13 November 2009

ကောင်းကင်ကြီး နီလာပြီဆိုမှဖြင့် …...။


မြန်မာပြည်သူတွေအတွက် နာဂစ်မုန်တိုင်းတိုက် ပြီးတာ ၂ နှစ်ပြည့်ခါနီးပြီ ဆိုပေမယ့် မနေ့တနေ့ ကဖြစ်သွားခဲ့သလိုပဲ၊ တုန်လှုပ်ခြောက် ခြားနေ ဆဲပါ။ နာဂစ်တိုက်ခိုက်တာထက် ပိုပြီးတုန်လှုပ် စရာကောင်းတာကတော့ အုပ်ချုပ်ရေး အဖွဲ့အ စည်းတွေရဲ့ မုန်တိုင်းဒဏ်ခံ ပြည်သူတွေအပေါ် မှာထားတဲ့ သဘောထားပါ။

၂ဝဝ၈ ခု မေလ ၂ ရက်နေ့က ကျမရဲ့ လက် ကိုင်ဖုန်းထဲ massage တခု ဝင်လာပါတယ်။ အ လွန်အားပြင်းတဲ့ မုန်တိုင်းတလုံးက မြန်မာနိုင်ငံ ဆီကို ဦးတည်ပြီး ဝင်ရောက်လာနေပြီတဲ့။ ကျမ တို့က မယုံကြပါဘူး၊ တခါမှလည်း မြန်မာပြည်မှာ မုန်တိုင်းအကြီးအကျယ် မတိုက် ဘူးသလို၊ ကျမတို့ငယ်ငယ်ကသင်ရတဲ့ ပထဝီမှာလဲ မြန်မာပြည်မှာ တောင်တန်းတွေ၊ သစ်တောတွေ၊ ဒီရေတောတွေ ကာရံထားတဲ့အတွက် ဖျက်အားပြင်းတဲ့ မုန်တိုင်းဝင်ရောက်ဖို့က မ လွယ်ဘူးတဲ့လေ၊ အသက် ၈ဝ ကျော်တဲ့ ကျမ အဖွားတောင် သူ့တသက် ဒီလောက်ပြင်းတဲ့ မုန်တိုင်းမျိုး မကြုံဘူးသေးဘူးတဲ့၊ ဒါကြောင့် ကျမတို့ ဘာကိုမှ ကြိုတင်ပြင်ဆင်မထားပါဘူး။

အဲဒီနေ့ကလဲ ရန်ကုန်တမြို့လုံး မီးပြတ်နေပါတယ်၊ လုံးဝမီးမလာပါဘူး၊ အဲဒီအချိန်မှာကိုက ဓါတ်ဆီတဂါလံကို ကျပ် ၄,၅ဝဝ ကနေ ၅,ဝဝဝ အထိရှိတော့ လူတွေကမလိုအပ်ရင် မီးစက်မသုံးပါဘူး။ မြန်မာနိုင်ငံမှာနွေရာသီဟာ မီးအင်မတန်ပြတ်တဲ့ ရာသီမို့လို့ မီးလာမှ အားသွင်းလို့ရတဲ့ အင်ဗာတာဟာ သိပ်တော့အသုံးမတဲ့လှပါဘူး။ ဒီတော့ မြန်မာ့ရုပ်မြင်သံကြားကို ဘယ်သူကမှအရေးတယူ ဖွင့်မကြည့် ဖြစ်ပါဘူး။

အဲဒီတုန်းက ကျမ နေတာက တောင်ဒဂုံမြို့နယ်ထဲက TOSTA အိမ်ယာမှာပါ။ အဲဒီတိုက်ခန်းတွဲတွေက ၅ ထပ်တိုက်တွေပါ။ ကျမက ပထမထပ်မှာနေပါတယ်။ ည ၁၂ နာရီလောက်မှာ လေပြင်းတွေစတိုက်ပါတယ်။ လေဟာ ရွှီ ကနဲ အော်မြည်ပြီး တိုက်လာတာပါ။ ခဏလေးအတွင်းမှာပဲ လေထုဟာတိုက်ကိုဝင်ဆောင့်လိုက်ပြီး တိုက်ဟာသိမ့်ကနဲ တချက်တုန်ခါသွားပါတယ်။ ခေါင်မိုးပေါ်ကသွပ် တွေဟာလည်း ဂျိုးဂျိုးဂျွတ်ဂျွတ် သံနဲ့ ဆူညံနေပါတယ်။ ပြတင်းမှန်တွေ ကွဲသံကလည်း ဆူညံနေတာပါပဲ။ တိုက်ခန်းအားလုံးကလူတွေ ဟာ ကြောက်လန့်တကြား တံခါးတွေဖွင့်ပြီး ထွက်ကြည့်ကြပါတယ်။ လူတွေအကုန်လုံးဟာ တိုက်တွေပြိုကျမှာကို ကြောက်လန့်နေကြ ပါတယ်။ တိုက်တွေကလည်း ဆက်တိုက်ဆိုသလို သိမ့်သိမ့်တုန်နေပါတယ်။

