14 December 2009

ဆန်ရေလေး တစ်စက်...(ဤသို့ ဆရာ နှင့် တပည်များလဲရှိပါသေးတယ်)..။

အသစ်စက်စက် မနက်ခင်းလေး၏ ရင်ခွင်ထဲတွင် အရှေ့မြောက် အရပ်ဆီမှ လေနုကလေးများ တသုန်သုန် တိုက်ခတ်နေသည်။ သဇင် ပန်းကလေး၏ မျက်ရည်များလားတော့ မသိ။ နှင်းပွင့် ကလေးများ တမြေ့မြေ့ ကြွေလို့ နေသည်။ အိမ်ရှေ့က သရက်ပင်ကြီးတွင် သရက်ဖူးကလေးများ ပွင့်ဖို့ အားယူနေကြသည်။ ကျေးငှက် ကလေးများကလည်း တီတီတာတာ ကျည်ကျည် ကျာကျာနှင့် ၀မ်းရေးအတွက် အစာရှာ ထွက်သွားကြလေပြီ။ ပဲပြုတ်သည်ကလေး အေးမိကလည်း သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် ပဲပြုတ်တေးကို ဆိုသွားလေပြီ။ ကျောင်းဆရာလေး အထွန်းတစ် ယောက်လည်း ကျောင်းပိတ်ရက် ဖြစ်သဖြင့် ဘုရား ၀တ်ပြု အပြီးတွင် “ကောင်းကျိုး မပေးသော လောဘ၊ ဒေါသ၊ မောဟ” စာအုပ်လေးကို အေးအေးလူ လူပင် ဖတ်နေမိသည်။ စာအုပ်တစ်ဝက်ခန့် ဖတ်အပြီးတွင် အထွန်းလည်း မျက်စိညောင်း၊ လူညောင်း ဖြစ်လာသဖြင့် ခြံထဲ ဆင်း၍ လမ်းလျှောက်သည်။ သီးပင် စားပင်လေးများကို ရေလောင်းသည်။ ထိုစဉ် မြောက်ပြန်လေနှင့် အတူ အိမ်ရှင်မ၏ မီးဖိုချောင်မှ လွင့်မျောလာသော ချဉ်ပေါင်ဟင်း ရနံ့ သင်းသင်းလေးသည် အထွန်း၏ နှာခေါင်းဝကို မထိတထိ ကျီစယ်လို့၊၊ အထွန်း၏ မျက်ဝန်း အကြည့်ကလည်း အညွန့်တုံးနေပြီဖြစ်သော ချဉ်ပေါင်ခင်းလေးဆီသို့ အလိုလို ရောက်သွားပြီး စိတ်ထဲမှလည်း လကုန်မည့် ရက်ကို ရေတွက်လျက် သက်ပြင်းလေးကို ခိုးကြောင် ခိုးဝှက် ချလိုက်မိလေသည်။

“ငါးပါတယ် . . .ငါး”
“ငါးပါတယ် . . .ငါး”
“ . . . . . ”


ငါးစိမ်းသည် ဒေါ်ရွှေမိ၏ အသံက နေရောင်နှင့် အတူ အထွန်း ရှေ့မှောက်ကို စူးစူးရှရှ ကျရောက်လာသည်။ (ဒေါ်ရွှေမိ က ကျောင်းဆရာလေး အထွန်း တပည့်ဖြစ်သူ ဖိုးထောင်၏ အမေဖြစ်သည်) ဒေါ်ရွှေမိ၏ အသံက အထွန်း၏ ဗိုက်ကိုတောင် ဆာတာတာ ဖြစ်သွားစေသည်။ အထွန်းက တံတွေးကို တစ်ချက် မျိုချလိုက်သည်။
“ငါးသည် လာပါဦး”
မရည်ရွယ်ဘဲ အထွန်း ပါးစပ်က အလိုလို ခေါ်လိုက်မိတာပါ။ အထွန်း၏ ခေါ်သံ အဆုံးတွင် ဒေါ်ရွှေမိနှင့် ဖိုးထောင်တို့ ငါးဗန်း ကိုယ် စီနှင့် ခြံထဲ ၀င်လာကြသည်။ အထွန်း၏ ရှေ့တွင် ငါးဗန်းများ ချလိုက်သော အခါ ငါးဗန်းထဲတွင် အထွန်း ကြိုက်နှစ်သက်သည့် ငါးခူတွေချည်း။ အထွန်းက တံတွေးကို နောက် တစ်ကြိမ် မျိုချလိုက်ပြီး
“ဒေါ်ရွှေမိ အဲဒီ ငါးခူတွေက ဘယ်ဈေးလဲ”
“တစ်ဆယ်သား ၅၀၀ ပါ ဆရာလေး”
ဒေါ်ရွှေမိ၏ စကားကို ကြားလိုက်ရသော အခါ အထွန်း အနည်းငယ် တုန်လှုပ်သွားမိသည်။ လခစားဘ၀က ငါးခူနှင့် အထိအတွေ့ နည်းခြင်းကြောင့်ပင် ဖြစ်မည်လားတော့ မသိ။
“ဟ ဒေါ်ရွှေမိ များလှချည်လား”
“မများပါဘူး ဆရာလေးရဲ့။အဲဒါ ရောင်းဈေးပဲလေ။ ဆရာလေးတို့က တစ်ခါမှ ၀ယ်မစားဖူးလို့ အထူးအဆန်း ဖြစ်နေတာပါ။ ဆရာလေး ၀ယ်မစားနိုင်ရင်လည်း ရောင်းစရာ ငါးတွေ အများကြီး ကျန်သေးလို့ ကျွန်မကို ခွင့်ပြုပါဦး”

