18 February 2010

မြန်မာအမျိုးသမီးအပျိုလေးတဦး ရဲ့ မမျှော်လင့်ခဲ့သော မျှော်လင့်ချက်များ




သဉ္ဇာ အင်္ဂလန်ရောက်လာရတဲ့ ရည်ရွယ်ချက်တွေအနက် ပညာသင်ဖို့က ပထမ၊ နောက် ဒုတိယကတော့ကျောင်းတက်ရင်း သင့်တော်ရာ အလုပ်တစ်ခုခု လုပ်ဖို့၊ ဒါပါပဲ။ အခုလက်ရှိ ကြုံနေရတာတွေ သူ့စိတ်ထဲအိပ်မက်တောင် မမက်ခဲ့ရိုးအမှန်ပါ။ ပြောမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာအလုပ်မှ လုပ်စရာမလိုပဲနေနိုင်လောက်အောင်ကို ချမ်းသာသော မိဘများမှ ပေါက်ဖွါးလာသူ။ မိဘတွေက စီးပွါးရေးအရအနည်းအကျဉ်းလောက်သာ သက်ဆိုင်ရာ အစိုးရ၀န်ထမ်းတစ်ချို့နဲ့ ရေလိုက် ငါးလိုက် ဆက်ဆံရုံကလွဲပြီးအစိုးရနဲ့ ဘာမှမသက်ဆိုင်ပဲ ဆွေစဉ်မျိုးဆက်အရ ချမ်းသာလာသူများပင် ဒါပေမဲ့ အများသူငါတွေနိုင်ငံခြားသွားပြီး ပညာသင်၊ စီးပွါးရှာနေတဲ့ အခုလို ခေတ်ကြီးမှာ ဒီအိမ်ထဲနေ၊ ဒီအိမ်ထဲကြီး၊ ဒီအိမ်ထဲသေရမည့်အဖြစ်မျိုးတော့လည်း မရောက်ချင်တာအမှန်။ အများနည်းတူ နိုင်ငံခြားတိုင်းပြည်တစ်ခုခုဆီတော့ရောက်ဖြစ်ချင်သည်။ ဖြစ်နိုင်လျှင် ပညာသင်ချင်သေးသည်။ သူ့အသက်က အခုမှ ၂၄၊ BCom ဘွဲ့ရပြီးကျောင်းသူတစ်ယောက်။ ချမ်းသာသော မိဘများမှ မွေးဖွါးလာ သူပီပီ ပညာရေးတွင် အလွန်ထူးချွန်သူမဖြစ်သော်ငြား သူများအောက်တော့လည်း မကျခဲ့ပါ။



ဒါကြောင့် သူ့အဖေနဲ့ အမေကို ပူဆာခဲ့ရသည်။ ဒါပေမဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးမင်းနိုင်နဲ့ ဒေါ်သန္တာတို့က တစ်ဦးတည်းသော သမီးလေးမို့ အဝေးသို့ ထွက်မသွားစေချင်။ အနားမှာပင်နေပြီး မိဘလက်ရင်း စီးပွါးရေးကိုသာ ဦးဆောင်ဦးရွက် ပြုစေချင်ကြသည်။ သဉ္ဇာ့မှာလည်း ဘီကွမ်းဘွဲ့ရထားသူပီပီ စီးပွါးရေး အမြင်တော့ အနည်းအဆုံး စာတွေ့အရ ရှိထားပြီးသား။ လက်တွေ့နှင့် ပေါင်းစပ်လိုက်ပါက မိဘနှစ်ဦးထူ ထောင်ထားတဲ့ စီးပွါးရေးကို ဒီထက် ပိုမိုတိုးတက်အောင် လုပ်နိုင်သည်။ သို့သော် သို့သော်----ငယ်ရွယ် သေးတဲ့ သဉ္ဇာ့ရင်ထဲမှာ နိုင်ငံခြားဆိုသော အိမ်မက်ကို အခါခါမက်နေခဲ့ရသည်။ အဖေအမေတို့ကိုလည်း အကြိမ်ကြိမ် ပူဆာခဲ့ရည်။ သဉ္ဇာ ပူဆာဖန်များသောအခါ ဦးမင်းနိုင်+ဒေါ်သန္တာတို့ လက်လျှော့ခဲ့ကြရသည်။ သို့နှင့် သဉ္ဇာတစ်ယောက် အင်္ဂလန်ဆိုသော တိုင်းပြည်သို့ ရောက်လာလေတော့သည်။