အဲဒီအချိန်မှာ လက်ကိုင်ဖုန်းတွေက ပြောလို့ရနေပါသေးတယ်။ ကျမ မိတ်ဆွေ အင်ဂျင်နီယာတယောက်က ကျမဆီကို ဖုန်းဆက်ပြီး တိုက်ခန်းတွေ တံခါးတွေအကုန်ဖွင့်ထားဖို့ အကြောင်းကြားပါတယ်။ ဒါနဲ့ ကျမတို့တွေလည်း တအိမ်နဲ့တအိမ် အကြောင်းကြားပြီး တံခါး တွေဖွင့်ခိုင်းထားရပါတယ်။ လေကတော့လျှော့မသွားဘဲ တဖြေးဖြေး ပိုတိုးပြီးတိုက်နေပါတယ်။ ဒါတောင်မှပဲ မြောက်အရပ်ကို မျက်နှာ လှည့်ထားတဲ့ တိုက်တတိုက်က စောင်းသွားပါသေးတယ်။

ဒီလိုနဲ့ မနက် ၄ နာရီလောက်ရောက်တော့ မုန်တိုင်းရဲ့ အားအပြင်းဆုံးအချိန်ကို ရောက်လာပါတယ်။ ၅ လွှာမှာနေတဲ့လူတွေလည်း အောက်ကိုပြေးဆင်း လာကြပါတယ်။ သူတို့အခန်းမှာသွပ်တွေတချပ်မှ မရှိတော့ပါဘူး။ အိုးတွေ၊ ပလပ်စတစ်နဲ့လုပ်ထားတဲ့ ပန်းကန် ခွက်ယောက်တွေဟာလည်း လေနဲ့အတူလွင့်ပါသွားကြတယ်တဲ့၊ ကျမတို့တိုက်ဝန်းထဲမှာလည်း သစ်ပင်တွေကပြိုလဲကျပြီး လမ်းတွေကို ပိတ်ဆို့ ကုန်ပါတယ်။ ၅ လွာမှာ သွပ်တွေအကုန်ကွာထွက်ကုန်တော့ သူတို့အခန်းတွေက မိုးရေတွေနဲ့ပြည့်ပြီး ကျန်တဲ့အောက်ထပ်က အခန်းတွေကို မိုးရေတွေ စီးကုန်ပါတယ်။

ဒီလောက် လေတွေပြင်းတဲ့ကြားထဲက လွင့်ပျံနေတဲ့သွပ်တွေကို မကြောက်မရွံ့လိုက်ကောက်နေတဲ လူတွေကိုလည်း တွေ့ရပါတယ်။ တချို့ တွေကတော့ ရပ်ကွက်တွေထဲက ဆင်းရဲသားတွေဖြစ်ပြီး၊ တချို့က မြေညီထပ်ကလူတွေပါ။ အမှန်တော့ သွပ်နဲ့မြေညီထပ်က လူ တွေနဲ့ ဘာမှမပတ်သက်ပေမယ့် ရသလောက်ယူမယ်ဆိုတဲ့ စိတ်ထားနဲ့ကောက်နေကြတာပါ။ အဲဒီအထဲမှာ ကျမတို့ရပ်ကွက် ဥက္ကဋ္ဌ ဦး သာရင် တောင်ပါသေး။
ကျမတို့နဲ့ တရပ်ကွက်တည်းပဲ ဘေးနားမှာ ရိုးရိုး အိမ်တွေရှိပါတယ်။ အဲဒီအိမ်တွေကတော့ လဲကျ တဲ့အိမ်လဲ၊ ပြိုတဲ့အိမ်ပြိုနဲ့ အုတ်အော်သောင်း တင်း ဖြစ်နေကြပါတယ်။ ပြိုကျသွားတဲ့အိမ်၊ လဲ သွားတဲ့အိမ်က လူတွေခင်မျာ ကိုယ့်အထုတ် ကိုယ်ပိုက်ပြီး တခြားအိမ်တွေပေါ် တက်နေကြရ ပါတယ်။ အိမ်တလုံးကို လူအယောက် ၄ဝ၊ ၅ဝ လောက် နေ နေကြရပါတယ်။

