24 September 2009

၈၈ မျိုးဆက်ကျောင်းသားကိုမျိုးရန်နောင်သိန်း နဲ့တွေ့ဆုံမေးမြန်းချက်။


အစိုးရက အကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ သံတွဲထောင်က ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း လည်း ပါဝင်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ကိုမျိုးရန်နောင်သိန်း ဟာ အာရုံကြောထိခိုက်တဲ့ဝေဒနာကို ခံစားနေရပြီး လမ်းမလျှောက်နိုင် ဖြစ်နေပါတယ်။

သူဟာ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅ဝ၅-ခ နဲ့
ပြစ်ဒဏ် ၂ နှစ်ကျကာ လွတ်ဖို့ ၃ လ အလိုမှာ ပြန်လွတ်လာတာပါ။ ၁၉ ရက်နေ့မှာ သံတွဲထောင်ကနေ ပြန်လွတ်တာဖြစ်ပြီး ဒီနေ့ ၂၁ ရက်နေ့မှာ အိမ် ပြန်ရောက်တယ်လို့ ကိုမျိုးရန်နောင်သိန်း က ပြောပါတယ်။

“ကျနော်တို့ကို ၁၈ ရက်နေ့ နေ့ခင်းပိုင်းလောက်မှာ လွတ်ကြောင်း လာပြောပြီး အိမ်ပြန်ဖို့ ပိုက်ဆံတထောင်
စီ လာပေးတယ်။ ညနေစောင်းတဲ့အထိ သူတို့ မလွှတ်ဘူး။ သူတို့ ခဝတ လား၊ ဘာလား မသိဘူး စောင့်နေရလို့တဲ့။ သတင်း ဖက်စ် ဝင်မလာလို့တဲ့။ ၁၈ ရက်နေ့မှာ ညအိပ်လိုက်ရတယ်။ ၁၉ ရက်နေ့
မနက်မှာ လွှတ်ပေးပါတယ်။”

အဖမ်းခံရတုန်းက အခြေအနေကို ရှင်းပြပေးပါလား။

“အဖမ်းခံရတဲ့နေ့က လှည်းတန်းထိပ်မှာ ကျနော် ဆိုင်တဆိုင်ကို ဝင်တယ်။ အိမ်က လှည်းတန်းမှာမို့
အမေ့ဆီကို ဖုန်းလှမ်းဆက်တာ။ ဖုန်းဆက်ပြီး ပြန်အထွက်မှာ လူ ၂ ယောက်က ကျနော့်လက်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။ ဗလကြီးကြီး စွပ်ကျယ်နဲ့။ ဆေးမင်ကြောင်တွေ တကိုယ်လုံး ထိုးထားတယ်။
တကယ့် လူဆိုးသူခိုးလို ပုံစံမျိုး။ လူမှားပြီး ကိုင်တယ်ထင်လို့ ကျနော် လှည့်ကြည့်တယ်။
လှည့်ကြည့်တော့ တယောက်က နောက်ကနေ အတင်း တွန်းထိုးပြီး တက္ကစီတစီးထဲကို ထည့်တယ်။ သူတို့ပုံစံတွေက လူဆိုးသူခိုးတွေနဲ့တူတော့ ကျနော် အော်တာပေါ့။ လူမှားပြီးဖမ်းတာ၊ ပြန်ပေးဆွဲတာလို့ ထင်တယ်လေ။ အော်တော့ သူတို့ ကျနော့်ပါးစပ်ကို ပိတ်တယ်။ လည်ပင်းညှစ်တယ်။ နှစ်ယောက်က ထိုးထည့်တယ်။ တယောက်က အပေါ်က တက်ထိုင်တယ်။ ပြီးတော့ ခေါင်းကို အဝတ်နဲ့အုပ်ပြီး ကားမောင်းထွက်လာပါတယ်။ အဲဒါက ၂ဝဝ၇ ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းလောက်ပါ။”

သူတို့က ဘယ်ကို ခေါ်သွားတာလဲ။

“ခေါင်းကို အုပ်ထားတော့ ဘယ်လဲဆိုတာ သေသေချာချာ မသိရဘူး။”

ရောက်သွားတော့ ဘာတွေ ဆက်ဖြစ်လဲ။

“ရောက်သွားတော့ ခေါင်းစည်းထားတာပဲ။ ကျနော့်ကို ဝိုင်း ကန်ကျောက်ကြတယ်။ ထိုးတယ်။ ခွေးတကောင်လို ကုန်းခိုင်းပြီး အပေါ်က တက်ခွထားတယ်။ အဲလို စ မိတ်ဆက်တာပဲ။”