အိမ်ယာပေါ် ပက်လက်လှန်၊ နဖူးပေါ်လက်တင်ရင်း လောလောဆယ် ကြုံနေရတာတွေကို အကြောင်းပြုပြီး သူ့ဘ၀အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။ မိဘများကိုလည်း ခါတိုင်းထက် ပိုသတိရနေမိသည်။ အင်္ဂလန်ရောက်နေသည်မှာ နှစ်နှစ်ပင် ရှိခဲ့ပြီ။ ရောက်စက ပါလာတဲ့ ပိုက်ဆံနဲ့ မလုံလောက်လို့ မိဘတွေဆီ ထပ်တောင်းရသေးသည်။ ကျောင်းစရိတ်သွင်း၊ အိမ်လခရှင်းပြီးနောက် လက်ထဲသိပ်မကျန်တော့။ ရောက်ပြီး နှစ်ဝက်ကျော်ကျော်လောက်မှ အလုပ်တစ်ခု ရှားရှားပါးပါး ရသည်။ အလုပ်ရပြီးကတည်းက မိဘတွေဆီလည်း ပြန်မတောင်းဖြစ်တော့။ ရတဲ့ လခနဲ့ အများနည်းတူ ဖြစ်သလို နေတတ်အောင် သူကြိုးစားပြီး နေသည်။ မြန်မာပြည်မှာတုန်းကလို အမေ မုန့်ဖိုး ဆိုရုံမျှနဲ့ သူ့လက်ထဲ ပိုက်ဆံရောက်မလာတော့။ ဒိအတွက် သဉ္ဇာ လုံးပန်းရတော့သည်။ ကျောင်းသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့်ကို အပြည့်အ၀ယူထားသည်။ စစချင်း စူပါမား ကစ်ကြီး တစ်ခုမှာ အရောင်းဝန်ထမ်း (Salesgirl) အဖြစ် အလုပ်လုပ်ရသည်။ ဒီအလုပ်ကိုတောင် လွယ်လွယ်ကူကူနဲ့ ရခဲ့သည်တော့ မဟုတ်။ အသိမိတ်ဆွေများမှ တစ်ဆင့် ဆက်သွယ်ပြီး အဲဒီစတိုးဆိုင် ကြီးမှာ စူပါဗိုင်ဆာလုပ်နေတဲ့ မြန်မာအမျိုးသားတစ်ယောက်ရဲ့ အကူအညီနဲ့ ရခဲ့ခြင်းဖြစ်သည်။




ဒီမှာတင် သူ့မရဲ့ရင်ထဲမှာ အပြောင်းအလဲတွေ များစွာဖြစ်လာခဲ့သည်။ အချစ်ဆိုသည်ကို ခံစားတတ် လာသည်။ မျှော်လင့်ခြင်းကို ချစ်ခြင်းတစ်မျိုးလို့ သတ်မှတ်ပါက သဉ္ဇာ့ရင်ထဲမှာ တစ်စုံတစ်ဦးကို မျှော်လင့် ကြီး မျှော်လင့်နေမိသည်။ ဒါသည်ပင် သဉ္ဇာ့အတွက် အချစ်ပင်လယ်ကူးဖို့ ခရီးစလိုက်ခြင်း ဖြစ်တော့သည်။




အဆောင်တူသူငယ်ချင်းမိန်းကလေး တစ်ယောက်ရဲ့ အကူအညီနဲ့ ရုံးခန်းငယ်လေး တစ်ခုထဲသို့ သဉ္ဇာဝင်လာခဲ့သည်။ အလုပ်အတွက် အင်တာဗျူးဖို့။ ရင်တွေ ခုန်နေသည်။ မေးတာတွေ မဖြေနိုင်ရင် ဒုက္ခ။ အင်္ဂလိပ်စာကလည်း စိတ်ကောက်မှ လိပ်လောက်ပြေးနိုင်တဲ့အဆင့်ပဲ ရှိသေးသည်။ သို့သော် အားတင်း ထားသည်။ ယုံကြည်မှုတွေ ထပ်ဖြည့်ထားသည်။ အခန်းထဲတွင် ဆိုင်မန်နေဂျာ ထိုင်နေသည်။ အင်္ဂလိပ် လူမျိုးစစ်စစ်တော့ ဟုတ်ဟန်မတူ။ ကပြားဖြစ်ဖို့များသည်။ ဥပဓိရုပ်သန့်သန့်၊ ခန့်ခန့်ချောချောနဲ့ ယောက်ျားပီ သသော လူကြီးတစ်ယောက်ဖြစ်သည်။ သဉ္ဇာမတ်ရပ်နေသည်။ လူကြီးက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စားပွဲခုံရှေ့က ကုလားထိုင်တွင် ထိုင်ဖို့ ပြောလိုက်သည်။ နေရာယူပြီး ပါလာသော ဖိုင်တွဲများကို မန်နေဂျာရှေ့ အသာချထားလိုက်သည်။ ဖိုင်တွဲထဲရှိ ဖိုင်များကို မန်နေဂျာက တစ်ခုချင်း လိုက်စစ်နေသည်။ ဘီကွမ်း အောင်လက်မှတ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ဘာအဓိပ္ပါယ်လည်းတော့ သဉ္ဇာနားမလည်။ သို့သော် အားတက်လာသလိုတော့ ခံစားလိုက်ရသည်။