လက်ကိုင်ဖုန်းတွေက မနက် ၁ဝ နာရီလောက် အထိ ခေါ်လို့ရနေပါသေးတယ်။ ကျမဆီကို DVB က ကိုထက်အောင်ကျော် ဖုန်းခေါ်တာ နောက် ဆုံးပါပဲ။ မုန်တိုင်းအခြေအနေကို မေးတာပါ၊ ပြောနေရင်းနဲ့ ဖုန်းလိုင်းကပြတ်သွားပါတယ်။ ဓါတ်တိုင်တွေလဲ ပြိုကျပျက်ဆီးသွားပြီ ဆိုတော့ မီးပြန်လာဘို့ အတော်စောင့်ရမယ်ဆိုတာကို လူတိုင်းနားလည်ထားကြပါတယ်။

နေ့လည် ၁၂ နာရီလောက်ကစပြီး တဖြေးဖြေးလေငြိမ်သွားပါတယ်။ လေငြိမ်သွားပြီဆိုတာနဲ့ အိမ်ရှင်မတွေက နီးစပ်ရာဆိုင်မှာ ပစ္စည်း ပစ္စယတွေ ပြေးဝယ်ကြရပါတယ်။ အိမ်မှာရှိကြတဲ့ ယောက်ျားတွေက လမ်းမှာပိတ်ဆို့နေတဲ့ သစ်ပင်တွေကို ဖယ်ရှားတဲ့အလုပ်ကို ထွက် လုပ်ကြရပါတယ်။ ဘုန်းကြီးကျောင်းက သံဃာတော်တွေပါရောက်လာပြီး ဝိုင်းကူရှင်းပေးကြပါတယ်။ တချိန်လုံး သွပ်ထွက်ကောက်နေ တဲ့ ဥက္ကဋ္ဌအိမ်က ယောက်ျားတွေ တဦးတလေမှ ထွက်မလာကြပါဘူး။ စွမ်းအားရှင်တွေ၊ ကြံဖွံ့တွေကလဲ အိပ်မောကျနေဆဲပါ။ ယောင်လို့ တောင်မှမတွေ့ရပါဘူး။

ညနေ ၆ နာရီမှာ ရေဒီယိုကနေ VOA သတင်း စလာပါတယ်။ VOA သတင်းက ဧရာဝတီတိုင်းရဲ့ ကြေကွဲဘွယ်အဖြစ်အပျက်တွေကို ကြေညာပါတယ်။ အဲဒီအချိန်မှာ န.အ.ဖ က ကယ်ဆယ်ရေးတောင် မလုပ်သေးပါဘူး။ မေလ ၁ဝ ရက်နေ့ကို အခြေခံဥပဒေ ထောက် ခံပွဲလုပ်ဖို့ကိုပဲ ပြင်ဆင်နေတုန်းပါ။ လူတွေက ဒီပွဲကို စိတ်မဝင်စားနိုင်ကြပါဘူး။ (စကားချပ်- ကျမတို့နေတဲ့ တိုက်ဝန်းမှာ တိုက်ခန်းပေါင်း ၂ဝဝ ကျော်ရှိပါတယ်။ အဲဒီ တိုက်ခန်းမှာနေထိုင်တဲ့ လူအတော်များများက ကြက်ခြေခတ်လိုက်ပေမယ့်လည်း မဲရုံကမဲရေတွက်လိုက် တော့ ၉၆.၈၈% နဲ့ ထောက်ခံလိုက်တယ်ဆိုပဲ)။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်ယာတွေကိုပြင်ဆင်ဘို့ စရိတ်စကအတွက် ပူပန် သောက ရောက်နေကြပါတယ်။

နောက်နေ့ မနက်ရောက်တော့ ဈေးထဲမှာ ဆန်တွေ၊ ဆီတွေကအစ နောက်ဖေးချောင်သုံးပစ္စည်းတွေ အဆမတန် ဈေးတက်သွားပါ တယ် အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေက တံခါးတချပ်ပဲဖွင့်ပြီး ကြိုက်ဈေးနဲ့ရောင်းနေပါတယ်။ သွပ်တချပ်ကို ကျပ် ၁၅,ဝဝဝ နဲ့ ရောင်းပါတယ်။ ဓနိတရာကို ကျပ် ၁ဝ,ဝဝဝ လောက်အထိ ဈေးတက်သွားပြီး၊ အိမ်ရိုက်သံတွေလည်း ၃ ဆခန့်မျှအထိ ခုန်တက် သွားပါတယ်။