သူတို့တွေက ဘာမှ မပြောဘူးလား။

“မင်း စိုးထွန်း ကို သိလား၊ နီလာသိန်း ဘယ်မှာနေလဲလို့ ကျနော့်ကို မေးတယ်။ နောက် ဘောင်းဘောင်း (ခေါ်) ကိုဇော်မင်း ဘယ်မှာ ရှိလဲပေါ့။ ကိုဌေးကြွယ် ဘယ်မှာ ရှိလဲ ဆိုတာမျိုးတွေ မေးတယ်။”

ဆိုတော့ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်ပြီး ထောင်ကျတာလဲ။

“ကျနော့်ကို ဘာနဲ့ စွဲလဲဆိုတော့ ဘောင်းဘောင်း ကို လက်ခံထားမှု။ ပြီးတော့ စိုးထွန်း ကို ကျနော် မမှန် သတင်းပေးတယ်ပေါ့။ နောက် ဒီဗွီဘီက ကိုဝင်းဇော်ကို ကျနော် မမှန်သတင်းပေးတယ်ပေါ့။ အဲဒါတွေနဲ့ စွဲချက်တင်ပြီး( ၅ဝ၅-ခ) နဲ့ ချလိုက်တာ။”

စစ်ကြောရေးကာလမှာ အာဏာပိုင်တွေက ဘယ်လို စစ်ဆေးမေးမြန်းတာတွေ ရှိလဲ။

“စစ်ကြောရေး အဓိက က ကျနော့်ကို ခေါ်သွားတဲ့နေရာပေါ့။ လူဆိုးတွေလို့ ထင်တဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အဖွဲ့ပေါ့။ နောက်ပိုင်းမှာ သူတို့က စအဖ လို့ ပြန်သိရတယ်။ စောစောပိုင်းကတော့ ကျနော် မသိဘူး။ နောက်ပိုင်း ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့နဲ့ ပတ်သက်ပြီး ကျနော့်ကို မေးတယ်။ ကိုစိုးထွန်းက ကျနော့်ရဲ့ ပထမ အမှုတွဲ။ ၉၆ လှုပ်ရှားမှုမှာ ကျနော်နဲ့ ကိုစိုးထွန်း ဦးဆောင်ပြီး လှုပ်ရှားခဲ့ကြတာကိုး။ ကိုစိုးထွန်းအကြောင်းကို အရဆကသအိးက မေးတယ်။ မေးတော့ ဒါဟာ နိုင်ငံရေးအရ စစ်ကြောရေးပဲ ဆိုတာ ကျနော် သိသွားပြီ။ ညှင်းပမ်းနှိပ်စက်တာကတော့ ကမ်းကုန်အောင်ပဲ။ ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားတယ်၊ ဝိုင်းကန်ကြတယ်။ ဝိုင်းထိုးတယ်။ ရေစိုနေတဲ့ အခန်းထဲမှာ ပစ်ထားတယ်။ အခန်းထဲမှာ ပိတ်ထားတော့ နေ့လား၊ ညလားဆိုတာ မသိရဘူး။”

ထောင်ကျပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေက ဘယ်လို ရှိပါသလဲ။

“ကျနော့်ကို သီးသန့်အကျဉ်းထောင်ကို ပို့လိုက်ပြီး တိုက်ခန်းထဲမှာ ထားတယ်။ ထားတော့ ကျနော့် ခြေထောက်တဘက် တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ကျနော့်မှာ ၁၉၉၁ တုန်းက အာရုံကြောနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတယ်။ အကြောတွေ လှုပ်ရှားလို့ မရတာကို ကျနော် သတင်းပို့တယ်။ သတင်းပို့တာကို သူတို့က ထိထိရောက်ရောက် အရေးမယူဘူး။ ထောင်ဆရာဝန်က လာကြည့်တယ်။ ထောင်ဆရာဝန်က ရိုးရိုး ဆရာဝန်ပဲလေ။ အာရုံကြောအထူးကုနဲ့ ကုသခွင့်တောင်းတယ်။ အဲဒါကို လုံးဝ ဂရုမစိုက်ဘူး။ နောက် ခြေထောက် ၂ ဖက်စလုံး ဖြစ်လာတယ်။ နောက်ဆုံး မတ်တပ်ရပ်လို့ မရတော့ဘဲ ခြေထောက်တွေက လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။ အဲဒါကို ကျနော့်အမေက ညွှန်ချုပ်ဆီ စာအထပ်ထပ် တင်ရတယ်။ ပြင်ပ မီဒီယာတွေကလည်း ဝိုင်းအော်ကြတယ်လေ။ အဲဒီတော့မှ ကျနော့်ကို အာရုံကြောအထူးကုနဲ့ ကုသပေးပါတယ်။ ဒီတော့မှ လက်တွေပါ ဖြစ်နေပြီတဲ့။ အထူးကု ဆရာဝန်ဆိုတော့ စမ်းကြည့်တော့ သိတာပေါ့။”

