18 August 2010

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် အဝေးပြေးကားလက် မှတ်များကိုအွန်လိုင်းမှ ၀ယ်ယူနိုင်တော့ မည်ဖြစ်ကြောင်း သိရ


အောင်မင်္ဂလာအဝေးပြေးကား ၀င်းမှပြေးဆွဲလျက်ရှိသောအဝေးပြေး ကားလိုင်းများနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းများ၏ အသွားအပြန်ကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးအတိုင်း easyticket. asia website တွင် ယခုလ ၂၀ရက် နေ့မှစ၍ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။


''Online မှဝယ်ယူလိုသူက Easy Ticket ရဲ့ Prepaid Member ဖြစ်ရန်လိုအပ်ပြီးတော့ ကြိုတင်ငွေ ၆၀၀၀ကျပ်သွင်းဖို့ လိုပါတယ်။ မိမိ သွားလိုတဲ့ခရီးစဉ်နှုန်းထားပေါ်မူတည် ပြီး အနည်းဆုံးလက်မှတ်တစ်စောင်နှုန်း ကြိုတင်ပေးသွင်းထားမှသာ online ကနေတဆင့် ကြိုတင်လက်မှတ်ဝယ် ယူနိုင်မှာဖြစ်ပါတယ်''ဟုအဆိုပါအစီ အစဉ်ကိုဆောင်ရွက်သည့် Easy Ticket ကုမ္ပဏီမှ Chief Operating Officer ဒေါ်မေသူခင်က ပြောသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင်ဖော်ပြထားပါသည်.။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကဝန်ထမ်းတွေ အလုပ်တော်တော်များနေကြတယ်ထင်ပါရဲ့ အမှိုက်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊လေထု၊ ရေထုညစ်ညမ်းမှုများကြုံတွေ



ရန်ကုန်မြို့၏ သန့်ရှင်းမှုကျဆင်းလာခြင်းတွင် အမှိုက်ကို စီမံခန့်ခွဲ၍ စွန့်ပစ်မှုမရှိခြင်းလည်း ပါဝင်နေပြီး အမှိုက်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု သာမက လေထု၊ ရေထုညစ်ညမ်းမှုများကိုပါ ကြုံတွေ့လာရကြောင်း သတင်း ရရှိပါသည်။


ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏မြို့တော် ဖြစ်ခဲ့ပြီး ယခင်ကတည်းက လူဦးရေများပြားခဲ့ကာ ယခုနောက်ပိုင်းတွင်မူ မြို့ပြသို့ပြောင်းရွှေ့ နေထိုင်ကြသူများ၏ အဓိကရွေးချယ်ရာ မြို့ကြီး ဖြစ်လာသည့်အတွက် လူဦးရေသိပ်သည်း ထူထပ်မှုပိုမိုလာသည်ဟု သိရှိရသည်။


"ရန်ကုန်မြို့နေလူထု စွန့်ပစ်တဲ့အမှိုက်က အော်ဂဲနစ်များပါတယ်။ အော်ဂဲနစ်ဆိုတာက သက်ရှိသတ္တ၀ါ တွေကို မွေးဖွားနိုင်တဲ့အရာဖြစ်ပြီး ဘက်တီးရီးယားတွေ တစ်ဆင့်ပြန်လည် ပေါက်ဖွားမှု များစေတယ်။ လေ့လာထားသလောက် စွန့်ပစ်အမှိုက်တွေထဲမှာ အော်ဂဲနစ်ပါဝင်မှုရာခိုင်နှုန်း ၅၀ အောက်ပဲရှိတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေပါ။ မြန်မာနိုင်ငံကတော့ ရာခိုင်နှုန်း ၅၀ အထက်မှာ ရှိပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံသာဖြစ်သည့်အတွက် အမှိုက်ကို စီမံခန့်ခွဲပြီးမစွန့်ပစ်သော နိုင်ငံများတွင် ပါဝင်နေပြီး မီးလောင်တတ်သောအမှိုက်နှင့် မီးမလောင်တတ်သော အမှိုက်များကို ခွဲခြားစွန့်ပစ်မှု မရှိသေးကြောင်း သိရသည်။


အမှိုက်များကို စုပုံသည့်အခါတွင် တစ်လွှာချင်းစီ အထပ်လိုက် စုပုံရပြီးအမှိုက်၏ သာမန်အပူချိန် သည် ၆၅ မှ ၇၅ ဒီဂရီဖာရင်ဟိုက် ရှိကာ စုပုံထားသည့်အမှိုက်များတွင် အောက်ဆုံးရှိ အမှိုက်များသည် အပူချိန်မြင့်တက်လာကြောင်း၊ အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက် ကျော်ပါက အော်ဂဲနစ်တွင် ပါဝင်သည့်ဘက်တီးရီးယားများ ငြိမ်သက်သွားကာ ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်လျှင်မူ ပြန်ရှင်သန်လာကြကြောင်း သိရှိရသည်။




ပြန်လည်ရှင်သန်လာသည့် ဘက်တီးရီးယားများမှ တစ်ဆင့် မီသိန်းဓာတ်ငွေ့ထွက်ရှိလာပြိး အဆိုပါဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့် ဓာတ်ငွေ့ပင်ဖြစ်ကြောင်း သိရသည်။


"အမှိုက်က ထွက်ရှိတဲ့ မီသိန်း ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းစေတာထက် ၂၁ ဆပိုပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။


ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ် အတွင်း နောက်ဆုံးကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ မီးဖိုချောင်ထွက် အမှိုက် ၇၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပလတ်စတစ် ၁၇ ဒသမ ၇၅ ရာ ခိုင်နှုန်း၊ ခြံထွက်အမှိုက် ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ စက္ကူ ၂ ဒသမ ၁၄ ရာခိုင်နှုန်း၊ အ၀တ်စ ၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ သတ္တု ၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဖန်အမှိုက် ၀ ဒသမ ၄၅ ရာခိုင်နှုန်း၊ အခြားအမှိုက် ၁ ဒသမ ၂၉ ရာခိုင်နှုန်း အသီးသီးရှိသည်ဟု သိရှိရသည်။


လူတစ်ဦးချင်း၏ အသုံးပြုမှုမှ ထွက်ရှိသည့် နေ့စဉ်စွန့်ပစ်သော အမှိုက်သည် ၀ ဒသမ ၂၈၇ ကီလို ဂရမ်ရှိသည့်အတွက် လူဦးရေထူ ထပ်များပြားလာပြီဖြစ်သည့် ယခုနှစ်များအတွင်း အမှိုက်ထွက်ရှိမှုလည်း ပိုမိုလာခဲ့သည်ဟု သိရှိရသည်။


"နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေမှာ အော်ဂဲနစ်အမျိုးအစား များပြားတဲ့အတွက် မီးရှို့ဖျက်ဆီးလို့ မရနိုင်ဘူး။ မီးရှို့လိုက်ရင် အရည်တွေ ထွက်လာတာနဲ့ အမှိုက်တွေ ပျက်စီးတဲ့အထိ စောင့်ပြီး မီးရှို့ရင်လောင် စာဆီကုန်ကျမှုများတာ စတဲ့ အနေအထားတွေရှိပါတယ်"ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူက ပြောကြားသည်။


ရန်ကုန်မြို့သည် လူဦးရေများပြားခြင်း၊ ကားအစီးရေများပြားလာခြင်း၊ စက်ရုံအလုပ်ရုံများပြားလာခြင်း၊ မီးစက်ကို အသုံးပြုမှုများပြားခြင်း စသည်တို့ကြောင့် မီးခိုးငွေ့များမှတစ်ဆင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများလည်း ကြုံတွေ့နေရကာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးသည့် သစ်ပင်များ နည်းပါးလာမှုကြောင့်လည်း အပူချိန်မြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။


မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှုများကို ကြုံတွေ့လာရသည့်နည်းတူ လေထုညစ်ညမ်းမှုနှင့် အိုဇုန်းလွှာပျက်စီးမှုကို ကာဗွန်ဒိုင် အောက်ဆိုက် ၂၁ တန်နှင့်ညီမျှ အောင်ဖြစ်စေသော မီသိန်းဖြစ်စဉ်ကို ဖြစ်စေသည့် အမှိုက်များ တိုးပွားလာမှုကလည်း ယင်းညစ်ညမ်းမှုများကို မြင့်တက်လာစေသည်ဟု သိရှိရသည်။


အမှိုက်စွန့်ပစ်မှုစနစ် ထိန်းချုပ်နိုင်မှု အားနည်းသည့်အတွက် ရေစီးရေလာ ကောင်းမွန်ရေးကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြောင်းများ ပိတ်ဆို့မှုမှတစ်ဆင့် ရေလျှံမှုကို အလွယ်တကူ ဖြစ်ပေါ်စေခြင်းများကို ရန်ကုန်မြို့နေ လူထုတွေ့ကြုံရမှုများ ရှိကာ ရန်ကုန်မြို့သည် လွန်ခဲ့သော နှစ်များကထက် သန့်ရှင်းမှုကျဆင်းလာပြီး ယခင်က စိမ်းလန်းသော၊ သန့်ရှင်းသော မြို့တော်အဖြစ်မှ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်ဟုလည်း ရန်ကုန်မြို့တွင် နေထိုင်သူအချို့က ဆိုပါသည်။


ရေထုအတွင်းသို့ စွန့်ပစ်အမှိုက်များ ရောက်ရှိမှုကြောင့် ရေထုညစ်ညမ်းမှုများလည်းရှိပြီး ယင်းရေထု ညစ်ညမ်းမှုသည် အာဆီယံ သတ်မှတ်စံနှုန်းထက် များပြားနေကြောင်း၊ လေထုညစ်ညမ်းမှုသည်လည်း အာဆီယံ စံနှုန်းထက် များပြားနေကာ အမှိုက်များကြောင့် မြေထုညစ်ညမ်းမှုများကိုလည်း ကြုံတွေ့လာရကြောင်း သိရသည်။


"အရင်ကတော့ လူနည်းပြီး အိမ်တွေက အလှမ်းဝေးကြတယ်။ အခုနောက်ပိုင်းတော့ လူနေထူထပ်လာတယ်။ ရေဆိုးပြဿနာတွေ ကြုံလာရတယ်။ အိမ်သာနဲ့ရေတွင်း အိမ်ရှေ့၊ အိမ်နောက်ဆိုတာတွေ မလုပ်နိုင်ကြတော့ဘူး။ တိုက်ခန်းတွေမှာ နေလာကြရတယ်။ မြေကြီးထဲကို ရေဆိုးစိမ့်ဝင်မှုများတော့ အ၀ီစိတွင်းရေ၊ ကန် ရေတွေတောင် သောက်သုံးလို့ မသင့်တာတွေရှိလာတယ်" ဟုရေသန့်စနစ် နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦး က ပြောကြားသည်။


ရန်ကုန်မြို့နေသူများသည် နေ့စဉ်စွန့်ပစ်အမှိုက်များကို လမ်းများ၌ အခကြေးငွေဖြင့် သိမ်းဆည်းပေးသည့် လှည်းများသို့ စွန့်ပစ်ခြင်း၊ လမ်းများဘေးရှိ အမှိုက်ပုံနေကျနေရာများသို့ ညဘက်အချိန်များတွင် သွားရောက်စွန့်ပစ်ခြင်းများ ပြုလုပ်နေကြသဖြင့် အဆိုပါနေရာဝန်းကျင်၏ မြင်ကွင်းများကို ရုပ်ဆိုးစေသည်ဟု သိရှိရသည်။


"မီသိန်းက အိုဇုန်းလွှာကို ပျက်စီးစေတယ်။ မီးလောင်မှုကို အားပေးတယ်။ တချို့အမှိုက်ပုံတွေမှာ မီသိန်းကြောင့်အလိုအလျောက် မီးလောင်နေစေတယ်။ တချို့အမှိုက်ပုံတွေထဲမှာ လှိုက်ပြီး မီးလောင်နေတယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက
news-eleven ဂျာနယ်အားပြောကြားခဲ့ဟု ထိုဂျာနယ်တွင်ဖော်ပြထားပါသည်။

နအဖစစ်အာဏာရှင်များက မင်းတပ်မြို့ ရှိ ဆုတောင်းဥယျာဉ်အတွင်းမှ ခရစ်ယာန်လက်ဝါးကပ်တိုင်အား ဖျက်ဆီးခြင်း။
















ပေးပို့ ပေးသော မင်းတပ်မြို့နေ မိတ်ဆွေ တဦးအားကျေးဇူးတင်ရှိပါသည်.။

17 August 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့်


အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း အားပြန်လည်ဖော်ပြပေးခြင်း

ဦးကြည်မောင်ကို အဖ ဦးဘိုးသိန်း၊ အမိ ဒေါ်ငွေခင် တို့မှ ၁၉၂၀ ဒီဇင်ဘာလ ၂၀ ရက်တွင် မွေးဖွားခဲ့တယ်။ ၁၉၃၆ မှာ တက္ကသိုလ် ဝင်တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ်ကို တက်ရောက် သင်ကြားခဲ့တယ်။ ၁၉၃၈ တတိယ ကျောင်းသား သပိတ် မှာ ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်တယ်။ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် နဲ့ အတူ ဦးခေါင်းမှာ နယ်ချဲ့ မြင်းစီး ပုလိပ်တွေရဲ့ နံပါတ် ဒုတ်နဲ့ အရိုက် ခံခဲ့ရလို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သူ တဦး ဖြစ်တယ်၊၊ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန် လွန်းလို့ လဲကျ သွားရာ အချိန် ကနေ ကွယ်လွန်သည် အထိ အနီးကပ် ဖေးမ ပြုစု ခဲ့သူလည်း ဖြစ်ပါတယ်၊၊