မီးလာဖို့ မမြင်တဲ့အတွက် ဓါတ်ဆီတဂါလံကို ကျပ် ၆,ဝဝဝ ကျော်သွားပြီး။ ဒီဇယ်တဂါလံကို ၇,၅ဝဝိ နဲ့ ရောင်းချကြပါတယ်။ တမြို့လုံး သွားလာဆက်သွယ်မှုတွေ ပြတ်တောက်သွားပြီး လူတွေအားလုံးဟာ ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာ သေချာမသိသလို။ အနာဂတ် ဟာ ဘာတွေဖြစ်လာမှာလဲ ဆိုတာကို မှန်းဆဖို့ခက်ခဲနေပါတယ်။

မြန်မာပြည်ရဲ့ ပြင်ပမှာရှိနေတဲ့မြန်မာတွေကလည်း အထဲကဒုက္ခသည်တွေကို ကူညီဖို့ကြိုးစားနေတဲ့ သတင်းတွေကိုကြားရပါတယ်။ ပြည်တွင်းကလုပ်နိုင်တဲ့သူတွေကလည်း အထူးသဖြင့် ဧရာဝတီကို ဝိုင်းကူညီဖို့ နေညမဆိုင်း ကြိုးစားကြပါတယ်။ အဲဒီအချိန်အထိ န. အ.ဖ က ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပါဘူး။ ရန်ကုန်မှာမြန်မာ့အသံက သတင်းတွေလိုက်ရိုက်တဲ့ အချိန်ကလေးအတွင်းပဲ ရဲတို့၊ စစ်သားတို့ကို တွေ့မြင်ရပြီး။ ကျန်အချိန်တွေမှာ ရဲ၊ စစ်သား၊ ရပ်ကွက်ဥက္ကဋ္ဌ ဆိုသူတွေ ပျောက်ဆုံးနေဆဲပါ။

ကျမတို့ကြီးကြီး ဒေါ်ကြည်ဦး (ကိုဇာဂနာ မိခင်) ထံရောက်အောင်ကြိုးစားပြီး သွားပါတယ်။ ကြီးကြီးနဲ့တွေ့တော့ အရေးပေါ်အနေနဲ့ အ ဝတ်အစားတွေ၊ စားစရာတွေ လိုအပ်နေတယ်၊ အဲဒါကို အလှူခံပေးပါဆိုလို့၊ ကျမတို့လဲလိုက်အလှူခံပါတယ်။ အဲဒီအချိန်မှာ လိုင်းကား တွေ မထွက်ကြဘဲ ကြားကားတွေပဲ ဆွဲပါတယ်။ ဟိုနားဒီနား ၅ဝဝ ကျပ်၊ ခရီးဝေးရင် ၁ဝဝဝ ကျပ်နဲ့ ခရီးသွားကြရပါတယ်။

ကျမတို့ အလှူခံလိုက် ကြီးကြီးဆီသွားပို့လိုက်နဲ့ နေ့တိုင်းလိုလို အလုပ်များနေပါတယ်။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ခဏ ရပ်နားထားလိုက်ပါတယ်။ မီးကမလာတော့ gas ဆိုင် gas မပေးနိုင်ပါဘူး။ ဓါတ်ဆီဈေးကလဲ ကြောက်ခမန်းလိလိပါ။ ရက်ကြာလာလေ ဓါတ်ဆီဈေး တက်လေပါဘဲ။ မုန်တိုင်းပြီးလို့ တပတ်သာကျော်လာပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသတွေဆီကို ဘယ်ဝန်ကြီးချုပ် ဘယ် ဗိုလ်ချုပ်မှူးကြီးကမှ ရောက်မလာပါဘူး။ ရောက်လာတဲ့ စစ်တပ်ကလဲ ဒုက္ခသည်တွေရဲ့ ရိက္ခာတွေကိုဝင်ပြီး စားသောက်နေပါတယ်။

