှု တွေမျှော်လင့်နေကြသူတွေ အဆမတန်ပဲပေါ့။ မုံရွာကို ဖြတ်သန်းပြီးတော့မှ ချင်းတွင်းဆီကို ခိုမှီနေကြတာအရေအတွက်မနည်းမနော ရှိခဲ့ ပြီ။ ချင်းတွင်းကိုချစ်သလိုလို တွယ်ငင်ရစ်ပတ် သလိုလိုနဲ့ မူနွဲ့ဟန်ပိုနေကြပြီလေ။

ဒီလိုဒီလို လူတွေကို အကြောင်းရင်းခံပြုပြီးတော့ ချင်းတွင်းမြစ်ကမ်းက ရွာကလေးတွေဟာ ရိုးသားစွာပဲ တစ်ဝမ်းတစ်ခါးအတွက် ဝမ်းရေးကိုဖွေရှာ ဖြည့်တင်းနေကြရပြီ။ ဒါဟာသမ္မာအာဇီဝစစ်စစ်ပေပဲလေ။ မြစ်ဆိပ်ကိုသင်္ဘောနဲ့ အမြန် မော်တော်တွေ၊ သင်္ဘောငယ်လေးတွေ၊ ရှပ်ပြေး မော်တော်တွေ ဆိုက်ကပ်လာကြတဲ့ အချိန် ဈေးသည်တွေဟာ အပြေးအလွှား ရောင်းကြ၊ ချကြနဲ့ ဘဝဟာ လှုပ်လှုပ်ရှားရှားပါပဲ။ သက်စွန့်ဆံဖျား ရောင်းချ စားသောက်ကြရတဲ့ ခြေလှမ်းတွေထဲမှာ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြုရင်းနဲ့ အသက်တွေကို မြစ်ရေထဲ ဝကွပ်အပ်နှံရင်း ရှင်သန်မှုတွေကို ပုံအောပြီး လောင်းကြေးထပ်ခဲ့ကြရသလိုလေ။ ဈေးသည်တွေ ပလူပျံနေတဲ့အထဲ ကိုယ့်ဈေးဗန်းထဲက လက်လွှတ်နိုင်ဖို့ရာ အချိန် တိုတိုကာလမှာပဲ အဲဒီသင်္ဘောတွေ၊ မော်တော်တွေ ဆိပ်ကမ်းက ဆုတ်ခွာသွားခဲ့ရင်တော့ ရောင်းလက်စတန်းလန်းနဲ့ပဲ နက်ရှိုင်းကျယ်ပြောတဲ့မြစ်ရေထဲကနေ ကမ်းဆီသို့ အသက်ကိုလုပြီး ကူးခပ်ကြရတဲ့ ဘဝတွေ နဲ့ လူတွေရဲ့ ကူးခတ်ရမှုတွေ။

အိမ်မှာစောင့် မျှော်နေကြတဲ့ဘဝဖော်တွေ မအိုမီ၊ မနာမီ၊ မသေမီ ဝမ်းရေးစိုပြည်နိုင်ဖို့ ကံကြမ္မာနဲ့ အလဲအထပ်လုပ်ပြီးတော့မှ ဟော့ဒီဈေးသည်ဆိုတဲ့ ဝေါဟာရကို ခုံခုံမင်မင် ထွေးပိုက်ခဲ့ ရတာပဲဟာ။ အလျှင်အမြန်ကူးခပ်ပြီးပြေးလွှားနိုင်ပါမှ နောက်တစ်နေ့ဆိုတာ မျှော်လင့်နိုင်မှာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငါတို့ဟာ မာယာ မကြွယ်ပရိယာယ်ထည်လဲမသုံးတဲ့ အညာမြေက အရိုးအစင်းတွေဖြစ်တယ်ဆိုတာ ချင်းတွင်းမြစ်ကြီးအသိဆုံးပဲပေါ့။

ယဉ်ယဉ်သိန်း(နဘား)