၁၉၄၁ - ဘီအေ နောက်ဆုံးနှစ် စာမေးပွဲကို ကျောခိုင်းပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သို့ ဝင်ခဲ့တယ်။


၁၉၄၃ က ၁၉၄၅ အထိ - ဂျပန်နိုင်ငံ စစ်တက္ကသိုလ် အပတ်စဉ် (၅၇) မှာ သင်တန်း ပြီးဆုံးတဲ့ အထိ စစ်သင်တန်း တက်ရောက်ခဲ့တယ်။


၁၉၄၅ - ဗမာ့ သေနတ်ကိုင် တပ်ရင်း (သနက ၅) မှာ တာဝန် ထမ်းဆောင်။


၁၉၄၈ - တပ်ရင်းမှူး တာဝန် ထမ်းဆောင်။


၁၉၅၁ - ထိုစဉ်က မေမြို့မှာ အခြေစိုက်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီး ပထမတန်း တာဝန် ထမ်းဆောင်။


၁၉၅၃ - တပ်မဟာ (၇) တပ်မဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၅၅ - ၅၆ တွင် အမေရိကန် နိုင်ငံ ဖို့ဒ်လဲဗင်းဝပ်ရှိ ကွပ်ကဲမှုနှင့် စစ်ဦးစီး တက္ကသိုလ်တွင် သင်တန်း တက်ရောက် ခဲ့တယ်။


၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ် အထိ နေပြည်တော် စစ်ဌာနချုပ် (ယခု ရန်ကုန်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး၊ ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ အနောက် တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး၊ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။


၁၉၆၂ - တပ်မတော်မှ နိုင်ငံတော် အာဏာ သိမ်းယူစဉ်တွင် တော်လှန်ရေး ကောင်စီ အဖြစ် တာဝန် ပေးအပ်ခြင်း ခံရတယ်။


၁၉၆၂ မှ ၆၃ - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ယူစဉ် စစ်တပ်နဲ့ နိုင်ငံရေး အခန်း ကဏ္ဍကို ကောင်းစွာ ခွဲခြား သိရှိသူ တဦး ဖြစ်တဲ့ အတွက် ၁၉၆၂ စစ်အာဏာ သိမ်းယူတဲ့ ကိစ္စကို အပြင်းအထန် ဆန့်ကျင် ခဲ့တယ်။


၁၉၆၃ - တော်လှန်ရေး ကောင်စီ က ကြီးမှူး ကျင်းပတဲ့ ဒူးယား နှီးနှော ဖလှယ်ပွဲကို မတက်ရောက်ဘဲ အမိန့် အာဏာ ဖီဆန် ခဲ့လို့ တပ်က အငြိမ်းစား ပေးခြင်း ခံခဲ့ရတယ်။


၁၉၆၅ - ဇွန်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ ကို လက်နက်ကိုင် တော်လှန် ဖြုတ်ချရန် ကြံစည်မှုနဲ့ တော်လှန်ရေး ကောင်စီ က ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တယ်။ [ထောင်က ပြန်လွတ် လာတဲ့ အချိန်ကို ရှာလို့ မတွေ့သေးပါ။ သိရှိသူများ ရှိပါက ပြောပြ စေလို ပါတယ်။]


၁၉၈၈ - ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ဖြစ်ချင်း တလခန့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရ။


- ဒီမိုကရေစီ အရေးတော်ပုံ ကာလ အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတဲ့ အခါ ဦးအောင်ကြီး ဦးဆောင်တဲ့ အဖွဲ့ကနေ ပါလာပြီး ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် သုတေသန ဌာနမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့တယ်။ နိုင်ငံရေး လမ်းစဉ်ချင်း မတူညီလို့ အဖွဲ့ချုပ် ကနေ ဦးအောင်ကြီး အုပ်စု ခွဲထွက်ရာမှာ ဦးအောင်ကြီးရဲ့ အဖွဲ့ချုပ် အပေါ် စွပ်စွဲချက် တွေကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြတ်ပြတ်သားသား ရပ်တည် မဲပေး ခဲ့တယ်၊၊


၁၉၈၉ - ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်း ခံခဲ့ရ ပြီးနောက် အဖွဲ့ချုပ် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့တယ်။


၁၉၉၀ - မေလ (၂၇)၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲ အပြတ်အသတ်နဲ့ အနိုင် ရရှိအောင် ဦးဆောင် ခဲ့ပြီး၊ ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ ၇၃.၁၇ ရာခိုင်နှုန်းနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံခဲ့ရတယ်။


- ဇူလိုင် (၂၈၊ ၂၉) ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကို စုစည်းပြီး ဂန္ဓီ ခန်းမမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး ပွဲကြီးကို ဦးဆောင် ကျင်းပကာ ဂန္ဓီ ခန်းမ ကြေညာစာတမ်း ထုတ်ပြန် ခဲ့တယ်။


- ဂန္ဓီ ခန်းမ အစည်းအဝေး ပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ပုဒ်မ ၅ ည နဲ့ အစိုးရ လျှိုဝှက် အက်ဥပဒေ ပုဒ်မ ၆ (၂) ခ နဲ့ ၆ (၃) အရ ပြစ်မှု ထင်ရှားတယ် ဆိုပြီး ထောက်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံရပြီး၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁ ည နဲ့ ငြိစွန်း တယ်လို့ ဆိုကာ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ၁၉၉၁ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာ ခဲ့တယ်။


၁၉၉၅ - မတ်လ ၁၄ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်က ပြန်လွတ် လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဇူလှိုင်လ ၁၀ ရက်နေ့မှာ နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာခဲ့တယ်။


- အောက်တိုဘာ ၉ ရက်နေ့၊ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းတဲ့ အခါ မှာတော့ ဦးကြည်မောင်ကို ဗဟို အလုပ်အမှုဆောင် အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တာဝန် ပေးခဲ့တယ်။



- ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းရှေ့ အပတ်စဉ် စနေ တနင်္ဂနွေ လူထု ဟောပြောပွဲ တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ စစ်အုပ်စုကို ပါးနပ်တဲ့ စကားလုံးတွေ၊ ထိမိတဲ့ သုံးသပ်ချက် တွေနဲ့ ထောက်ပြ ဟောပြောတာကို လာရောက် နားထောင်တဲ့ လူထုကြီးက ကျေနပ် အားရပြီး ဦးကြည်မောင် ရပ်တည်ချက် အပေါ် အားကိုး ယုံကြည်မှု ကြီးမား လာကာ လူထုရဲ့ အထူး လေးစားခြင်း ခံရသူလည်း ဖြစ်တယ်။


