14 November 2009

၁၃ ရက်နေ့ရ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုညီညီအောင်သတင်းများ....။

အဖွဲ့ချုပ်(ဒု) ဥက္ကဋ္ဌ ဘဘဦးတင်ဦး နှင့်ဒေါက်တာဒေါ်တင်မိုးဝေတို့၏နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာပွဲ ယနေ့အဖွဲချုပ်ရုံး၌ ပြုလုပ်။



စစ်အစိုးရရဲ့ မတရားနေအိမ် အကျယ်ချုပ်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘ(သူရ)ဦးတင်ဦးတို့ရဲ့ နှစ်(၅၀)မြောက်ရွှေရတု မင်္ဂလာပွဲ အတွက် ဆုတောင်းပွဲကို အဖွဲချုပ်ဗဟို အ မျိုးသမီးအဖွဲ့မှ ဦးစီး၍ ယနေ့ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဘဘဦးတင်ဦးကို ချစ်ခင်ကြတဲ့ ပြည်သူများနဲ့ အဖွဲ့ချုပ်ဝင်များ (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသူများ အား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....



နောက်တပတ်မှာ ထုတ်ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သည့် အကြံပြုချက်။

လာမည့် တနင်္လာနေ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးပြုလုပ်ပြီး အင်္ဂါနေ့မှာထုတ်ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သည့် အကြံပြုချက်ဟာ မြန်မာပြည်နဲ့ အာလုံးအတွက် အနာဂတ်မှာ ကောင်းမယ့် အပြုသဘောဆောင်တဲ့ အကြံပြုချက်ဖြစ်မှာ ဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် အယူခံအမှု ဗဟိုတရားရုံးသို့ပြင်ဆင်မှုတင်။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံ အမှုကို ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်လိုက်ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

" ဒီနေ့ တိုင်းတရားရုံးက အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ဗဟိုတရားရုံးကို ပြင်ဆင်မှုတင်လိုက်ပါပြီ။ ဆရာဦးကြည်ဝင်း သွားတင်တာပါ... အန်ကယ်က ကိုညီညီအောင် အမှုအတွက် အင်းစိန်ထောင်တွင်း တရားရုံးကို သွားနေရလို့ပါ။ လာမယ့်သောကြာနေ့မှာ အယူခံအမှုအတွက် တရားရုံး Notice Board ပါမပါ စောင်ကြည့်ရမှာပါ " သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အကျိုးဆောင်ရှေ့နေများမှ တိုင်းတရားသို့ အယူခံတင်သွင်းခဲ့ပြီး တိုင်းတရားရုံးက အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့ပါတယ်။ ယခု ထပ်မံ၍ ဗဟိုတရားရုံးကို ပြင်ဆင်မှု တင်ခြင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှု သောကြာနေ့တိုင်း စစ်ဆေးမည်။



ယနေ့အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ်ဆေးတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုနဲပတ်သတ်ပြီး " ဒီနေ့ မနက်(၁၀) နာရီကနေ နေ့လည် (၁)နာရီ အထိ ကိုညီညီအောင်အမှု အတွက် အစိုးရသက်သေ ရဲအရာရှိ (၂)ဦးကို စစ်ပါတယ်။ ကိုညီညီအောင်နဲ့လည်း ခဏစကားပြောခွင့်ရပါတယ်။ အစိုးရ သက်သေတွေ အားလုံးစစ်ဆေးပြီးမှ ကိုညီညီအောင်ကို စစ်မှာပါ။ ကိုညီညီအောင် ကျန်းမာရေးကောင်းပါတယ်။ နောက်တပါတ်(၂၀)ရက်နေ့ သောကြာနေ့ကို ချိန်းပါတယ်။ ကိုညီညီအောင် အမှုကိုတော့ သောကြာနေ့တိုင်း စစ်မယ် ပြောပါတယ်" ။

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။

သတင်း ပေးပို့ လာသူ..ဒီမိုဝေယံ..။