ဒေါ်ရွှေမိ တစ်ယောက် ဆက်ပြောသော စကားများကို အထွန်း မကြားတော့ပါ။ တစ်ကိုယ်လုံး ထူပူပြီး ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ မျက်စိထဲမှာလည်း ပြာဝေသွားသည်။ အထွန်း သတိ ၀င်လာသဖြင့် ကြည့်လိုက်သော အခါ ဒေါ်ရွှေမိက ဖိုးထောင်၏ လက်ကိုဆွဲပြီး ခြံဝသို့ ရောက်နေလေပြီ။ ဖိုးထောင် လေးသည် ဆရာဖြစ်သူ အထွန်းကို အားနာလေဟန်နှင့် လှည့်ကြည့် လှည့်ကြည့် လုပ်ပြီး ဒေါ်ရွှေမိ နောက်ကို ပါသွားလေသည်။ အထွန်း ရင်ထဲတွင်လည်း ဒေါသများ တလိမ့်လိမ့် တက်လာပြီး အသားများ တဆတ်ဆတ် တုန်နေသည်။ အထွန်းဘ၀တွင် မိမိကို မည်သူကမှ ထိုသို့ ပြောဆိုသည်ကို မခံခဲ့ ရဖူးသောကြောင့် ရင်ထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ဒေါသများ ဖြစ်နေခြင်းပင် ဖြစ်သည်။

““ဆရာ တစ်ယောက်ကို ဒီလို ပြောသင့်သလား ဒေါ်ရွှေမိ၊ အထူးသဖြင့် ခင်ဗျားသားကို ပညာ သင်ပေးနေတဲ့ ဆရာ တစ်ယောက်ကို ဒီလို ပြောသင့်သလား”
ထိုသို့ အထွန်း ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရာမှ ဒေါသများသည် ပါးစပ်မှ တစ်ဆင့် လေထုထဲသို့ ကျကွဲသွားလေသည်။
“တောက်”

သည်နေ့ အထွန်းတစ်ယောက် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် အိမ်ရှင်မ မီးပူ တိုက်ပေးထားသည့် အဖြူအစိမ်း ကျောင်းဝတ်စုံလေးကို ၀တ်ပြီး ထမင်းချိုင့် ကလေးကို ဆွဲကာအိမ်မှ ထွက်လာခဲ့သည်။ အထွန်းအိမ်နှင့် ကျောင်းက နာရီဝက်ကျော်ကျော် လမ်းလျှောက်ရသည်။အထွန်း ကျောင်းသို့ သွားရာလမ်း ကလေးသည် နှင်းပြယ်စ နေရောင်အောက်တွင် မြွေတစ်ကောင် ပမာ လွန့်လူးနေသည်။

