08 November 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ စာပေအနုပညာ


မြန်မာပြည်ရဲ့ နိုင်ငံရေးမှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတွေက စာပေအနုပညာများ ဖန်တီးတာတွေ၊ စာပေအနုပညာသမားတွေက နိုင်ငံရေးလောကထဲ ပါဝင်လှုပ်ရှားတာတွေကို တွေ့နိုင်ပါတယ်။ ဒီလိုပဲ နယ်ပယ် ၂ ခုစလုံးမှာ အပြည့်အဝ ပါဝင်ကြသူတွေလည်း ရှိပါတယ်။ သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ စာရေးဆရာ သိန်းဖေမြင့် စသဖြင့် ထင်ရှားသူတွေက အများကြီးပါ။



ဒီလိုပုဂ္ဂိုလ်တွေထဲမှာ ထပ်ပြီး ထည့်နိုင်သူတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး နိုင်ငံတကာမှာ ထုတ်ဝေထားတဲ့ စာအုပ်တွေက အင်္ဂလိပ်ဘာသာနဲ့ ဖြစ်နေတော့ မြန်မာပြည်ထဲမှာ ရှိနေသူ အများစုနဲ့ လက်လှမ်းမမီနိုင်သလို၊ လက်လှမ်းမီလို့ ကိုယ်ပိုင်အဖြစ် ရှိနေမယ်ဆိုရင်တောင် နိုင်ငံရေးအခြေအနေက ကိုယ့်စာအုပ်စင်မှာ ကိုယ်လွတ်လွတ်လပ်လပ် မထားဝံ့တဲ့ အနေအထား။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေအနုပညာအကြောင်း ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေတွေနဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှ တင်ပြချင်ပါတယ်။

မြန်မာ့နိုင်ငံရေးထဲ ဒေါ်အောင်ဆန်းစုကြည် စတင်ဝင်ရောက်တဲ့အချိန်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံလို့ အများက အကြမ်းဖျင်း သိထားကြပါလိမ့်မယ်။ အဲဒီအချိန်ကို ခွဲခြားသတ်မှတ်မယ်ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ စာအုပ် ၄ အုပ်ရှိနေပါပြီ။ အဲဒီစာအုပ်တွေကတော့ Let's Visit Nepal၊ Let's Visit Bhutan၊ Let's Visit Burma နဲ့ Aung San စာအုပ်တို့ဖြစ်ပါတယ်။ နောက်ပိုင်းကာလမှာ ရေးသားခဲ့တဲ့စာအုပ်တွေကတော့ ‘မြန်မာပြည်က လာတဲ့စာ’လို့ မြန်မာပြန်ဆို ထုတ်ဝေခဲ့တဲ့ ‘Letters from Burma’၊ ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ လို့ ဒေါက်တာအောင်ခင် မြန်မာပြန်ဆိုထုတ်ဝေခဲ့တဲ့ ‘Freedom from Fear’ စာအုပ်နဲ့ ‘The Voice of Hope’ စာအုပ်တို့ဖြစ်ပါတယ်။



ဒီစာအုပ်တွေကို ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် မြန်မာဘာသာနဲ့ ရေးသားဖူးတဲ့စာအုပ် မရှိဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ မြန်မာဘာသာနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ဆိုရေးသားထားတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ မူရင်း William Ury ရဲ့ ‘Getting Pass No’ ဆိုတဲ့စာအုပ်ကို ပြန်ဆိုထားတဲ့ ‘ဟင့်အင်း ကို ကျော်ဖြတ်ခြင်း’ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြန်ဆို ရေးသားပြီး ကိုယ်တိုင်စာအုပ်ဖြစ်အောင် လုပ်ခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအတွက်သာ ကန့်သတ် ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပြီး ၁၉၉၆ ခုနှစ် ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ ပြုလုပ်ခဲ့တဲ့ စာဖတ်ဝိုင်းတွေထဲမှာ ထည့်သွင်းဆွေးနွေးခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို HRDU လို့ အတိုကောက်ခေါ်တဲ့ ပြည်ပအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာနက ၁၉၉၉ ခုနှစ်မှာ ပြန်လည် ထုတ်ဝေခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါသနာတွေထဲမှာ စာဖတ်ခြင်းက ရှေ့ဆုံးမှာ ရှိနေပါတယ်။ စာဖတ်ဝါသနာနဲ့ စိတ်စေတနာ ပေါင်းစပ်ပြီး စာပေရေးသားဖြစ်တယ်လို့ ယူဆမိပါတယ်။ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ တိုက်တွန်းကူညီမှုတွေကလည်း အထိုက်အလျောက် ပါဝင်နေမှာဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ အခုဆိုရင် အုပ်ရေ သန်းနဲ့ချီအောင် ထုတ်ဝေခဲ့ပြီး ဖြစ်နေပါလိမ့်မယ်။

