16 February 2010

စက်မှုနိုင်ငံထူထောင်မည်ဆိုသော နိုင်ငံ၏ စက်မှုဇုံမှ မီးရရှိမှုအခြေအနေ...

electric

ဒါကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စက်မှုဇုံက မီးရရှိမှု အခြေအနေပါ။ ယခင်လွန်ခဲ့သော နှစ်များကလည်း ရန်ကုန်မြို့ကြီး ၂၄နာရီ လျှပ်စစ်မီးရတော့မည် ဆိုပြီး ရန်ကုန်မြို့တော်ဝန် ကြွားလုံးထုတ်ခဲ့တာ လပိုင်းတောင်မခံတာ မှတ်မိဦးကြမှာပါ။ တလောက ဗိုလ်သန်းရွှေက မြန်မာနိုင်ငံကို စက်မှုနိုင်ငံတည်ထောင်မယ် လို့ပြောဆိုသွားပါသေးတယ်။ စက်မှုနိုင်ငံကို ဖယောင်းတိုင်မီးနဲ့ တည်ထောင်လို့မရပါ ။နအဖသတင်းစာတွေမှာတော့ ရလိုက်တဲ့ လျှပ်စစ်မီး ထိန်ထိန်ညီးနေတာပါပဲ။ ဘာဆည် ပြီးရင် ဘယ်လောက်မီဂ္ဂါဝပ်ရမယ်။ ဘယ်စက်ရုံပြီးရင် တနိုင်ငံလုံး မီးရတော့မယ် ဆိုပြီးရေးလာလိုက်တာ ၂၁နှစ်ကြာခဲ့ပါပြီ။ ရမရတော့ မသိပါ... ရန်ကုန်မြို့မီးဝေပေးမှုကိုတောင် ကျွန်တော်တို့ ငယ်ငယ်ကအတန်းထဲမှာ အနီရောင်အသင်း အဝါရောင်အသင်းဆိုပြီး အသင်းလေးသင်းခွဲထားသလို မီးခွဲဝေပေးနေရပါတယ်။ မဆလလက်ထက်ကလို ဆီစာအုပ်လုပ်ပြီး မီးခွဲဝေပေးရမလို ဖြစ်နေပါတယ်။

စကားကြီးစကားကျယ် လေလုံးထွားတာကတော့ စစ်အာဏာရှင်တွေကို မှီနိုင်မယ်မထင်ပါ.. မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုကတည်းက ရှုံးလာလိုက်တာ ခွက်ခွက်လှန်အောင်ပါပဲ... အခုလည်းစက်မှုနိုင်ငံထူထောင်မည် ဆိုပြီးပြောကတည်းက မီးတွေပျက်တာ ပိုပိုပြီးဆိုးလာတာပါပဲ... ။ စစ်အာဏာရှင်တွေ လုပ်တတ်တာ တိုင်းပြည်သယံဇာတတွေ လက်ညှိုးထိုးရောင်းပြီး အိတ်ထဲထည့်ဖို့၊ ပြည်သူတွေကို နှိပ်စက် ညှင်းပန်းဖို့နဲ့ ကမ္ဘာကိုလိမ်ဖို့ပါပဲ.. အခုလည်းရှိသမျှ နိုင်ငံပိုင်ပစ္စည်းတွေ၊ စက်ရုံတွေ ရောင်းစားပြီး စက်မရှိနိုင်ငံ ထူထောင်ဖို့လုပ်နေပါပြီ..။ မပေးတဲ့ အာဏာကို ယူပြီး ၂၁နှစ်ကျော်ကြာ အုပ်ချုပ်ပြီးရလာတဲ့ တိုးတက်မှုကတော့ မီးမရ၊ ရေမရ စားဝတ်နေရေးကြပ်တည်းမှတွေပါပဲ... ။ စစ်အာဏာရှင်တွေ အနေနဲ့ကိုယ့်အခြေအနေကိုယ်သိပြီး အမြင်မှန်ရရှိဖို့၊ ပြည်သူ့အာဏာကို ပြည်သူတွေဆီ အမြန်လွဲပြောင်းဖို့ အချိန်မှီသေးပါကြောင်း ရေးသားလိုက်ရပါတယ်။

ပေပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။