01 December 2009

အကျဉ်းထောင်ထဲ က အလင်းရောင်..။



အကျဉ်းထောင်ထဲ က အလင်းရောင်..။

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါဘဲ
ဒါပေမယ့် အောင်ပန်းဆွတ်တဲ့
အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ.....

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ
သူတွေရဲ့ နိဗ္ဗာန်
တိရ စ္ဆာန် ရုံမဟုတ်ပါ...

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံးသွေးမို့
အရေးတော်ပုံ ရဲ့ သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ...

မြန်မာစာနယ်ဇင်းလောကမှာ
အတောက်ပဆုံး
ကလောင်ဘုရင်
ဟံသာဝတီဦးဝင်းတင်တဲ့
ဂန္တဝင်မြောက်
စံတင်လောက်အောင်
ပြောင်းမြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ် ရဲ့ မင်းမဟော်
ပူဇော်ထိုက်သူအမှန်ပါ....

ပြည်သူကိုသူကချစ်
သူ့ကိုလည်းပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင်
မီးရှူးတန်ဆောင်အစစ်ပါ..

အကျဉ်းထောင်က
အလင်းရောင်ပြနေတဲ့
အာဂသတ္တိရှင်
မိခင်မြန်မာရဲ့
သားရတနာကောင်းကို
ညွှတ်ပျောင်းဦီးခိုက်
ကန်တော့လိုက်ပါရဲ့
မိုးမှောင်ကင်း၍
အလင်းရောက်ပါစေ
ဆရာ.......

(ဆရာ တင်မိုး)