သံတွဲမှာ ဘယ်လောက်ကြာနေရလဲ။

“နိုဝင်ဘာမှာ ကျနော့်ကို သံတွဲပို့တယ်။ အမိန့်ချပြီးတော့ ပို့တာပါပဲ။ တကယ်တော့ ကျနော့်ကို အမိန့်ချပြီးတဲ့ အချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်နဲ့ ရက်ချိန်း ရှိသေးတယ်။ အဲဒါ ဆက်မကုပေးဘဲ သံတွဲကို ပို့လိုက်တာ။ သံတွဲထောင်က အရမ်းဝေးပြီး အရမ်းအေးတဲ့နေရာလေ။ ကျနော့် ရောဂါအတွက် လိုအပ်လို့ထင်ပါတယ် သူတို့ ပို့လိုက်ပါတယ်။”

သံတွဲမှာရော ဘယ်လိုမျိုး နေရလဲ။

“သံတွဲမှာက ရောက်ရောက်ချင်း ကျနော့်ကိုတော့ ခြေကျင်းမခတ်ဘူးပေါ့။ ပို့တဲ့အခါမှာ လက်ထိပ်တွေ ခတ်ထားတယ်။ အားလုံး ၄ ယောက်ပို့တယ်။ ကျနော်၊ ကိုဇော်မင်းဇင်၊ ကိုမောင်လတ်၊ ကိုမောင်သန်း ရယ်ပေါ့။ ကျန်တဲ့သူတွေကတော့ ခြေကျင်းပါတယ်။ ကျနော်က လမ်းလည်း မလျှောက်နိုင်တော့ သူတို့က ပွေ့ခေါ်သွားတာပေါ့။ ကားပေါ်မှာတုန်းက အပေါ့တောင် အောက်ဆင်းမသွားရဘူး။ လမ်းက တညကျော်ကျော်မောင်းရတာ။ အရမ်း ဒုက္ခရောက်ပါတယ်။”

လွတ်လာတော့ ခံဝန်လက်မှတ်တွေ ထိုးပေးခဲ့ရလား။

“ဟုတ်ကဲ့ ကျနော်တို့ ၄ဝ၁ နဲ့ လွှတ်တာပါ။ ခံဝန်တော့ မဟုတ်ဘူး။ ပြစ်မှုကြွေးကျန်ပေါ့။”

ကိုမျိုးရန်နောင်သိန်း လွတ်လာတဲ့အပေါ်မှာ ဘယ်လိုခံစားချက်မျိုး ဖြစ်မိလဲ။

“ကျနော်က လွတ်ဖို့ နီးနေပြီ။ လွှတ်ပေးတော့လည်း ထွက်လာရတာပေါ့။ စိတ်ထဲမှာတော့ ဘယ်လိုမှ မနေဘူး။ အားလုံးကို လွှတ်ပေးရမှာလေ။ ကျနော်တို့ အကျဉ်းထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်းသား ၁ဝ ယောက် ရှိတယ်။ ၂ ယောက်ပဲ လွတ်လာတယ်။ ကျန်တဲ့သူတွေကျတော့ မလွှတ်ပေးဘူး။ သူတို့ အခု အမျိုးသားသင့်မြတ်ရေးတို့ဘာတို့ ပြောနေကြတယ်ဗျာ။ တကယ်ရိုးသားတယ်၊ မှန်ကန်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရမှာလေ။ ထောင်ထဲမှာ အလင်္ကာတီးဝိုင်းက ဂီတသမား ကိုဝင်းမော်ဆိုတာ ကျန်ခဲ့တယ်။ သူဆို ကျန်းမာရေး အရမ်းဆိုးတယ်။ သူ့မှာ ရင်ကျပ်ရောဂါရှိတယ်။ ညဘက်ဆို အသက်ရှူ အရမ်းကျပ်ပြီး သတိလစ်လုနီးပါးကို ဖြစ်တယ်။ သံတွဲထောင်က ကျန်းမာရေးစောင့်ရှောက်မှု အရမ်းညံ့တယ်။ ဆေးမှူး မရှိဘူး၊ ဆရာဝန် မရှိဘူး။”