- မျိုးဆက်သစ် လူငယ် တွေကို ခေါင်းဆောင်မှု နည်းပညာ တွေနဲ့ ပတ်သက်လို့ ကမ္ဘာ တဝှမ်း ခေတ်မီ တိုးတက်မှု တွေနဲ့ ချိန်ထိုးကာ မှတ်သား ဖွယ်ရာ၊ အတု ယူဖွယ်ရာ တွေကို အချိန်နဲ့ အမျှ ဆွေးနွေး သင်ကြား ပြသ ပေးနေခဲ့သူ ဖြစ်တယ်၊၊ ဒါအပြင် သူ ဝါသနာ ပါတဲ့ ဂီတ အနုညာ ကိုလည်း လူငယ် တွေကို လေ့လာ တတ်ကျွမ်း စေခဲ့တယ်၊၊


၁၉၉၆ - တလျှောက်လုံး ကြီးလေးတဲ့ ပါတီ တာဝန်တွေ အပြင် အမျိုးသားနေ့ အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနား တွေမှာ ကိုယ်တိုင်ကိုယ်ကျ နေ့ရော ညပါ မနားဘဲ လူငယ်တွေနဲ့ လက်ပွန်းတတီး အနီးကပ် ဦးဆောင်မှု ပေးခဲ့တယ်။


- နိုဝင်ဘာ ၉ ရက် ကမ္ဘောဇ ရိပ်သာ အဝင်ဝနဲ့ တက္ကသိုလ် ရိပ်သာလမ်း တို့မှာ ၂ ကြိမ်တိုင်တိုင် စစ်အုပ်ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွံ့ တွေက ဦးကြည်မောင် ၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အသက် အန္တရာယ် ဖြစ်စေ နိုင်တဲ့ လုပ်ကြံမှုကြီး နှစ်ကြိမ် လုပ်ခဲ့ရာမှာ ဦးကြည်မောင်ရဲ့ ဦးခေါင်းနဲ့ ပါးမှာ ထိခိုက် ဒဏ်ရာ ရခဲ့တယ်၊၊


၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ခန့်မှာ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်း နေအိမ် အမှတ် ၂၄ မှာ ကွယ်လွန် ခဲ့တယ်။


ဦးကြည်မောင် ဈာပန မှာ ငိုကြွေးနေတဲ့ ကိုတင်မောင်ဦး၊ ဗဟန်းမြို့နယ် (Former opposition leader Kyi Maung’s funeral in Rangoon 21 August 2004. The former opposition leader who led the national League for Democracy to a sweeping election victory in 1990 election, died from heart failure 19 August, he was 86. AFP PHOTO)


အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း အား ဘဘ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် တွင် ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်.။

16 August 2010

ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား အား ဆရာ မင်းသုဝဏ် ကွယ်လွန်ခြင်း ( ၆ )နှစ်မြောက် အထိမ်းအမှတ် ပြန်လည်ဖော်ပြခြင်း


ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား


မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄]

ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွမ်းပင်၊ အမိ ဒေါ်မိ တို့က ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မေးချင်း ခုနှစ်ယောက်တွင် ဒုတိယ မြောက်ဖြစ်ပြီး မွန် - မြန်မာ မျိုးရိုး ဖြစ်သည်။ အမည်ရင်း ဦးဝန် ဖြစ်သည်။


မြင်းခြံကုန်းမြို့ ကြားကျောင်း ခေါ် ရွှေကျင် ကျောင်းတိုက် [ဆရာ ဦးဖိုးလှိုင်ကျောင်း] (၁၉၁၆ ခန့်)၊ အမျိုးသားကျောင်း (၁၉၂၁)၊ ရန်ကုန်မြို့ စိန်ဂျွန်းကျောင်း (၁၉၂၃)၊ ၁၉၂၆ မတ်လ အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ် စာမေးပွဲတွင် စတုတ္ထ ရ၍ အောင်မြင် ခဲ့သည်။ ၁၉၂၉ မတ်လ ဆယ်တန်း စာမေးပွဲကို ပထဝီဝင် ဂုဏ်ထူးနှင့် အောင်၍ ယူနီဘာစီတီ ကောလိပ်သို့ တက်ရောက် (၁၉၂၉-၃၁)၊ ဝိဇ္ဇာ ဂုဏ်ထူးတန်းကို မြန်မာစာ ပထမ အဆင့်ဖြင့် အောင် (၁၉၃၃)၊ မဟာ ဝိဇ္ဇာ မြန်မာစာ ဂုဏ်ထူးတန်းကို ဒုတိယ အဆင့်ဖြင့် အောင် (၁၉၃၅)၊ အင်္ဂလန် နိုင်ငံ အောက်စဖို့ တက္ကသိုလ်တွင် ပညာတော် သင် (၁၉၃၈)၊ အောက်စဖို့ တက္ကသိုလ်မှ စာပေ ဝိဇ္ဇာဘွဲ့ ရရှိ (၁၉၃၉)၊ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် (၁၉၅၂) တွင် ဘာသာ ဗေဒ ပညာ ဆည်းပူး ခဲ့သည်။


မြန်မာစာ ဌာန အချိန်ပိုင်း နည်းပြ (၁၉၃၃ - ၃၅)၊ အချိန်ပြည့် နည်းပြ (၁၉၃၅) နှင့် တက္ကသိုလ် ကျောင်းတိုက် မြန်မာစာ အသင်း အတွင်းရေးမှူး၊ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်း အတွင်းရေးမှူး၊ ကောလိမ် မဂ္ဂဇင်း မြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာ၊ လက်ထောက် ကထိက (၁၉၃၉)၊ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာ့ တံခွန် အသင်း အဘိဓာန် လုပ်ငန်းကို ဦးဆောင် (၁၉၄၂)၊ ရန်ကုန် ရွှေဘုံသာလမ်း အရေးပေါ် တက္ကသိုလ် မြန်မာစာ လက်ထောက် ကထိက (၁၉၄၅)၊ ကထိက (၁၉၄၆)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန ဌာမှူး (၁၉၄၈) နှင့် မြန်မာ နိုင်ငံ သုတေသန အသင်း ဂျာနယ် စာတည်း၊ တက္ကသိုလ်များ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး (၁၉၅၃)၊ မြန်မာစာ ဌာန ပါမောက္ခ (၁ မတ် ၁၉၆၁ မှ ၁၂ မေ ၁၉၆၂ ထိ) နှင့် တက္ကသိုလ် စာအုပ် ထုတ်ဝေ ဖြန့်ချီရေး ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အဖွဲ့ဝင်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး အဖြစ် တာဝန်ယူ (၁၉၆၂)၊ စာတည်းမှူး အဖြစ်မှ အငြိမ်းစား ယူ၍ ပညာရေး ဌာနတွင် ပညာရေး အထူး အရာရှိ (၁၉၆၈)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ (၁၉၇၀)၊ ၃၁ မေ ၁၉၇၁ တွင် ပညာရေး အထူး အရာရှိ အဖြစ်မှ အနားယူ ခဲ့သည်။ ဂျပန် နိုင်ငံ အိုဆာကာမြို့ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် (၁၉၇၅ - ၇၉) ဆောင်ရွက် ခဲ့သည်။ အိန္ဒိယ နိုင်ငံ (၁၉၄၇)၊ တရုတ် - ဆိုဗီယက် - ပိုလန် - ချက်ကို စလို ဗက်ကီးယား - အရှေ့ ဂျာမနီ (၁၉၅၇)၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ (၁၉၆၁) သို့ သွားရောက် ခဲ့သည်။


