13 January 2010

မူဆယ်မြို့တွင် အမှုလိုက် ရှေ့နေ ဌားရမ်းခ ကျပ်သိန်း ၂၄၀ လိမ်လည်မှု စတင်စစ်ဆေး

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် အထက်တန်းရှေ့နေ ရွှေလီမောင်မောင် (ခ) ဦးတင်ထွန်းသည်အမှုသည် ထံမှ ကျပ်သိန်း ၂၄၀ လိမ်ယူခဲ့သည့် တိုင်ကြားချက်ကို မူဆယ် ခရိုင်တရားရုံး၌ ဇန်န၀ါရီလဆန်းပိုင်းက စတင် စစ်ဆေး နေကြောင်း သိရသည်။


ရှေ့နေ ဦးတင်ထွန်းသည် မူဆယ်မြို့ စာပေနှင့်စာနယ်ဇင်း အတွင်းရေးမှူး ဖြစ်ပြီး ဟိုမွန်ရပ်ကွက်ရှိ စာနယ်ဇင်း ရုံးတွင် နေထိုင်သူဖြစ်သည်။

အမှုဖြစ်စဉ်မှာ မူဆယ်မြို့ရှိ ဈေးအသိုင်းအ၀ိုင်းနှင့် ၀န်ထမ်းများ ထည့်ဝင်သော သိန်း ၁၀၀၀ ခန့် လည်ပတ် နေ သည့် စုကြေးငွေလုပ်ငန်းကို ဒိုင်ကိုင်သူ နန်းခမ်းဦးမှ ငွေထည့်သူများကို ပြန်မပေးနိုင်တော့သဖြင့် တရားစွဲခံရ မည့် အနေအထားတွင် ၂၀၀၉ ခုနှစ် မတ်လပိုင်းက ဦးတင်ထွန်းအား ရှေ့နေ ငှားရာမှ စတင်ခဲ့သည်။


ရှေ့နေငှားချိန်တွင် နန်းခမ်းဦး ဗင်ကားတစ်စီး ရောင်းချငွေ ကျပ်သိန်း ၂၄၀ ထဲမှ အမှုလိုက်ခ ကျပ် သိန်း ၄၀ နှင့်ကျန် သိန်း ၂၀၀ ကို စုကြေးငွေပေးရန် ကျန်နေသူများကို ဖြေရှင်းမည်ဟုဆိုကာ ဦးတင်ထွန်းက ငွေများကို ယူထားခဲ့သည်။

ငွေယူပြီးနောက် ဦးတင်ထွန်းက နန်းခမ်းဦးအား ရှောင်တိမ်းစေခဲ့ပြီး ပြသနာကို ယနေ့အထိ ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် စုကြေးရရန်ကျန်ရှိသည့် အမျိုးသမီးများကို ငွေဖြင့်မြူဆွယ်၍ အပျော်ကြံနေကြောင်း စသည့်အချက်များ ကို သူမက ၂၀၀၉ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် လားရှိုးတိုင်းမှူးနှင့် တရားရုံးချုပ် (နေပြည်တော်) သို့ စာရေးသား တိုင်ကြား ထားသည်။

ထို့အပြင် ဦးတင်ထွန်း ရှောင်တိမ်းခိုင်းသဖြင့် ယခု သူမ တရားခံပြေးဖြစ်ခဲ့ရကာ လူမှုဒုက္ခများ ခံစားနေရကြောင်း အဆိုပါ တိုင်စာတွင် ဆိုထားသည်။

ယခုတိုင်ကြားစာနှင့်ပတ်သက်၍ မှန်ကန်ခြင်းရှိမရှိကို စုကြေးငွေရရန်ကျန်သူများအား သက်သေအဖြစ် မူဆယ် ခရိုင် တရားရုံး မှ ဥပဒေအရာရှိ ဦးခွန်ဆိုင်းရီက ခေါ်ယူ စစ်ဆေးနေကြောင်း အမှုသည် အသိုင်းအ၀ိုင်း က သျှမ်းသံတော် ဆင့် သို့ ပြောသည်။

စုကြေးငွေ ထည့်ဝင်သူ ၂၀ ဦးခန့်ရှိပြီး အဆိုပါ ထည့်ဝင်သူများကလည်း လက်မှတ်ရေးထိုး၍ ဦးတင်ထွန်းငွေ ယူထားကာ ဖြေရှင်းပေးခြင်းမရှိကြောင်း တိုင်ကြားထားခြင်းဖြစ်သည်။