ဖိုင်တွေကို စစ်ပြီး မန်နေဂျာက စဗျူးတော့သည်။ အင်္ဂလန်လာရတဲ့ ရည်ရွယ်ချက်တွေ၊ အလုပ် အကိုင်အတွေ့အကြုံ စသည်သည် စုံစီနဖာမေးသည်။ ၁၅ မိနစ်ခန့် အင်တာဗျူးပြီးသောအခါ မန်နေဂျာက အနားရှိဆိုင်ဝန်ထမ်းကို လူတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်သည်။ ခဏကြာသောအခါ လူတစ်ယောက် ၀င်လာသည်။ အရပ် ငါးပေ ခုနှစ်လက်မခန့်ရှိမည်ဟု သဉ္ဇာခန့်မှန်းသည်။ အသက် သုံးဆယ်တစ်လောက် ရှိမည်။ အသားခန့်ညိုညို၊ နှာတံပေါ်ပေါ် အာရှသားတစ်ယောက်ဖြစ်သည်။ မန်နေဂျာက ထိုလူကို သဉ္ဇာ့ကို အလုပ်ခန့်လိုက်ကြောင်းပြောပြီး သူ့လက်အောက်တွင် ထားရန် ညွှန်ကြားလိုက်သည်။ သဉ္ဇာနဲ့လည်း မိတ်ဆက်ပေးလိုက်သည်။ သဉ္ဇာ အရမ်းဝမ်းသာသွားသည်။ အလုပ်ရပြီ။ အိပ်ပြန်ပြီး ပိုက်ဆံတောင်းစရာ မလိုတော့ပြီ။ မန်နေဂျာကို ကျေးဇူတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပြီး ထိုသူနောက်သို့ လိုက်သွားသည်။




ညီမလေးက ဒီနိုင်ငံရောက်တာ ဘယ်လောက်ကြာပြီလဲ? ထိုသူပါးစပ်မှ မြန်မာလိုပီပီသသဖြင့် မေးလိုက်သည်ကို ကြားရသောအခါ သဉ္ဇာ အလွန်အံသြသွားသည်။



အကို ကမြန်မာပြည်ကပဲလား? မြန်မာပြည်က သေချာပေါက်မှန်းသိရက်သားနဲ့ ပြန်မေးဖြစ်သည်။



ဟုတ်တယ်၊ အကိုလည်း ဒီရောက်နေတာ ခြောက်နှစ်ကျော်၊ ခုနှစ်နှစ်ထဲတောင် ၀င်နေပြီ။ ရောက်ပြီး နှစ်နှစ်လောက်ကတည်းက ဒီဆိုင်မှာပဲ အလုပ်လုပ်နေတာ။ အခုတော့ စူပါဗိုင်ဆာ ဖြစ်နေပြီဆိုပါ တော့ အော် ဒါနဲ့ ညီမလေး နာမည်က သဉ္ဇာနော်၊ ကျနော့်နာမည်က နေလင်းပါ။ ဘာမှ အားမငယ်ပါနဲ့။ ကျနော်ရှိပါတယ် ဟု ကိုနေလင်းက မနားတမ်းပြောလိုက်သည်။