၁၉၂၆ ခုနှစ်ထုတ် ဒဂုန် မဂ္ဂဇင်းတွင် ပထမဆုံး ကဗျာ ဖော်ပြခြင်း ခံရသည်။ ကဗျာ၊ ပုံပြင်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဝေဖန်စာ အမြောက်အမြား ရေးသားခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ 'မောင်ခွေးဖို့ ကလေး ကဗျာများ' (၁၉၄၀)၊ 'သပြေညိုနှင့် အခြား ကဗျာများ' (၁၉၄၁)၊ 'စာပေ လောက' (၁၉၄၈) [ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'တက္ကသိုလ် မြန်မာ အဘိဓာန်' [ငါးပိုင်း] (၁၉၅၂ - ၆၄)၊ 'သုံးပွင့်ဆိုင် ခေတ်စမ်း စာပေ' (၁၉၅၅) [သိပ္ပံ မောင်ဝ၊ ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'ကဗျာ့ ပရိယာယ်' (၁၉၆၃) [မင်းယုဝေနှင့် တွဲ၍]၊ 'ကလေး ပုံပြင်များ' (၁၉၆၅)၊ 'ခရီးသည်' (၁၉၆၅) [ဇော်ဂျီနှင့် တွဲ၍]၊ 'ပန်းနှင့် ပင်စည်' (၁၉၆၅)၊ 'မြန်မာစာ မြန်မာမှု' (၁၉၆၅)၊ 'ပျဉ်းမငုတ်တို' (၁၉၆၈)၊ 'ရေချမ်းစင်' (၁၉၇၀)၊ 'အင်းလျား ကန်သို့ အို ကူးတို့' (၁၉၄၇)၊ 'လီယာမင်းကြီး' (၁၉၈၄)၊ 'ကဗျာ ပေါင်းချုပ်'၊ 'မင်းသုဝဏ် ဝတ္ထုတိုများ' (၂၀၀၂) တို့ ဖြစ်ကြသည်။ 'လီယာမင်းကြီး' ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် ရသ) (၁၉၄၈) ချီးမြှင့် ခံခဲ့ ရသည်။ ဝဏ္ဏကျော်ထင် (၁၉၅၀)၊ သီရိပျံချီ (၁၉၆၂) ဘွဲ့များ ရရှိ ခဲ့သည်။ မြန်မာ နိုင်ငံ သုတေသန အသင်း အတွက် ဂါမဏိ စန္ဒပျို့၊ တောင်ငူဆို ရတု အဖြေ၊ ဥမ္မာ ဒန္တီပျို့၊ သျှင်မဟာ ရဋ္ဌသာရ၏ ပကိဏ္ဏက စာစု (ဦးအုန်းရွှေနှင့် တွဲဖက်လျက်) တို့ကို တည်းဖြတ် ပေးခဲ့သည်။


၂၀၀၄ ခု သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် သပြေညို နေအိမ်၌ ကွယ်လွန် ခဲ့သည်။


ဆရာ မင်းသုဝဏ်၏ စာပေ စကား ကဏ္ဍတွင် ကျောင်းသုံး မြန်မာ စာအုပ်ပါ ဆရာ ရေးဖွဲ့သော 'သပြေညို'၊ 'ပျဉ်းမငုတ်တို'၊ 'ဗြောသံ'၊ 'တို့မလေး'၊ 'ဖိုးမောင်လာပြီ'၊ 'ပေါက္ကံပြည်၌' စသော ကဗျာများ အကြောင်းနှင့် အခြား စာပေ ရေးရာများ ပါဝင် ပါသည်။


(က) သပြေညို


"'သပြေညို' ကို (၁၉၃၈) ခု၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ရေးခဲ့တယ်။ ရေးတဲ့ နေ့ရက်နဲ့ လွတ်လပ်ရေး ရတဲ့ နေ့ရက်ဟာ အင်မတန် ထူးဆန်းဖွယ် တိုက်ဆိုင်တာ ကြုံရတယ်။ ဤ ကဗျာကို အင်္ဂလန် နိုင်ငံ၊ ဝေလနယ် မြောက်ပိုင်း၊ ဟာဒင် ခေါ် ရွာကလေးရှိ စိန်ဒိုင်းနီးယဲ စာကြည့်တိုက်တွင် စာကြည့် နေစဉ် ရေးစပ် ခဲ့တယ်။ စာကြည့်တိုက်မှာ ဆရာ ဖတ်ရတဲ့ စာအုပ်က PUNCH ခေါ်တဲ့ လစဉ်ထုတ် စာစောင် ဖြစ်တယ်။ အဲဒီ စာအုပ် ထဲမှာ မြန်မာပြည်မှာ အင်္ဂလိပ်နဲ့ မြန်မာ စစ်တိုက် တာကို ပါလီမန် ထဲမှာ အချေ အတင် ပြောတာ၊ မြန်မာ ဘုရင်ကို ခေါ်ဆောင် သွားရန် ပါလီမန်မှာ ဆွေးနွေးတဲ့ အကြောင်း ဖတ်ရတဲ့ အခါ ဗြိတိသျှ လူမျိုးများ ကြီးပွား တိုးတက်ပြီး ကိုယ့်လူမျိုး ဆင်းရဲ နေတာ ကြားရတော့ လွတ်လပ်ချင် စိတ် ပေါ်လာတယ်။ အဲဒီ ခံစားချက် ပေါက်ကွဲပြီး 'သပြေညို'ကဗျာ အဖြစ် ပေါ်ထွက် လာရတယ်။ ဂန္တတလောကမှာ ထည့်တယ်လို့ ထင်တယ်။ ဆရာ ဦးသိန်းဟန် (ဇော်ဂျီ) ရဲ့ ပြောပြချက် အရ စစ်ဖြစ် ခါနီးမှာ မြန်မာ အစိုးရ ပြန်ကြားရေး ဌာန အတွင်းဝန် သိပ္ပံ မောင်ဝက မြန်မာ လူမျိုးတွေ စိတ်အား တက်ရကွ လာအောင် ဆိုပြီး ကားချပ် ကလေးနဲ့ ထုတ်ဝေ တယ်လို့ သိရတယ်။ ဆရာ့ အထင် ပြောရရင် သိပ္ပံ မောင်ဝရဲ့ ရည်ရွယ်ချက်က ဖက်ဆစ်နဲ့ တိုက်ရ တော့မယ်၊ လွတ်လပ်ရေး ရတော့မယ် ဆိုပြီး ပြည်သူ လူထု အားလုံး စည်းလုံး တက်ရကွစွာ ပါဝင် စေလိုတဲ့ သဘောပဲလို့။"