ဘေးတစ်ဖက် တစ်ချက်တွင်လည်း အစိမ်း ရောင်ဘက်မှ အ၀ါရောင်ဘက်သို့ ကူးပြောင်းရန် ကြိုးပမ်းနေသော လယ်ကွင်းပြင်များက အကွက်လိုက် အစီအရီ။ လေညှင်းထံပါး တွင်လည်း ကောက်ရနံ့တို့က အခစား ၀င်နေကြသည်။ မေတ္တာ တရားများဖြင့် ထုံမွှမ်းထားသည့် သတ္တ လောကကြီးသည် ဆောင်း မနက်ခင်းလေး၏ ပြုပြင်စရာ မလိုသည့် သဘာဝ အလှတရားထဲတွင် အေးချမ်း တည်ကြည်စွာ နစ်မြုပ်လျက်၊ အထွန်း၏ စိတ်အစဉ် ကို ကြည်လင်နေ စေခဲ့သည်။ အထွန်းလည်း စိတ်ထဲမှ မေတ္တာ သုတ်ရွတ် ဖတ်၍ မောရမည်မသိ လျှောက်လှမ်းရင်း ကျောင်းသို့ ၈း ၃၀ နာရီတွင် ရောက်သည်။ ဆရာ/ဆရာမ နားနေခန်းတွင် ခေတ္တနားပြီး မနေ့က မပြီးပြတ်သေးသည့် ကောင်းကျိုး မပေးသော လောဘ၊ ဒေါသ၊ မောဟ စာအုပ်လေးကို အပြီးသတ် ဖတ်နေမိသည်။ အထွန်း စာအုပ်ကို ဖတ်ပြီး သွားချိန်တွင် မနေ့က ဒေါ်ရွှေမိ အပေါ် ဒေါသ ဖြစ်ပုံကို ပြန် လည်ဆင်ခြင်နေမိသည်။ သို့ရာတွင် လူငယ်ပီပီ ဒေါသငွေ့လေးက ခပ်နွေးနွေး ကျန်နေသေးသည်။

“ကလောင် . . .ကလောင် . . . ကလောင်”

ကျောင်းတက်လေပြီ။ ကျောင်းတက် ခေါင်းလောင်း ထိုးပြီး သောအခါ ကလေးများ ညီညီညာညာ စီတန်း၍ နိုင်ငံတော် အလံကို အလေးပြုကြသည်။ နိုင်ငံတော်သီချင်းဆိုကြသည်။ မြန်မာ့ကျောင်းသီချင်း ဆိုကြသည်။ ဇာတိမာန် သီချင်း ဆိုကြသည်။ ဘုရားရှိခိုး မေတ္တာ ပို့ကြသည်။ (၃၈) ဖြာ မင်္ဂလာ ကဗျာများရွတ် ဆိုကြသည်။ နှစ်အလီမှ ဆယ့်ခြောက်အလီ အထိ အလွတ် ဆိုကြသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးက ဆုံးမသြ၀ဒါ စကားပြောကြားပြီး ကလေးများအား မိမိအတန်း ကိုယ်စီသို့ ပြန်စေသည်။ ထိုအခါမှ ဆရာ/ ဆရာမများကလည်း မိမိ သင်ကြားရမည့် အတန်းသို့ ၀င်ကြရသည်။ အထွန်းလည်း မိမိ သင်ကြားရသည့် စတုတ္ထတန်း အတန်းကို ၀င်ရောက်သည်နှင့်. . .
“ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံဝန္ဒမိ . . .မင်္ဂလာပါ ဆရာလေး”

ထိုကဲ့သို့ စိတ်ကြည်နူး ချမ်းမြေ့စရာ နှုတ်ဆက်သီချင်း ကလေးအဆုံးမှာ ကလေးများ၏ သဘာဝ အတိုင်း တိုင်သံ တောသံ စတင် ကြားရပါတော့သည်။
“ဆရာလေး ဆရာလေး၊ ဖိုးထောင်လေ ဆရာမလေး မသွားရဘူးလို့ ပြောထားတဲ့ ကျောင်းနောက်ဖေးက အိုင်ထဲ ဆင်းတယ်။ ဆရာလေး”
ကျောင်းနောက်ဖေးက အိုင်သည် မိုးတွင်းဘက်တွင် ရေအမြဲ ပြည့်လျှံ နေတတ်သဖြင့် ကလေးများ ရေထဲကျပြီး အန္တရာယ်ဖြစ်မည် စိုးသဖြင့် “ဘယ်သူမှ အိုင်နား မသွားရ” ဟု အထွန်းကိုယ်တိုင် အမိန့် ထုတ်ထားခြင်း ဖြစ်သည်။ ယခုအခါ ဆောင်းတွင်း ဖြစ်သဖြင့် ရေကြွင်းရေကျန်မျှ ရှိတော့တာပါ။ သို့သော် အထွန်းက ချမှတ် ထားသည့် စည်းကမ်း အတိုင်းပြောစကား နားမထောင်သူကိုတော့ ဆုံးမရဦးမည်။ သည်လိုမှသာ ဆရာတစ်ယောက်ကို တပည့်များက ချစ်ကြောက် ရိုသေကြမည်။ မဟုတ်လား။ အထွန်း ဖိုးထောင်ကို လှမ်းကြည့်လိုက်ရာ ဖိုးထောင်က မျက်နှာငယ်လေးနှင့်။ ခြေ၊လက် များတွင်လည်း ရွှံ့စက်ကလေးများ ပေကျံ နေသည်ကို တွေ့ရသည်။

