17 December 2009

နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ၈၈ကျောင်းသားခေါင်းဆောင်ကိုကိုကြီး ကခုလိုပြောကြားထားခြင်း.။


နိုင်ငံရေးအကျဉ်းသား


Justify Full

“နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိလွှတ်ပေးရေး” “နိုင်ငံရေးအကျဉ်းသား အခွင့်အရေး” “နိုင်ငံရေးအကျဉ်းသားမရှိ” စတဲ့ငြင်းခုံမှုတွေကြားမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းက စရပါလိမ့်မယ်။နိုင်ငံရေးယုံကြည်မှုတစ်ခုခုဖြင့်လှုပ်ရှားမှုတစ်ခုခုကြောင့်ဖမ်းဆီးထိမ်းသိမ်းခံနေရသူလိုပြောနိုင်မယ်

ထင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience ) လို့လဲ သတ်မှတ်ပါတယ်။ ဘယ်သူ တွေကသတ်မှတ်သလဲ၊ ဖမ်းဆီးသလဲ ဆိုရင်တော့ အဲဒီဒေသ၊ နိုင်ငံက အဲဒီကာလမှာ အုပ်ချုပ်တဲ့ သူတွေကလို့ ပြောရမှာ ပေါ့ ။

ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်ပြု မပြုဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၈ လူထုအုံကြွမှု ပြီးကတည်းက အုပ်ချုပ်လာတဲ့ တပ်မတော် အစိုးရက နိုင်ငံရေးအရ ဖမ်းဆီး ထိမ်းသိမ်းထားသူ မရှိဘူး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ ဖမ်းထားတာပဲရှိတယ်။ လုံခြုံရေးအရ ဖမ်းထားတာဘဲရှိတယ်လို့ တစ်စိုက်မတ် မတ်ငြင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့ နဝတရဲ့ အမိန့်ကြေငြာချက်အမှတ် ( ၁၁/၉၂ ) ကို ၁၉၉၂ ဧပြီလ (၂၄) ရက်နေ့ ထုတ်ပြန်ခဲ့ရာမှာတော့ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်း ထားသူများအနက် နိုင်ငံတော် လုံခြုံရေးအားထိပါးနှောက်ယှက်စေနိုင်သူများမှအပ အမြန်လွှတ်မည်”လို့ ဆိုပါတယ်။ အဲဒီကြေငြာချက်ပါ နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်းထားသူများ ဆိုတဲ့အပိုဒ်ဟာ နိုင်ငံရေး အကျဉ်းသားများ ရှိနေကြောင်း လူသိရှင်ကြား တရားဝင်ဝန်ခံကြေငြာခဲ့ခြင်းပါ။


ဤအမိန့် ကြေငြာချက်အား ဖျက်သိမ်း ပယ်ဖျက်ခြင်းမရှိတာကြောင့် အသက်ဝင်ဆဲ၊ တရားဝင်ဆဲ ဖြစ်တာသေချာပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ပါ အားသွန်ခွန်စိုက်ကြိုးပမ်းနေချိန်မှာ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဆိုတာကို လေးလေးနက်နက် အသိအမှတ်ပြုဖို့ ( နဝတ၊ နယက အနေနဲ့) လိုပါတယ်။ အခုကာလမှာရော၊ နောက် နောင် အနာဂါတ် မြန်မာနိုင်ငံ အတွက်ပါ နိင်ငံရေးအင်အားစု အခိုင်အမာ ဖွဲ့စည်းဖြစ်ပေါ်လာဖို့ဟာ နိုင်ငံရဲ့ အမျိုးသားရေး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဆူပူလိုသူများ၊ အဖျက်အမှောက် အင်အားစုများလို့ ပုတ်ခတ်ပြောဆို နေခြင်းဟာ ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ပေးနေပါတယ်ဆိုတဲ့ နဝတ/နယက ရဲ့ သဘောထားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။


အရင်ကလဲ အခုလို ထူးခြားတဲ့အခြေအနေမျိုးကြုံဘူးပါတယ်။ အမိန့်ကြေငြာချက် အမှတ် ( ၂/၈ဝ ) နိုင်ငံ တော်လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာစဉ်ကလဲ နိုင်ငံရေးအကျဉ်းသားများ ဆိုတာနဲ့ပတ်သက်ပြီး သီးခြားအမိန့် ဥပဒေတစ်ရပ် ကြေငြာ ပေးခဲ့ရပါတယ်။ ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုဒ်မများအဖြစ် ကြေငြာပြီး၊ ယင်းပုဒ်မများဖြင့် ကျခံနေရသူများကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ အဲဒီကာလက တစ်ပါတီအာဏာရှင်စ နစ်ကျင့်သုံးတဲ့ကာလပါ။ အဲဒီတုန်းကတောင် နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ခဲ့ခြင်း ရှိတာကြောင့် အခုလို ပါတီစုံဒီမို ကရေစီစနစ် ဖော်ဆောင်နေတဲ့ အချိန်မှာ ပိုလို့တောင်လိုအပ်ပါတယ်။


၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကားလေးကို ကျမ မြတ်လေးငုံ ပြန်လည်တင်ပြပေးထားပါတယ်ရှင်.။