31 July 2010

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့် စက္ကူများအပေါ် မှီခိုနေရ

ပုံနှိပ်နှင့် စာအုပ်လုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ပြည်ပမှတင်သွင်းသည့် နိုင်ငံခြား စက္ကူများအပေါ် အများဆုံး မှီခိုနေရကြောင်း သိရသည်။ ပြည်တွင်း၌ ငွေကြေးအရင်းအနှီးနှင့် နည်းပညာ အားနည်းမှုကြောင့် အဆင့်မြင့် ပုံနှိပ်လုပ်ငန်းသုံး စက္ကူချောများကို ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပုံနှိပ်လုပ်ငန်းသုံး အရည်အသွေးမီ စက္ကူအများဆုံးကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်း နေရသည်။ လုပ်ငန်းရှင်များသည် အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ စက္ကူများကို ပုံမှန်ကုန်သွယ် လမ်းကြောင်းမှ တင်သွင်းသကဲ့သို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်သွင်းသည်။ အရည်အသွေးအားဖြင့် အင်ဒိုနီးရှားမှ တင်သွင်းသည့် စက္ကူများသည် ပြည်တွင်းဈေးကွက်၌ လူကြိုက်အများဆုံး ဖြစ်ကြောင်း၊ ပုံနှိပ်လုပ်ငန်းရှင်အများစုမှာ ကိုယ်တိုင်တင်သွင်းသည်ထက် သွင်းကုန် လုပ်ငန်းရှင်များထံမှ တစ်ဆင့် ဝယ်ယူကြကြောင်း သိရသည်။ ယင်းသို့ နိုင်ငံခြားမှ တင်သွင်းရာတွင် လုပ်ငန်းရှင်များသည် မိမိတို့ ထုတ်လုပ်သည့် ဈေးကွက်နှင့် အခြေအနေအရ စက္ကူသစ်များကို တင်သွင်းခြင်းရှိသကဲ့သို့ တစ်ခါသုံးပြန်လည် သန့်စင်သည့် စက္ကူများကိုလည်း တင်သွင်းသည်။ ရန်ကုန် စက်မှုဇုန်များတွင် တစ်ပတ်ရစ် သန့်စင်သည့် စက္ကူထုတ်စက်ရုံ အရေအတွက်မှာ ၁၀ ဂဏန်း အောက်သာရှိသဖြင့် ဈေးကွက် လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်သေးကြောင်းမြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။