သဉ္ဇာပိုမို အားတက်သွားသည်။ ဟုတ်ကဲ့ရှင် ဟုသာ ပြန်လည်ဖြေကြားနိုင်သည်။ သူမထက် အသက် ဆယ်နှစ်နီးနီးကြီးသူက ကျနော်ကျနော်-ဟု ပြောနေသဖြင့် သဉ္ဇာရင်ထဲ အနေကြပ်သလို ဖြစ်နေ သည်။ ဒီလိုနဲ့ သဉ္ဇာတစ်ယောက် အလုပ်ရပြီး ကျောင်းတက်လိုက်၊ အလုပ်သွားလိုက်ဖြင့် လည်ပတ်နေ တော့သည်။ အလုပ်ပြန်တိုင်း ကိုနေလင်းက သူ့ကားဖြင့် လိုက်ပို့လေ့ရှိသည်။ ဒီလိုနဲ့ အိုးချင်းထိ ကြိုးချင်း ငြိတဲ့ဘ၀သို့ နှစ်ဦးသားရောက်ကြလေတော့သည်။ သို့သော် သဉ္ဇာတစ်ယောက် ကိုနေလင်းအကြောင်းကို သူ့စူပါဗိုင်ဆာတစ်ယောက်ဖြစ်သည် ဆိုတဲ့ အသိထက် သိပ်များများစားစားမသိခဲ့ရိုးအမှန်။ ဘာမှ မသိဘဲ ချစ်ခဲ့သည်။ အားကိုးခဲ့သည်။ ယုံစားခဲ့သည်။ ပုံအပ်ခဲ့သည်။




တစ်နေ့ အလုပ်နားတဲ့ ရက်တစ်ရက်။ ကြိုတင် အကြောင်းမကြားပဲ ကိုနေလင်းနေရာ အခန်းဆီသို့ သဉ္ဇာသွားခဲ့သည်။ အခန်းတံခါးခေါက်သောအခါ ဖွင့်မပေး၊ သို့သော် အတွင်းမှာ လူရှိမှန်း သူမသိသည်။ ထပ်ပြန်တလဲလဲ ခေါက်သောအခါ အတွင်းမှ တံခါးဖွင့်သံကြားရသည်။ ကိုနေလင်းပင်။ သို့သော် သူတစ် ယောက်တည်းမဟုတ်။ သူနဲ့ အတူ မိန်းကလေးတစ်ယောက်လည်းရှိနေသည်။ အဲဒီမိန်းကလေးကိုလည်း သဉ္ဇာသိသည်။ သူနဲ့ အတူ စူပါမားကစ်မှာ လုပ်ဖေါ်ကိုင်ဖက်။ ဆိုင်မှာကတည်းက သူတို့နှစ်ယောက် ရင်းနှီး လွန်းသည်ကို သဉ္ဇာသတိထားမိသည်။ သို့သော် ဒါကတော့ ဒီနိုင်ငံတွေရဲ့ ထုံးစံနေမှာပါဟု မရဲတရဲမှတ် ချက်ပြုခဲ့သည်။ တံခါးဖွင့်ပြီး ကိုနေလင်း သဉ္ဇာ့ကို စူးစူးဝါးဝါး ကြည့်နေသည်။ သူ့အကြည့်မှာ မလိုလားမှုတွေ ပါနေကြောင်း သူမ သတိထားမိသည်။




ကျမ ပြန်တော့မယ် ကိုနေလင်း၊ အလုပ်အားလို့ လာခဲ့တာပါ ဟု ပြောပြီး အိမ်က လှည့်ထွက်ခဲ့ သည်။ ကိုနေလင်းပါးစပ်က ဘာစကားမှ ထွက်မလာခဲ့။ တံခါးပြန်ပိတ်သွားလေပြီ။ အပြန်ခရီးသည် သူ့မ အတွက် ချာချာလည်လည်နေသော မြေကမ္ဘာပေါ်သို့ အခြေချရသည့်နှယ်။ ကိုနေလင်းသည် စူပါဗိုက်ဆာ တစ်ယောက်ဖြစ်သည်ဟူသော အသိအပြင် အခုတော့ မြာပွေသူတစ်ယောက်ဖြစ်ကြောင်းကိုပါ နားလည်ရ လေပြီ။ ယင်းနားလည်မှုနဲ့အတူ ပေးဆပ်ခဲ့ရသော အချစ်တွေကို ယူကြုံးမရစွာနဲ့ ပြန်လည်နှမျောနေမိသည်။ ဒီအခန်းမှာ ကိုနေလင်းနဲ့ အတူ သူမ အခါများစွာနေခဲ့ဖူးပြီ၊ အိပ်ခဲ့ဖူးပြီ၊ ချစ်ရည်လူးခဲ့ဖူးလေပြီတည်း ထိုစဉ် က အချစ်ဆိုသည်မှာ ပျော်စရာအတိပြီးသောဟုပင် သဉ္ဇာ အဓိပ္ပါယ်ဖွင့်ခဲ့ဖူးသည်။ အခုတော့ ယင်းအချစ် သည်ပင် အခြားအဓိပ္ပါယ်တစ်မျိုးကို ပြောပြနေလေပြီ။ နာကျည်းဘွယ်ကောင်းသော၊ ခါးသီးစရာဖြစ်သော၊ ရက်စက်သော၊ ညှာတာမှုကင်းမဲ့သော၊ သစ္စာမဲ့သော စသည်စသည် အပြုသဘောမဆောင်တဲ့ သော ပေါင်းများစွာသည် အချစ်ရဲ့ အဓိပ္ပါယ်တစ်မျိုးအနေနဲ့ သဉ္ဇာရင်ထဲ ၀င်ရောက်လာသည်။ ယင်းအတွက်သူမရဲ့ တုန့်ပြန်နိုင်မှုမှာ တသွင်သွင်စီးကျလာတဲ့ မျက်ရည်များပင်။