Let's Visit လို့ အစချီထားတဲ့ စာအုပ်တွေရဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တဲ့အခါ သက်ဆိုင်ရာ တိုင်းပြည်တွေကို အလည်အပတ်သွားဖို့ တိုက်တွန်းတဲ့၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဖိတ်ခေါ်တဲ့ စာအုပ်တွေလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စာအုပ်တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီလို မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာပေါ်က နိုင်ငံပေါင်းများစွာအကြောင်း တစ်နိုင်ငံချင်း ထုတ်ဝေထားတဲ့ ဒီစာအုပ်တွေမှာ တခြားစာအုပ်တွေကို မတွေ့ဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ စာအုပ် ၃ အုပ်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို မလာချင် လာချင်အောင် ဖိတ်ခေါ်တဲ့ အရေးအသားတွေ လုံးဝ မတွေ့ရပါဘူး။ အဲဒီစာအုပ်တွေထဲမှာ အကြမ်းအားဖြင့် နိုင်ငံရဲ့ ပထဝီအနေအထား၊ သမိုင်းမှတ်တမ်းတွေနဲ့ ဓလေ့ထုံးစံတွေ၊ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကြောင်း ဗဟုသုတဖြစ်ဖွယ် စုံစုံလင်လင် ရေးသားထားတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်အနေနဲ့ ပြောချင်တာတစ်ခုက မြန်မာနိုင်ငံအကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် သိသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့အခါ စစ်အာဏာပိုင်တွေက ‘တိုင်းပြည်ပြင်ပမှာ နှစ်ပေါင်း ၂ဝ ကျော် နေခဲ့တဲ့သူက မြန်မာပြည်အကြောင်း ဘယ်လောက် သိမှာလဲ’လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါကို ရှေ့ပိုင်းကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ‘သိလွန်းလို့တောင် ခက်နေတယ်’ လို့ တုံ့ပြန်ပြောဆိုဖူးပါတယ်။ ဒီလိုပြောဆိုခဲ့တာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Let's Visit Burma စာအုပ်ကို ဖတ်ကြည့်ရင်ပဲ သိနိုင်ပါတယ်။

အဲဒီစာအုပ်ထဲမှာ သယံဇာတ ပေါကြွယ်ဝပုံ၊ ခေတ်ဟောင်းသမိုင်းနဲ့ ရာဇဝင်၊ လွတ်လပ်သောတိုင်းပြည် တည်ထောင်ခြင်း၊ လူနည်းစု တိုင်းရင်းသားများ၊ မြန်မာ့ဓလေ့ စသဖြင့် အခန်း ၇ ခန်းခွဲပြီး ရေးသားထားပါတယ်။ နေရာဒေသတွေ အကြောင်း ရေးသားတဲ့အခါ ‘မော်လမြိုင်က အစား၊ မန္တလေးက စကား၊ ရန်ကုန်က အကြွား’ဆိုတဲ့ ဆိုရိုးစကားမျိုး ထည့်သွင်းရေးသားတဲ့အပြင် လယ်ယာလုပ်ငန်းအကြောင်း၊ တောင်ယာခုတ်ခြင်း အကြောင်းတွေကို အသေးစိတ် ရေးသားထားတာမို့ မမြင်ဖူးတဲ့သူတွေတောင် စိတ်ကူးနဲ့ မှန်းဆ မြင်ယောင်သွားနိုင်ပါတယ်။ သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေအကြောင်း အကြမ်းဖျင်း ရေးသားထားပြီး မြန်မာနိုင်ငံ သမိုင်းကိုတော့ မျိုးနွယ်စုတွေ ဆင်းသက်လာပုံ၊ မွန်လူမျိုးများ အခြေချပုံ၊ ပျူခေတ် ပုဂံခေတ် တောင်ငူခေတ် အင်းဝခေတ် ကုန်းဘောင်ခေတ် နောက်ဆုံး ကိုလိုနီခေတ် စသဖြင့် တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်။ လွတ်လပ်ရေး ရပြီးချိန်ကနေ ပထမဆုံး စစ်အာဏာသိမ်းတဲ့ တော်လှန်ရေး ကောင်စီ တဖြစ်လဲ မဆလပါတီအကြောင်း ရေးသားထားတဲ့ အခန်းမှာတော့ ပြည်တွင်းစစ်ဖြစ်ပြီး စည်းလုံးညီညွတ်မှု ပြိုကွဲနေတဲ့ တိုင်းပြည်အကြောင်းကိုပါ ထည့်သွင်းရေးသားခဲ့ပါတယ်။

မြန်မာလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုများနဲ့ ဓလေ့ထုံးစံများကို ရေးသားရာမှာတော့ အခြေခံ ဘာသာရေး အဆုံးအမများအကြောင်း ရှင်းလင်းရေးသားထားပြီး ကောင်းသောမြင်ခြင်း၊ ကောင်းသောကြံခြင်း၊ ကောင်းစွာဆိုခြင်း၊ ကောင်းသောပြုခြင်း၊ ကောင်းသော အသက်မွေးခြင်း၊ ကောင်းသော အားထုတ်ခြင်း၊ ကောင်းသော အောက်မေ့ခြင်း၊ ကောင်းသော တည်ကြည်ခြင်း ဆိုတဲ့ မဂ္ဂင် ၈ ပါးအကြောင်း၊ အလယ်အလတ် လမ်းစဉ်အကြောင်း၊ ရတနာ ၃ ပါး၊ သံသရာ နိဗ္ဗာန် စတဲ့အကြောင်းတွေ၊ မွေးနေ့ကို အစွဲပြုပြီး အမည် မှည့်ခေါ်ပုံတွေ၊ နတ်ကိုးကွယ်မှုအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာ တချို့သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာများကိုပါ ထည့်သွင်းပြောပြမှ ပြည့်စုံမှာဖြစ်တဲ့အတွက် စာတစ်ပုဒ်တည်းနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူ့ရဲ့စာပေတွေကနေ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားများကိုလည်း ချဉ်းကပ်ကြည့်ရှုဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ် ဆိုတာ ပိုပြီး ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ။

ရင်းမြစ် ..ဆရာ ထိန်လင်း (မိုးမခ)