(ခ) ပျဉ်းမငုတ်တို


"'ပျဉ်းမငုတ်တို' ကဗျာကို (၁၉၄၉) ခု၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ရေးတယ်။ ယခု နိုင်ငံခြား ဘာသာ သိပ္ပံ အဆောက်အအုံ နေရာမှာ ယခင်က ဘာမှ မရှိ၊ တောချုံ ပိတ်ပေါင်း ဖြစ်နေတယ်။ အဲဒီ တုန်းက ဆရာက အင်ယားလမ်းမှာ နေတယ်။ ဆရာ့ ကလေးတွေ၊ ဆရာ ဇော်ဂျီ ကလေးတွေ ခေါ်ပြီး ညနေဘက် လမ်းလျှောက်လေ့ ရှိတယ်။ အဲဒီမှာ ငုတ်တို တခုကို တွေ့ရတယ်။ ပင်ခြောက်ကြီး တပင်က ဆောင်းကုန် နွေကူး လေးရူး ကလေး ဝှေ့လာတဲ့ အခါ အညွန့် ကလေးတွေ ထွက်လာတယ်။ ခံစားမှု ဆိုတာလည်း ဒီမှာ ပေါ်လာတယ်။ အင်မတန် အိုမင်းတဲ့ သစ်ပင် သော်မှ နွေရာသီဘက် ရောက်ရင် အညွန့် ထွက်လာ ရသေးတယ်။ တို့ တိုင်းပြည် ဟာလည်း ဒီလိုပဲ တနေ့ ကျရင် အညွန့် တက်မှာပဲ ဆိုပြီး ပေါက်ကွဲ လာတဲ့ ကဗျာ ဖြစ်တယ်။"


(ဂ) ဗြောသံ


"'ဗြောသံ' ကဗျာကို (၁၉၃၄) ခုနှစ်၊ ရန်ကုန် တက္ကသိုလ် နည်းပြ ဆရာ လုပ်စဉ်က ဖွဲ့ဆို ခဲ့တယ်။ ရင်ထဲမှာ ခံစားမှု ပြင်းထန်ပြီး ပေါက်ကွဲ ထွက်လာတဲ့ သံချို ကဗျာ ဖြစ်တယ်။ ကမာရွတ် ရဲဌာန အလွန်မှာ ရှေးက ညောင်ပင်ကြီး ရှိတယ်။ ပန်းကမ္ဘာလို နေရာမျိုးမှာ လ္ဘက်ရည်၊ ကော်ဖီ၊ စမူဆာ ရောင်းတဲ့ဆိုင် ရှိတယ်။ ဆရာရဲ့ ကျူတာ စာမေးပွဲ စစ်ပြီး ကျောင်းပိတ်လို့ အဲဒီမှာ ထမင်း လာစားတယ်။ သူငယ်ချင်းတွေ လာစု ကြတယ်။ ကော်ဖီ သောက်ကြတယ်။ အင်းစိန် လမ်းဘက်က ရှင်လောင်း လှည့်လာတယ်။ မြင်းနဲ့ ရွှေထီးနဲ့ ပေါ့လေ။ ဆရာ ငယ်စဉ်က ရှင်လောင်း လှည့်တာ သတိ ရတယ်။ ငယ်စဉ် ဘဝကို သတိရ လွမ်းဆွတ် တာလည်း ပါတယ်။ ပျော်တာလည်း ပါတယ်။ အဲဒီ ခံစားချက်ကို အောင့် မထား နိုင်လို့ ဒီကဗျာ ထွက်ပေါ် လာရတယ်။"


(ဃ) တို့မလေး


"ပထမ ပိုင်းမှာ ရှေးကဗျာ တပုဒ် ဖြစ်တဲ့ --- 'မမလေး အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာလို့ မေး မေးပါနဲ့ အေ ယိုးဒယားရယ်နဲ့ ကုလားကို သူချီတော့ ကရင်နီ ဟိုအောင်တပ်ဆီက ဆံဖြတ်မောင်စီလို့ ရေးတယ် လွမ်းစာတဲ့လေး။'
ဘုရင့်နောင်၊ အလောင်းဘုရား တို့ စစ်ချီ တဲ့ခါ ပါသွားတဲ့ စစ်သားများ ယိုးဒယားကို ( အင်္ဂလိပ် - ကုလားဖြူ) စစ်ချီတော့ ကရင်နီနယ် (ယခု - ကယား ပြည်နယ်) ကို ဖြတ်ရတယ်။ သစ်တပ် - ရန်သူ မဝင် နိုင်အောင် လုပ်ထားတဲ့ နေရာ၊ တပ်မြို့ စခန်းတွေ ချထားပြီး စစ်ချီ ရတယ်။ ဒါကို အောင်တပ်လို့ ခေါ်တယ်။ မင်္ဂလာ ယူထားတဲ့ အမည် - တပ်ကနေ အမျိုးသမီးဆီ စာရေးတယ်။ မိမိ ဌာနီကို စာပို့တာ၊ ထန်းရွက် ပေရွက် တွေနဲ့ ရေးတယ်။ နေပြည်တော်ကို မြင်း စေတမန်နဲ့ လွှတ်ရတယ်။ စာတွေ အများကြီး ပါလာတယ်။ အိမ်မှာ လူတွေ မတွေ့ရင် ခေါင်မိုးမှာ ထိုးထား ခဲ့တယ်။ သူငယ်ချင်း တွေက ဘာစာလည်း မေးကြတယ်။ 'မေးပါနဲ့ အေ' ဆိုတဲ့ စကားမှာ အဓိပ္ပာယ် အများကြီး ပါတယ်။ အလွမ်း ဓာတ်ခံ ရှိပြီး ညည်းတွားတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ ငါ့ 'မောင် - ချစ်သူ' စစ်ချီ သွားရာက ပေးလိုက်တဲ့ စာပါအေ။