ရှုံးနှိပ်ခဲ့ပြီ၊ ဘယ်ပုံ ပြန်လည် တုန့်ပြန်ရမည်လဲ မသိ။ ဒီလိုခံစားမှုမျိုးနဲ့ ကြုံဆုံရလိမ့်မည်လို့လည်း တစ်ခါဖူးမျှ မစဉ်းစားမိခဲ့။ သူ့မရဲ့ နဂိုရည်ရွယ်ချက်တွေထဲမှာ ဒါတွေ ထည့်မတွက်ခဲ့ရိုးအမှန်။ အခုတော့ မထင်တာတွေ ဖြစ်လာနေသည်။ ကျောင်းလည်း သွားတက်ချင်စိတ်မရှိတော့၊ လက်ရှိအလုပ်ကိုလည်း မသွားဖို့ ဆုံးဖြတ်ချက်ချက်လိုက်သည်။ နောက်အလုပ်တစ်ခု ပြောင်းရှာတော့မည်။ သို့သော် မလွယ်ကူမှန်း တော့ သဉ္ဇာသိသည်။ အလုပ်ရှာရသည်မှာ မလွယ်လှ။ ရတဲ့အလုပ်ကလည်း ကိုယ်နဲ့ အဆင်ပြေဖို့ ခဲရင်းဘိ ခြင်း။ ရှေ့စခန်းသွားဖို့ စဉ်းစားရင်း သဉ္ဇာတစ်ယောက် မောပန်းနွမ်းနယ်လာသည်။ အားအင်ကုန်ခန်းလာ သလိုပင် ခံစားရသည်။ ဆက်မစဉ်းစားနိုင်တော့။စိတ်ပင်ပန်းမှုတွေစုပြီး သဉ္ဇာ ခေတ္တအိပ်ယာပေါ်အိပ်ပျော်သွားခဲ့သည်။




ရန်ကုန်လေဆိပ်သို့ TG လေယာဉ်ဘီးများစတင်လှိမ့်လိုက်သည်နှင့် သူမရင်ထဲ ဖေါ်မပြတတ်အောင် ၀မ်းသာပီတိဆို့ခဲ့ရသည်။ ချစ်ဖေဖေနဲ့ ချစ်မေမေတို့ကို တွေ့ရတော့မည်။ နှစ်ချီပြီး မစားခဲ့ရသော မြန်မာ အစားအစာများကို အ၀အပြဲစားရပေဦးတော့မည်။ သဉ္ဇာတအားကို ၀မ်းသာနေသည်။ လေယာဉ်ပြူတင်းမှ အပြင်သို့ ကြည့်လိုက်မိသည်။ နွေးထွေးတဲ့ နေရောင်ချည်အောက်မှာ စိမ်းစိမ်းစိုစိုနဲ့ ရန်ကုန်လေဆိပ်ရဲ့ အလှကို သိုသိုသိပ်သိပ်မြင်နေရသည်။ လန်ဒန်ရှိ ဟိသရိုးလေဆိတ်၊ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေ ဆိပ်တို့လောက် မသားနားသော်ငြား မြင်ရသောမြင်ကွင်းများက တိတ်တိတ်ဆိတ်ဆိတ်ရှိသဖြင့် ပူလောင် နေသော သူမရင်ခွင်ကို ယာယီအားဖြင့် အေးမြစေနိုင်သည်။