ထောင်က ထွက်လာပြီးတော့ ကိုမျိုးရန်နောင်သိန်းရဲ့ လက်ရှိကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။

“ကျနော် အခု လမ်းမလျှောက်နိုင်ဘူး။ နှစ်ယောက်တွဲပြီး တရွတ်ဆွဲ လမ်းလျှောက်လို့ ရပါတယ်။ မတ်တပ် မရပ်နိုင်ဘူးပေါ့။”

ပြန်လွတ်လာပြီဆိုတော့ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။

“ကျနော် ထောင်ကလွတ်တာ ဒုတိယအကြိမ်ပေါ့။ ဤသက် ၂၂ နှစ်က စပြီး ထောင်ထဲရောက်တယ်လေ။
၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တာ အဲဒီကိစ္စနဲ့ ပုဒ်မ ၅-ည နဲ့ ထောင်ချခဲ့တယ်။
၂ဝဝ၃ မှာ ထောင်က လွတ်တယ်။ ၂ဝဝ၅ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ လွတ်လာတဲ့အခါ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့နဲ့ တွဲပြီး လှုပ်ရှားတယ်။ နောက်တခါ ဖမ်းပြီးတော့ ထောင်ချတယ်။ ဒီမိုကရေစီ မရမချင်း တိုက်ပွဲက အမြဲရှိနေမှာပဲလေ။ ကျနော်တို့ ဘဝတွေလည်း တော်တော်များများ ပေးဆပ်ပြီးသွားပြီလေ။ ဆက်သွားရမှာပဲ။ အစောပိုင်းကတော့ ကျောင်းသားပေါ့ဗျာ။ နားလည်လို့မှ မဟုတ်ဘဲ။ စစ်အစိုးရက မမှန်ဘူး။ မြန်မာပြည်မှာ စစ်အစိုးရ အုပ်စိုးနေတာ မှားတယ်။ အဲဒီအတွက်ကို တော်လှန်ခဲ့တယ်၊ ဆန္ဒပြခဲ့တယ်။ ဒါကို သူတို့က ရက်ရက်စက်စက် ဖမ်းဆီးတယ်၊ ထောင်ချခဲ့တယ်။ ထောင်ကျတဲ့အခါမှာ သူတို့ရဲ့ မတရားမှုတွေကို ပိုသိလာတော့ ယုံကြည်ချက်က ပို ခိုင်မာလာတယ်။ ပိုပြင်းထန်လာတယ်။ ဒီတော့ ကျနော်တို့မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျနော်တို့ ဆက်လုပ်ရမှာပေါ့။ လောလောဆယ်မှာ ဗမာပြည်အနေအထားကို ကျနော်တို့ မသိရသေးဘူး။ ခဏတော့ ကြည့်ဦးမယ်။ ဆက်လုပ်မှာတော့ သေချာတယ်။ ဘာ ဆက်လုပ်မယ်တော့ မပြောတတ်သေးဘူး။”

ရင်းမြစ်။ ဒီမိုကရက်တစ် မြန်မာ့အသံမှပြန်လည်တင်ပြထားပါတယ်။
-------------------------------------------------------------
ကိုမျိုးရန်နောင်သိန်း ဆိုသူသည် ခေတ်ပညာတတ်တယောက်ဖြစ်ပြီး၊ ဘာသာစကား(၆)မျိုး လောက်ကိုသင်ပြ
ပေးနေသော ဆရာတယောက်ဖြစ်ပါသည်။ သူပထမတကြိမ်ထောင် ကျခဲ့သော ထောင်မှာသရက်ထောင်မှ
ပြန်လည်လွှတ်မြောက်လာပြီး ခုဒုတိယတကြီမ်ကတော့ သံတွဲထောင်မှ ပြန်လည်လွှတ်မြောက်
လာတာဖြစ်ပါတယ်။

ရန်နောင်ရဲ့စစ်ကြောရေး အတွေ့အကြုံကို ပြန်လည်တင်ပြ ပေးထားချင်းသာဖြစ်ပါသည်။ မောင်လေး
ရန်နောင် တယောက် သူ၏ ဖြစ်ချင်သောဆန္ဒများကို အမှန်ဆုံးဖြစ်ရပါစေလို့.........။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*