အချိန်ကြာတာနဲ့အမျှ ရန်ကုန်မှာ မီးဒုက္ခအပြင်၊ ရေဒုက္ခပါရောက်လာပါတယ်။ ရေမရှိကြတော့ပါဘူး။ ရပ်ကွက်ထဲက တာဝန်ရှိသူတွေက တုတ်တုတ်မျှ မလှုပ်ကြတဲ့အခါမှာ ရပ်ကွက်သားတွေက ကိုယ်ထူကိုယ်ထ ရေရရှိရေးကို လုပ်ဆောင်ကြရပါတယ်။ ကူဘိုတာတွေငှား၊ ဆီတွေဝယ်ပြီး ရေမောင်းတင်ကြရပါတယ်။ တချို့ရပ်ကွက်တွေမှာ ရေတွင်းရှိတဲ့လူတွေက ရေလှူကြပါတယ်။ ဒါကို အခွင့်ကောင်း စောင့်နေတဲ့ ကြံ့ဖွံ့တွေက ရေလှူတဲ့အိမ်တွေရှေ့မှာ အလံသွားစိုက်ပြီး။ ဟိုလူ့ကို တန်းစီခိုင်း၊ ဒီလူ့ကိုတန်းစီခိုင်းလုပ်လို့ စိတ်အချဉ် ပေါက်နေတဲ့ ရေတွင်းပိုင်ရှင်တွေက ရေလှူတာကို ရပ်လိုက်ကြပါတယ်။

ကျမတို့ လင်မယားလည်း အလှူခံလိုက်၊ ကယ်ဆယ်ရေးသွားလိုက်နဲ့ အိမ်မှာမနားဖြစ်ပါဘူး။ အဲဒီနေ့ကတော့ အိမ်မှာ ကျမ ကျန်ခဲ့ပြီး အမျိုးသားက အပြင်ထွက်သွားပါတယ်။ အဲဒီအချိန်မှာဘဲ ခရစ်ယာန်ဘုရားကျောင်းတခုက တောင်ဒဂုံရပ်ကွက်တွေထဲမှာ ဆန်လိုက်ဝေ တယ်ဆိုလို့ ကျမလည်း သွားကြည့်ပါတယ်။ တကယ့်ကို အပျက်အစီးများတဲ့ ရပ်ကွက်ထဲမှာ သွားဝေတာပါ။ စဝေဝေခြင်းမှာ လူတ ယောက်ကို ဆန် ၁၂ ပြည်နဲ့ ငွေ ၁,ဝဝဝ ကျပ် ဝေပေးပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက စည်းကမ်းတကျနဲ့ တန်းစီပြီးယူကြ ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဦးသာရင်ရဲ့အိမ်က TOSTA အိမ်ယာထဲမှာရှိပြီး ဆန်ဝေတဲ့နေရာနဲ့ ဝေးနေတော့ ရုတ်တရက် သူ မသိလိုက်ပါ ဘူး။ နာရီဝက်လောက်ကြာတော့မှ သိပြီး ရောက်လာပါတယ်။

ရောက်လာတာနဲ့ ဝေနေတာကို ရပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဥက္ကဋ္ဌက သူ့ကိုအပ်ဖို့တောင်းဆိုပါတယ်။ ဘုရားကျောင်းအကြီးအကဲ က လည်း ချက်ချင်းတော့ မအပ်ပါဘူး။ ဥက္ကဋ္ဌက "အခုဝေချင်သလိုဝေတော့ ရတဲ့လူရပြီး၊ မရတဲ့လူကမရနဲ့ မညီမမျှဖြစ်မယ်၊ အိမ်တွေ က လူနဲနဲလေးပဲရှိပြီး ဆန်အများကြီးရမယ်၊ တချို့အိမ်တွေက လူများပြီးဆန်နည်းသွားတာမျိုး ဖြစ်ခဲ့ရင် တဦးနဲ့တဦး မကျေနပ်ရာက ရာဇ ဝတ်မှုအထိ ဖြစ်နိုင်လို့၊ ရပ်ကွက်က တာဝန်ရှိသူတွေကပဲ စီမံခန့်ခွဲရမယ်လို့ အထက်ကအမိန့်ပေးထားတယ်" လို့ ပြောပါတယ်။ "တ ကယ်လို့ သူ့ကိုမအပ်ရင် အထက်ကို အကြောင်းကြားရလိမ့်မယ်" လို့လည်း ခြိမ်းခြောက်တော့ နောက်ဆုံး ဘုရားကျောင်းက အပ်လိုက် ရပါတယ်။ ဥက္ကဋ္ဌက ဘုရားကျောင်းလူကြီးကို "လူတဦးကို ဆန် ၃ ပြည်နှုန်းနဲ့ ဝေပေးပြီး တအိမ်ထောင်ကို ၁,ဝဝဝ ကျပ် ပေးမယ်"လို့ ပြောပြီး အလှူပစ္စည်းတွေကို သိမ်းလိုက်ပါတယ်။