“ဖိုးထောင် ဆရာရှေ့ကို လာစမ်း”
အထွန်း၏ ခေါ်သံ အဆုံးတွင် ဖိုးထောင်က ကုပ်ကုပ်နှင့် ရောက်လာပြီး အထွန်းရှေ့တွင် လက်ကလေး ပိုက်လို့၊ အထွန်းက မေးခွန်းထုတ် လိုက်သည်။
“ဖိုးထောင်၊ မင်း ကျောင်းနောက်ဖေး အိုင်ထဲ ဆင်းတယ်ဆို”

ဖိုးထောင်ကလည်း မကွယ်ဝှက်၊ မလိမ်မညာ။
“ဟုတ်ကဲ့ ဆင်းပါတယ်၊ ဆရာလေး”
“မင်း ဘာဆင်း လုပ်တာလဲ”
“ငါး ငါးဆင်း ဖမ်းတာပါ ဆရာလေး”
အထွန်း စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွားသည်။ ပထမက ဘာမှ မဖြစ်ပေမယ့် ဖိုးထောင်၏ “ငါးဆင်း ဖမ်းတာပါ” ဟူသော စကားကို ကြားလိုက်ရုံနှင့် ဒေါသတွေ လှိုင်းထန် လာခြင်း ဖြစ်သည်။ နာရီပိုင်း ကလေးကပင် ဖတ်ခဲ့ရသော စာအုပ်ကလေးကြောင့် အငွေ့ သေလုဆဲ ဒေါသများ မီးတောက် လာရပြန်လေပြီ။ ပုထုဇဉ် ပီပီ ဒေါသကို မထိန်းနိုင်တော့။

“ဖိုးထောင် မင်းတို့ကို အဲဒီ ရေအိုင်နား မသွားရဘူးလို့ ပြောထားတာ မင်းမေ့သွားပြီလား။ အခုတော့ မင်းက အိုင်နားကို သွားတဲ့ အပြင် မင်းအမေ ရောင်းဖို့ အတွက်ပါ ငါးဆင်းဖမ်း တယ်ဆိုတော့။ မင်းက ငါ့ကို ဂရုမစိုက်ဘူး ဆိုတဲ့ သဘောလားကွ”

အထွန်း၏ အသံသည် လိုအပ်သည်ထက် ပိုကျယ်လောင် သွားသည်။ အထွန်း၏ နားထဲတွင်လည်း ဒေါ်ရွှေမိ ပြောခဲ့သော စကားများကို ခါးခါး သက်သက် ကြားယောင်လာပြီး ဒေါ်ရွှေ မိမျက်နှာကို သရဲသဘက် တစ်ကောင်သဖွယ် မြင်ယောင်လာကာ သေသွားပြီ ထင်ရသည့် ဒေါသများ ပေါက်ကွဲ ကုန်တော့သည်။ အထွန်း၏ မျက်စိထဲ ဘာကိုမှ မမြင်တော့။ လူနှင့် အသိစိတ် ကင်းကွာသွားသည့် အလား လက်ထဲက ကြိမ်နှင့် ဖိုးထောင် ၏ ခြေသလုံးကို သုံးလေးချက် ဆင့်၍ ရိုက်ပစ်လိုက်သည်။ ဒါတောင် ဒေါသက မပြေချင်သေး။ ဖိုးထောင်ကတော့ တစ်စက်ကလေးမှ မငို၊ အထွန်းက ပြန်ထိုင်ခိုင်းသဖြင့် သူ့နေရာတွင် ပြန်ထိုင်နေပြီး ခြေသလုံးကို ပွတ်သပ်နေလေသည်။ အထွန်း စိတ်ထဲ မကောင်း ဖြစ်သွားမိသည်။ အထွန်း ဘ၀တွင် မည်သည့် ကလေးကိုမှ ဒေါသဖြင့် ယခုလောက် မရိုက်ဖူးခဲ့။ ယခုတော့ ဒေါသ၊ အာဃာတ၊ အငြိုးများကြောင့် အပြစ် မရှိသည့် တပည့် ကလေးတစ်ယောက် ဓားစာခံ ဖြစ်ခဲ့ရပြီ။ အထွန်းလည်း ဒေါသ အကျိုး တရားများကို လက်တွေ့ ခံစားနေရပြီး စိတ်မကောင်းခြင်း များစွာဖြင့် တစ်နေ ကုန်စာ မသင်ဖြစ်တော့။