လေယာဉ်ပေါ်ဆင်းပြီး အဆောက်အဦးကြီးရှိရာသို့ သွက်လက်သော ခြေလှမ်းများဖြင့် သူမလှမ်း လာခဲ့သည်။ ကြိုဆိုနေသော အဖေအမေတို့ကို မြင်ချင်လှပြီ၊ နိုင်ငံခြားမှ ပညာတွေ တစ်ပုံတစ်ပင်ကြီး သင်လာသော သမီးကို ကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ၀မ်းသာပီတိဖြစ်နေကြမည့် ဖေဖေမေမေတို့ရဲ့ ပြုံးရွှင် သော မျက်နှာကို မြင်ရတော့မည်။ ပစ္စည်းရွေးနေရာသို့ သွားပြီး သူမရဲ့ အိပ်ကြီးနှစ်လုံးကို ရွေးယူလိုက်သည်။ ဖန်သားများအပြင်ဘက် တပြုံးပြံးနဲ့ စောင့်ကြိုနေသော အဖေနဲ့အမေကို မြင်နေရသည်။ လက်ရပ်ပြလိုက် သည်။ တွန်းလှဲပေါ် အိပ်ကြီးနှစ်လုံးတင်ပြီး အပြင်ထွက်လာသည်။ အမေက ပေါက်ဝမှာ လာရပ်နေသည်။




ကြည့်စမ်း၊ ငါ့သမီးလေး ပိုတောင် လှလာတယ်၊ အသားတွေလည်း ၀င်းလို့ ယင်းသို့ပြောပြီး ဒေါ်သန္တာက သဉ္ဇာ့ကိုယ်လုံးလေးကို ထွေးပွေ့ထားလိုက်သည်။ သဉ္ဇာ့ရင်ထဲ စကားလုံးနဲ့ ဖေါ်ပြမရနိုင်သော နွေးထွေးမှုမျိုးကို ခံစားလိုက်ရသည်။ မိဘမေတ္တာကို အခုမှ ပိုမိုသဘောပေါက်လာသည်။ ဘယ်အရာနဲ့မှ နိုင်ယှဉ်လို့ မရနိုင်မှန်းကိုလည်း လက်ခံလာသည်။ ၀မ်းသာလွန်းလို့ မျက်ရည်ပင် လည်လာသည်။ ကျလာသော မျက်ရည်တစ်စက်ကို သုတ်ဖို့ လက်တစ်ဘက် အပေါ်သို့ မြှောက်လိုက်သောအခါ----



အိပ်ယာမှ လန့်နိုးလာသည်။ မျက်လုံးကို စမ်းမိသည်။ မျက်ရည်တွေ စိုရွှဲနေသည်။ အိပ်မပျော်ခင်က ကျခဲ့သော မျက်ရည်များပင် ဖြစ်ချေမည်။ အိပ်ပျော်သွားစဉ် မက်ခဲ့သော အိပ်မက်လေးကို တမ်းတနေမိ သည်။ လက်ရှိအနေအထားနဲ့ ကွာခြားပါဘိခြင်း။ အမေ့မေတ္တာနဲ့ ဝေးရာမှာ ချစ်သူကပါ ဥပေက္ခာပြု ထားခြင်းခံရလေသော ကိုယ့်အဖြစ်ကို ပြန်လည်တွေးမိရင်း အားငယ်သည်ထက် အားငယ်လာသည်။ ခေါင်းရင်းမှာ ထောင်ထားသော အဖေနဲ့ အမေ ဓာတ်ပုံကို ကြည့်ရင်း မျက်ရည်များ တသွင်သွင်စီးကျလာ ခဲ့ပြန်သည်။ သုတ်ဖို့ မကြိုးစားတော့။ စီးကျပါစေ၊ ကိုယ်ထဲမှာ ရှိတဲ့ မျက်ရည်တွေ အကုန်စီးကျပလေ့စေ။ ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ရင်း သဉ္ဇာ သူ့အမေကို ပြောခဲ့ဖူးသော စကားကို ပြေးသတိရလိုက်သည် သမီး ဒီထက်မက ပညာတတ်ကြီး ဖြစ်ချင်တယ် အမေ ဒါပေမဲ့ အခုတော့----အခုတော့----






မင်းထက်




ဤအဖြစ်အပျက်လေးကတကယ်ဖြစ်ရပ်မှန်ကိုသာတင်ပြပေးထားခြင်းဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အပျိုစင်တိုင်းအတွက်သင်ခန်းစာ တခုအနေနှင့်တင်ပြပေးလိုက်ပါတယ်ရှင်။