ပြီးတော့မှ ခုနဝေပြီးသားလူတွေဆီက လက်လှမ်းမှီသလောက် ပြန်လိုက်သိမ်းလိုက်ပြီး တအိမ်ထောင် ဆန် ၃ ပြည်နဲ့ ငွေသား ၃ဝဝ ကျပ် ဝေပေးလိုက်ပါတယ်။ ပိုတဲ့ဆန်နဲ့ ငွေသားတွေကိုတော့ ရပ်ကွက်ဥက္ကဋ္ဌနဲ့ စွမ်းအားရှင်ဥက္ကဋ္ဌက ဆန် ၃ အိပ်စီနဲ့ ငွေသားတသိန်းခွဲစီ ရသွားပြီး၊ နောက်လိုက်တွေကတော့ ငွေ ၅ဝဝဝ ကျပ်နဲ့ ဆန်တအိပ်စီ ဝေပေးလိုက်ပါတယ်။

တရုတ်ပြည် ငလျင်ကြီးလည်းလှုပ်ရော ဝန်ကြီးချုပ် ဝမ်ကြားပေါင် ကိုယ်တိုင် ငလျင်လှုပ်တဲ့နေရာမှာသွားပြီး ဒုက္ခသည်တွေကို အားပေး တယ်ဆိုတော့မှ သတင်းစာကနေ မရှက်မကြောက် ဆောင်းပါးတခုရေးပါတယ် …
"ဗိုလ်ချုပ်မှူးကြီးက မုန်တိုင်းဒဏ်သင့်တဲ့ နေရာတွေကို ချက်ချင်းသွားချင်ခဲ့ပေမဲ့ ဝန်ကြီးချုပ်ယူထားတဲ့ တာဝန်တွေကို ကြားကနေ ဝင် စွက်ဖက်သလို ဖြစ်မှာစိုးလွန်းလို့ ဆန္ဒတွေကို ထိန်းချုပ်ထားရတာပါ" တဲ့။

ဒါပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ တပ်မတော်ရဲ့ အကြမ်းဖက်မှုသတင်းတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ နိုင်ငံတကာ က ဒုက္ခသည်တွေအတွက်ပေးတဲ့ စားနပ်ရိက္ခာတွေဟာ ဒုက္ခသည်တွေကိုဝေတဲ့ဆီ မရောက်ပါဘူး။ သံဈေးထဲမှာ၊ ညောင်ပင်လေးဈေး မှာ၊ ယုဇန ပလာဇာမှာ၊ city Mart အရောင်းဆိုင်တွေမှာ ရောင်းချပေးနေပါတယ်။ စေတနာရှင်ပြည်သူတွေကိုတော့ တားဆီး၊ ဖမ်း၊ ပြန်ခိုင်း ဆိုတာတွေကို နေ့စဉ်လုပ်နေပါတယ်။

အလှူရှင်တွေရောက်ဖို့ ခက်ခဲတဲ့နေရာက လူ တွေဟာ အလှူရှင်တွေဖြတ်သွားတဲ့ ကားလမ်း တွေအထိ ရောက်အောင်လာပြီး အလှူခံကြရပါ တယ်။ ဒါကို န.အ.ဖ က နိုင်ငံတော် သိက္ခာ ကျအောင်လုပ်တာပါဆိုပြီး။ အဲဒီလူတွေကို မလှူ ရဘူး၊ လှူရင် ပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ဆိုပြန်ပါတယ်။

အတည်ပြုဘို့ ခက်ခဲတဲ့ သတင်းတွေအနေနဲ့ ကျမတို့ ကယ်ဆယ်ရေး လိုက်သွားတုန်းက ဒေ သခံပြည်သူတွေရဲ့ ပြောပြပုံအရဆိုရင်တော့ စစ် သားတွေဟာ ရွှံ့နွံတွေကြားထဲက ရွှေတိုရွှေစ တွေကို လိုက်စုတာ ၁ဝ ကျပ်သားလောက်အထိ ရသွားကြယုံမက ဒုက္ခသည်တွေဆီက ရွှေတိုရွှေစတွေဘာတွေတွေ့ရင် အတင်း ဓားပြတိုက်တယ်လို့ ဆိုကြပါတယ်။