'ဆံဖြတ်မောင်' လို့ သုံးတာက ရှေးက မြန်မာ လူမျိုး တွေဟာ ဆံပင် ရှည်ရှည် ထားလေ့ ရှိကြတယ်။ စစ်ချီ တဲ့ခါ ငှက်ဖျား မိကြ၊ ဝမ်းကိုက်ကြ ဖြစ်ကြတယ်။ ဒါကြောင့် ဆံပင် ဖြတ်ပြစ် လိုက်ရတယ်။ စစ်တိုက် ရတာ ပင်ပန်းမှုကို ပေါ်လွင် စေတယ်။ ပေတသီး၊ ကျီးတသား။ ထို့ကြောင့် မင်္ဂလာ မရှိဟု ယူဆသည်။ နန်းတော် လွှတ်တော်၊ ဘုရင် မှူးမတ်တို့ ရေးစာ၊ မိန့်စာ တို့ကို ထန်းရွက် နဲ့သာ ရေးရတယ်။ ထန်းက အသက် ရှည်တယ်။ စာချွန်တော် - ထန်းရွက်နဲ့ ရေးတဲ့ စာတွေ ဖြစ်တယ်။ တဖက် ချွန်ထားလို့ 'စာချွန်တော်' လို့ ခေါ်ကြတယ်။

ဒီကဗျာ အရ ရှေးခေတ် မိန်းခလေး တွေဟာ စာဖတ် တတ်တယ်။ စာမတတ်၊ ပေမတတ် မျိုးရိုး မဟုတ် မြန်မာ ဘုရင်တွေ ခေတ်က မိန်းခလေးတွေ စာတတ် ပေတတ် ကိုလိုနီခေတ် ရောက်မှ မတတ်တာ။

ဒီနေရာမှာ 'ဒို့မလေး' ဆိုတာ အမည် မဟုတ်၊ ချစ်စနိုး ခေါ်တဲ့ အသုံးသာ ဖြစ်တယ်။ 'မမလေး၊ ပန်စရာ' မမလေး ငယ်ကမွေး တောက ရွှေကျေး စသဖြင့် သုံးသလို တို့ဆိုတာ ငါတို့ (ယခုခေတ်) ရဲ့ ရှေးတုန်းက မလေး (ရှေးမြန်မာ အမျိုးသမီးတွေ) လို့ ဆိုလိုတာ ၊ဒုတိယ ပိုဒ်ကို ရေးတာက ရှေးကဗျာ တပုဒ် ဖြစ်တဲ့

'ရွှေဝသွား ပါးလိုက်တဲ့ ဆောင်ပါလေ လွမ်းသူ့စာခွေ သည်စာခွေ အထွေထွေပါလေရဲ့လေး စီလို့သာကုံးရ စာလုံး တယ်မလှတယ် မိန်းမလက်ရေး။'
အမျိုးသား တွေက ရောင်းဝယ် ဖောက်ကားမှု ကိစ္စနဲ့ အင်းဝကို သွားနေတုန်း အမျိုးသမီး တွေက ရွာမှာ ကျန်ခဲ့တယ်။ သူတို့ ချစ်သူ လင်ယောက်ျားဆီ စာရေးလေ့ ရှိတယ်။ စာခွေ ဆိုတာ ပေရွက် ထန်းရွက်တွေ ပေါ်မှာ စာရေးပြီး လိပ်ခွေ ထားလို့ စာခွေလို့ ခေါ်ကြတာ။ လက်ရေးက မလှမပ၊ မညီမညွတ်၊ ကနွဲ့ကရ လက်ရေး ဖြစ်တယ်။ အင်းဝသွား အလုပ် လုပ်နေတဲ့ မောင်ကို လူကြုံနဲ့ ပါးလိုက်တဲ့ ကျွန်မရဲ့ စာကို ယူသွားပါ။ ဆန္ဒ ပြင်းပြ လို့သာ ရေးရ ပါတယ်။ လက်ရေးက တယ် မလှ ပါဘူး။ ရှေးက စာကို ပေရွက်မှာ ရေးရတာ၊ ရေးနေ မကျလို့ လက်ရေး မလှ ဖြစ်တတ်တယ်။

အထက်ပါ ကဗျာ (၂) ပုဒ် အရ ရှေးမြန်မာ အမျိုးသမီးများ စာရေး စာဖတ် (အ - ၂ လုံး ကျေကြောင်း) တတ်ကြောင်း ထင်ရှား နေတယ်။ သိသာ နိုင်တယ်။ ခြစ်တယ် ဆိုတာ ပေရွက်၊ ထန်းရွက် ပေါ်မှာ သံကညစ်နဲ့ ခြစ်ရေး ရတယ်။ 'မလေး ချစ်နိုင် ခဲ့ဘူးပြီ' လို့ သုံးထားတာ၊ ကျစွာမင်းရဲ့ သမီး၊ သံဗျင် မင်းသမီး၊ ရခိုင် နန်းတွင်းသူ မိညို တို့ဟာ စာပေ ထူးချွန် သူတွေ ဖြစ်ခဲ့တယ်။

ပုဂံခေတ် ကစ မြန်မာတို့ စာပေ တတ်ခဲ့တယ်။ သံဗျင် မင်းသမီးဟာ ရဟန်း တွေကို စာချ ပေးရတဲ့ အထိ တတ်ခဲ့တယ်။ သို့ပေမယ့် ကျွန်ဘဝ ရောက်လာတော့ စာပေ မလေ့လာရ၊ မတတ် စာပေငတ်တဲ့ဘ၀ ရောက်ခဲ့ရတယ်။ အိမ်ထောင်နဲ့ တကွဲစီနေရတဲ့ မြန်မာအမျိုးသမီးတွေအဖို့ စာမရေးတတ်၊ မဖတ်တတ်၊ အလိမ္မာစာမှာရှိဆိုတော့ မလိမ္မာကြ၊ တရားစာ၊ သတင်းစာ မဂ္ဂဇင်း ဘာမှ မဖတ်တတ်၊ စာငတ် ပေငတ်၊ အသိ ပညာ မရ၊ မောင်းထောင်း ဆန်ပြာနဲ့ အောက်တန်း ကျလွန်း နေပြီ။ ရေငတ် မြေသြဇာ ငင်ပြီး မစိမ်းလန်း မစိုပြည်တဲ့ သစ်ခြောက် ပင်နဲ့ တူတယ်။