“ဇန်န၀ါရီလဆန်းလောက်က စစစ်ဆေးတာပေါ့ နန်းခမ်းဦးရဲ့ ယောက်ကျား အပါအ၀င် ဈေးသူဈေးသားတွေ ကျောင်း ဆရာ ဆရာမတွေ ရယကတွေ စုကြေးငွေ ကိစ္စမှာပါတဲ့သူတွေကို တစ်ရက်ကို ၃ယောက် ၅ ယောက် အဲ လို စစ်နေတယ်”

“ တိုင်ထားတဲ့အထဲမှာပါတဲ့ ကားရောင်းလိုက်တာ မှန်သလား ရှေ့နေကို သိန်း ၂၀၀ ပေးထားတာ မှန်သလား သူ ရဲ့အိမ်မှာ တရားရုံးသဖွယ်ဆောင်ရွက်နေတာ မှန်သလား အဲဒါတွေစစ်တယ် ဖြေတဲ့သူတွေကတော့ မှန်ပါတယ်လို့
ဖြေကြတယ် ” လို့ ၄င်းအမှုစစ်ခံရသူအထဲမှ တစ်ဦးက ပြောသည်။

မူဆယ်ခရိုင် တရားရုံးက တိုင်ကြားထားသည့် တရားလိုများကို သက်သေအဖြစ် ခေါ်ယူစစ်ဆေး ခြင်းဖြစ်ပြီး တိုင်ကြား ခံရသူ ရှေ့နေ ဦးတင်ထွန်းမှာ ယခုအခါ တိမ်းရှောင်နေကြောင်း သိရသည်။

ယခုအမှုနှင့်ပတ်သက်၍ ကာယကံရှင် ဦးတင်ထွန်း၏ ဖုန်း ၁၅၁၈၄၉၃၄၈၄၉ အား ခေါ်ဆိုခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပါ။

“ရှေ့နေကိုငွေပေးတုန်းက သူက သိန်း ၄၀ ကို ရှေ့နေခပေးရမယ်ပေါ့ ကျန်တဲ့ သိန်း ၂၀၀ ကိုတော့ သူ ဖြေရှင်း ပေးမယ်ပေါ့ စုကြေးရတဲ့သူတွေကို ၂၀ ရာခိုင်နှုန်းပေးပြီး ကျေနပ်အောင်လုပ်ပေးမယ် ဆိုပြီး နန်းခမ်းဦး ကိုပြေး ခိုင်းတာ ” လို့ နန်းခမ်းဦးနှင့်နီးစပ်သူက ပြောသည်။

“တကယ်ဆိုရင် ဥပဒေလည်း နားမလည်လို့ပါ ရှေ့နေငှားရင် ထုံးစံက ၃ ချိုး၁ ချိုးပေါ့ဗျာ အမှုပြီးတဲ့အထိ ပေးရတာ နန်းခမ်းဦး သူကိုယ်တိုင် အဲဒီသိန်း ၂၄၀ နဲ့ဖြေရှင်းရင်ရတာပေါ့ဗျာ အယောက် ၂၀ ကို တစ်ဦး ၁၀ သိန်းနဲ့ အရင် ပေး ထားပြီး ကျန်တာ ဖြည်းဖြည်းခြင်းဆပ်ရင် လက်ခံမှာပဲ အခု ရှေ့နေငှားမှ ထောင်လုံးလုံး ကျ ဆိုတာမျိုးပေါ့ ” လို့ သူက ပြောသည်။

၎င်းစုကြေးလုပ်ငန်း၌ ငွေထည့်ဝင်သူများသည် တစ်လကို ၃ သိန်းထည့်ဝင်ရကာ တစ်လ သိန်း ၆၀ ထုတ်ယူရပြီး စီးပွားရေးပျက်ကပ်ကြောင့် ငွေထုတ်သူများ ပြန်လည်ထည့်ဝင်ခြင်း မရှိတော့သဖြင့် လုပ်ငန်းပျက်စီးရကြောင်း သိရသည်။

ရင်းမြစ်..။သျှမ်းသံတော်ဆင့်