ဒီအချိန်မှာဘဲ န.အ.ဖ က ကြေညာပြန်ပါတယ်။ ရပ်ကွက်က ထောက်ခံချက်ပေးရင် တအိမ်ထောင်ကို သွပ် ၅ ချပ် ရောင်းပေးမယ် ဆိုတာပါပဲ။ ရပ်ကွက်ထောက်ခံချက်ရဘို့ ဥက္ကဋ္ဌ ကို အရင်အလှူငွေထည့်ကြရပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေ ၆ လသာကျော်သွား ရော သွပ် ၅ ချပ် မရကြပါဘူး။ သွပ်မရမချင်း အိမ်မမိုးဘဲမနေနိုင်ကြတော့ အပြင်ကဝယ်ပြီး အိမ်မိုးကြရပါတယ်။ တကယ်က အိမ် ဆောက်ပစ္စည်းတွေကို နိုင်ငံခြားကတင်သွင်းကြတဲ့ ကုမ္ပဏီတွေဟာ စစ်အစိုးရနဲ့ မပတ်သက်တဲ့လူဆိုတာ မရှိကြပါဘူး။ နောက်ဆုံး တော့ နာဂစ်ရဲ့ အကျိုးအမြတ်က စစ်အုပ်စုအတွက်ဖြစ်သွားရပါတယ်။

ကျမတို့လည်း ရသမျှသတင်းတွေစုပြီး ကြီးကြီးဆီကို ပို့ပေးပါတယ်။ ကြီးကြီးတို့ဆီကို တခြားကလဲ သတင်းတွေဝင်ပါတယ်။ ဒီတော့ ကိုဇာဂနာတို့ အနုပညာရှင်အုပ်စုက တောင်ဒဂုံမှာ ဆန်ဝေမယ်ဆိုတော့ ဆန်တွေကို တခါထဲအပြီး အထုပ်တွေနဲ့ထုပ်ပြီး လာသမျှလူကို တယောက်တထုပ် ပေးပါတယ်။ အဲဒီ ကားပေါ်မှာပါတာက မင်းသားကျော်ရဲအောင်နဲ့ ဝေဠုကျော်ပါ။ ဒီတခါတော့ စွမ်းအားရှင်တို့က ပညာတမျိုးပေးပြန်ပါတယ်။ ကားပေါ်တက်ပြီး ဆန်ထုတ်တွေကို တက်လုတာပါ။ ဗလတောင့်တဲ့ မင်းသား ၂ ယောက်က တက်လုတဲ့လူ တွေကို လက်သီးစာဖိကျွေးလိုက်မှပဲ စည်းကမ်းတကျ တန်းဝင်စီကြပါတော့တယ်။

ကျမတို့ ကယ်ဆယ်ရေးတွေ လုပ်နေတယ်ဆိုတော့ မင်္ဂလာဈေးထဲက မိတ်ဆွေတယောက်က ဆက်သွယ်ပါတယ်။ သူတို့မင်္ဂလာဈေးက ချုပ်ပြီးသား အထည်တွေလှူချင်ပါတယ်တဲ့။ ဒါနဲ့ အလှူရှင်နည်းသေးတဲ့ နေရာကို စုံစမ်းပြီး သူနဲ့ကျမသွားလှူပါတယ်။ အဲဒီရပ်ကွက်က အရှေ့ဒဂုံက ၁၁ ရပ်ကွက်ပါ။ ကျမမိတ်ဆွေက ရ.ရ.က ရုံးကိုဝင်သွားပြီး အဝတ်လှူချင်ကြောင်းပြောတော့ ဥက္ကဋ္ဌက "အခုသူ့ကို ပေးခဲ့ ပါ။ သူ စိစစ်လိုက်ဦးမယ်၊ မနက်ဖြန်ကြမှ ဝေကြတာပေါ့" လို့ ပြောတော့ ကျမတို့ အင်္ကျီတွေထားခဲ့ကြပါတယ်။ နောက်တနေ့ တခါထပ် သွားတော့ မနေ့က ညနေမှာ သူတို့ဝေလိုက်ကြတယ်တဲ့၊ ဒီမှာဓါတ်ပုံတောင် ရိုက်ထားတယ်ဆိုပြီး ပြပါတယ်။ ကျမတို့လဲ မကျေနပ်ပေ မယ့် မထူးတော့တာမို့ ပြန်လာပါတယ်။ အပြန်လမ်းမှာ တဲအိမ်လေးတအိမ်တွေ့တော့ ကျမ ဝင်မေးလိုက်ပါတယ်။ မနေ့က အင်္ကျီဝေတာ ရသလားဆိုတော့ အိမ်ရှင်ပြန်ဖြေပုံက "ရပါတယ်အမရယ် ဒါပေမဲ့ ဝတ်လို့ကို မရတဲ့ ဘေထုတ်အစုတ်အပြဲတွေပါ" ဆိုပြီး အင်္ကျီကို ထုတ်ပြပါတယ်။ ကျမက မကျေနပ်ပေမဲ့ ကျမမိတ်ဆွေက ကျမအတွက်စိုးရိမ်လို့ သူက "ဘာမှပြောမနေပါနဲ့၊ ဒီလိုပစ္စည်းဆိုတာ အပူတွေပါ၊ သူယူဝံ့လို့ယူတာ ယူပါစေ" တဲ့။ ဒါနဲ့ကျမလည်း စိတ်လျှော့လိုက်ပါတယ်။

တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းထဲမှာနေတဲ့ ရပ်ကွက်ဥက္ကဋ္ဌက သူရတဲ့ခွဲတမ်းထဲက ခေါက်ဆွဲ ၂ ပါကင်၊ ဘီစကွက် ၁ ပါကင်နဲ့ ခြင် ထောင် ၃ လုံး၊ စောင် ၃ ထည်ကို သူ့ရဲ့ခယ်မဆိုင်မှာတင်ရောင်းပါတယ်။ သတင်းရလို့ ကျမတို့သွားမေးတော့ ပစ္စည်းတွေကိုဖွက်ထား လိုက်ပါတယ်။ ဝယ်စားထားတဲ့ လူတွေဆီက ခေါက်ဆွဲခြောက်အိပ်ကိုယူပြီး ကိုဇာဂနာဆီကို ပို့ပေးလိုက်ပါတယ်။ ဒီ ဒုက္ခသည် ရိက္ခာ တွေကို မ.ရ.က ဥက္ကဋ္ဌက ခွဲတမ်းချပြီး ရပ်ကွက်ဥက္ကဋ္ဌတွေကို ဝေပေးတာပါ။

နိုင်ငံတကာက သိသွားတော့ ခွဲဝေယူတဲ့ကိစ္စတွေကို မလုပ်တော့ဘဲ ပစ္စည်းတွေကို ဂိုထောင်တွေထဲထည့်ပြီး ပိတ်ထားလိုက်ပါတယ်။ ဒုက္ခသည်တွေကိုလည်း မဝေခြမ်းပါဘူး။ နောက်ဆုံးတော့ ဂိုထောင်တွေထဲမှာ ဆွေးမြေ့ပျက်စီးကုန်တယ်ဆိုတာကို သူတို့စစ်တပ်ထဲ ကပဲ သတင်းထွက်လာပါတယ်။

ကုမ္ပဏီတွေက ဆောက်တဲ့အိမ်တွေဟာ တလုံးကို ကျပ် ၆ သိန်းတန်တာမို့လို့ တကယ်ဘဝပျက်သွားတဲ့ လူတွေမဝယ်နိုင်ပါဘူး။ နောက် ဆုံးတော့ ကြံဖွံ့တို့ စွမ်းအားရှင်တို့ကပဲ ရသွားတာမို့လို့ နဂိုမြေပိုင်ရှင်တွေခင်မျာ နာဂစ်အပြီးမှာ အိမ်တွင်မကဘဲ မြေပါပျောက်ဆုံးသွား ကြရတာမို့ မိအေး ၂ ခါမကနာကြရပါတယ်။

အခုတော့ ဗမာပြည်သူတွေဟာ မုန်တိုင်းရဲ့ရှေ့ပြေး ကောင်းကင်ပြင်ကြီး နီရဲလာပြီဆိုမှဖြင့် ကိုယ့်ဘေး ကိုယ်ရင်ဆိုင်ကြရမှာမို့လို့ ကောင်းကင်ကြီးမနီအောင် ဆုတောင်းနေကြရပါပြီ။

ခင်ငြိမ်းသစ် ..။(နေ့သစ်မှပြန်လည်ဖော်ပြပေးပါသည်..။)