အထွန်းလည်း ညနေ ကျောင်းဆင်းမှ စိတ်မော၊ လူမောနှင့် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်သော အခါ အိမ်ရှင်မက . . .
“အစ်ကို မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား”
“ဘာမှ မဖြစ်ပါဘူး ညီမရယ်။ နေလည်း ကောင်းပါတယ်။ ကျောင်းမှာ နည်းနည်း ပင်ပန်းသွားလို့ပါ”
“ဒါဆိုရင် အစ်ကိုရယ် လန်းသွားအောင် ခဏနားပြီး ရေချိုး လိုက်ပါလား။ အစ်ကို ရေချိုးပြီးရင် ထမင်းစားဖို့ ညီမ ပြင်လိုက်မယ်လေ”

အိမ်ရှင်မ၏ အကြံ ပေးချက်ကြောင့် အထွန်းလည်း ခဏ နားပြီး ရေချိုးလိုက်သည်။ ရေချိုးပြီးမှပဲ နည်းနည်း လန်းသွားပြီး ဗိုက်ကလည်း ဆာလာသည်။ ထို့ကြောင့် အထွန်းလည်း အင်္ကျီ အ၀တ်အစား လဲပြီး ထမင်းစားပွဲ ထိုင်သည်။အိမ်ရှင်မက ထမင်းအုပ်ဆောင်း ဖွင့်လိုက်သော အခါ ငါးခူဆီပြန် ဟင်းလေးက အထွန်းကို ခန့်ညားစွာ ကြိုဆိုနေသည်။ အထွန်းလည်း စိတ်ထဲတွင် ပို၍ လန်းဆန်းသွားပြီး အိမ်ရှင်မ၏ အလိုက် သိတတ်မှုကိုလည်း အသိအမှတ် ပြုလိုက်မိသည်။ အိမ်ရှင်မက ငါးခူဟင်း တစ်ဖက်ကို အထွန်း ပန်းကန်ထဲ ခပ်ထည့် ဦးချလိုက်ပြီး
“အစ်ကို့ အကြိုက် ဆီပြန်ဟင်းလေး ချက်ထားတာ။ ဆီတော့ နည်းနည်း ပိုကုန်သွားတယ်။ အစ်ကို စားလို့ ကောင်းရဲ့လား”

အထွန်းလည်း ထမင်းကို အားရပါးရ ပလုတ်ပလောင်း စားလျက် . . .
“ကောင်းတာပေါ့ ညီမရယ်၊ ဗိုက်ဆာဆာနဲ့ ဆိုတော့ ထမင်းတောင် လောက်ပါ့ မလား မသိဘူး။ ဒါနဲ့ ငါးခူက ဘယ်ဈေးနဲ့ ၀ယ် ထားတာလဲ ညီမရဲ့”

“ရှင် အစ်ကိုပဲ ပို့ခိုင်း လိုက်တာဆို၊ အစ်ကို တပည့်ကလေး ဖိုးထောင် လာပို့ သွားတာလေ”
“ဘာ . . .ဘာပြောတယ်”
အထွန်း စကာကို ရှေ့ဆက် မပြောနိုင်တော့။ အသံသည် လည်ချောင်းထဲ တိမ်ဝင် ပျောက်ကွယ်သွားသည်။ ရင်ထဲတွင်လည်း ဆို့ နစ်သွားသည်။ လက်ထဲက ငါးခူဟင်းနှင့် ထမင်းလုတ်လည်း လွတ်ကျသွားသည်။ မျက်စိထဲတွင်တော့ ထမင်း စားပွဲပေါ်က ငါးခူ ဟင်းလေးကို တစ်လှည့်၊ ခြေလက် များတွင် ရွှံ့စက်များ ပေကျံနေပြီး ဒေါသဖြင့် သုံးလေးချက်ဆင့် ရိုက်သည့် တိုင်တစ်ချက် ကလေးမမဲ့၊ မငိုခဲ့သည့် ဖိုးထောင်၏ ပုံရိပ် နွမ်းကလေးကို တစ်လှည့် ထပ်ခါထပ်ခါ မြင်ယောင်လျက် အမြင်များေ၀၀ါးလာသည်။ ပုံရိပ်များက ပျောက်လိုက် ပေါ်လိုက် မျိုချထားသည့် ၀မ်းနည်း ကြေကွဲမှုများက ရင်နှင့် မဆံ့တော့ဘဲ ယောက်ျားတန်မဲ့ အထွန်း တစ်ယောက် ငိုချ လိုက်ပါတော့သည်။

မိုးဟိန်းထက်