ယခု ကံကောင်း ထောက်မ လာပြီ၊ အသုံးလုံး သင်တန်း ဖွင့်နေပြီ။ နေ အလွန်ပူတဲ့ ရာသီ လည်းဖြစ် ပူလွန်းလို့ တံလျှပ်ရောင် ထနေတဲ့ တန်ခူး၊ ကဆုန် ကျက်ကျက် ပူတဲ့ ရာသီ မျိုးမှာ အလုပ် လုပ်တဲ့ နေရာမှာ လိုက် စာသင် နေရတယ်။ ထန်းပလပ်တဲ၊ တမာပင် တွေမှာ 'ချစ်ရိပ်ခို' ဆိုတာ အသုံးလုံး သင်တန်း ပေးတဲ့ လုပ်အားပေး ကျောင်းသူ ကျောင်းသား တွေရဲ့ မေတ္တာရိပ်၊ စေတနာရိပ်၊ ထန်း တမာပင် တို့က လူသားကို မေတ္တာ ထားတဲ့ အရိပ်လို့ ဥပမာ တင်စား ထားတယ်။

'အမြင်ဆန်း' - စာ မတတ်သူ အကန်း နဲ့တူတယ်။ ရေးတတ် ဖတ်တတ် သွားပြီ။ အရင်က မသိ တာတွေ သိလာပြီး အံ့သြ ဖွယ်ရာ ဖြစ်လာပြီ။ ဘဝ သစ်လွင် နေပြီ။ မလေး ဘဝမှာ စည်ကား လာပြီ၊ 'မျက်ကန်း' ဆိုတာ ပညာတည်း ဟူသော အမြင် မရှိ သူကို ဆိုတာ။

ယုတ်ညံ့တဲ့ ဘဝ ဟောင်းဟာ ရွက်ဟောာင်း ရေကွသလို လွင့်သွားပြီ၊ တန်ခူး လမှာ အရွက် ရေကွတယ်။ ကေ့သွားတဲ့ ဘဝ ဘဝဟောင်း နောက်မှာ အရွက် အဖူး အငုံတွေ ဝေဆာ လာပြီ။ အသိဉာဏ် ပညာ ရကွယ်ဝ လာပြီလို့ ဆိုလိုတာ။

အသုံးလုံး လုပ်ငန်း စကတည်းက ဆရာ ပါခဲ့တယ်။ အသုံးလုံး ကိစ္စ ဆောင်ရွက်ရင် ဆရာ ပီတိ ဖြစ်ပြီး ပေါက်ကွဲ အန်ထွက် လာတဲ့ ကဗျာ တပုဒ် ဖြစ်တယ်။ တို့အမျိုး တွေဟာ ရှေး ကတည်းက စာရေး စာဖတ် တတ်ခဲ့တယ်။ ကိုလိုနီ ဘဝမှာ သူ့ကျွန် ဖြစ်ပြီး လူဖြစ် ရှုံးခဲ့ ရတယ်။ အဲဒါကို မခံချင် စိတ်လဲ ပါတယ်။ ခု အစိုးရက ဦးစီး ဖွင့်လှစ်တဲ့ အသုံးလုံး လုပ်ငန်းကို အားရ ဝမ်းသာ ကျေနပ် နှစ်သိမ့်ပြီး ထောက်ခံ ကြိုဆိုတဲ့ သဘောလည်း ပါတယ်။ အသုံးလုံး လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားတွေ ကိုရော သင်တန်း တက်ခဲ့ သူတွေ အဖို့ပါ လှုံ့ဆော်တဲ့ သဘော တက်ရကွစွာ လှုပ်ရှား ပါဝင် စေလိုတဲ့ တွန်းအား လည်းပဲ ဖြစ်ပါတယ်။ ဆရာက စာပေသမား ဆိုတော့ တမျိုးသားလုံးကို စာတတ် စေချင်တယ်။ ကန်ရဲ့ အတိမ် အနက်ကို ကြာရိုး ကြာစွယ်နဲ့ တိုင်းသလို တိုင်းပြည် တခုရဲ့ အတက် အကျ ကိုလည်း စာပေနဲ့ တိုင်းလို့ ရတယ်။ စာပေဟာ တိုင်းပြည်နဲ့ လူမျိုးကို မီးမောင်း ထိုးပေးတယ်။ တို့ တတွေဟာ စာများများ ဖတ်ရမယ်။ အလုပ် များများ လုပ်ရမယ်။ တာထွက် နှေးတော့ မြန်မြန် ပြေးရ မှာပေါ့။ မြန်မြန် ပြေးဖို့ အတွက် အားအင် လိုတယ်။ ဝ မရှိဘဲ ဝိလုပ်လို့ ရပါ့ မလား။ ဒါကြောင့် တို့ တမျိုးသားလုံး မျက်စိ ဖွင့်ဖို့ လိုတယ်။ လူ တဦးစီ တဦးစီ စုလိုက်တော့ မိသားစု မိသားစုတွေ စုလိုက်တော့ မြို့၊ မြို့တွေ စုလိုက်တော့ ပြည်နယ်၊ တိုင်း၊ တိုင်းနဲ့ ပြည်နယ်တွေ စုလိုက်တော့ တို့ ပြည်ထောင်စုကြီး ဖြစ်လာ တာပေါ့။ ပြည်ထောင်စုကြီး တခု လုံးရဲ့ တာဝန်ဟာ တို့ တဦးစီရဲ့ တာဝန်ပဲ။ တို့ တဦးစီ တာဝန် ကျေမှ တိုးတက် ပါမှ တို့ ပြည်ထောင်စုကြီး တခုလုံး အေးချမ်းမယ် ဆိုပြီး ဆရာ့ စိတ်ထဲမှာ အမြဲ စွဲနေတယ်။"


ဆရာ မင်းသုဝဏ်က 'တို့မလေး' ကဗျာနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားသော စာပေ စကားများ ဖြစ်ပါသည်။ 'တို့မလေး' ကဗျာ မူရင်းကို ဖော်ပြ လိုက်ပါသည်။ တို့မလေး ကဗျာသည် အသုံးလုံး ကဗျာ တပုဒ် ဖြစ်၍ 'အလင်းဈေးနှင့် စာတတ်မြောက်ရေး လှုပ်ရှားမှု အခြား ကဗျာများ' စာအုပ်တွင် ပါဝင် ပါသည်။-


'တို့မလေး'


အိမ်ခေါင်မိုးမှာ သူထိုးလာသည်။

ပေလွှာစာချပ်၊ အဝေးရပ်က

ဆံဖြတ်မောင်ရေး၊ အလွမ်းတေးကို

မလေးဖတ်နိုင်ခဲ့ဖူးပြီ။


ရွှေဝသို့သွား၊ ချစ်သူအားလျှင်

မှာကြားပို့လေ၊ လွမ်းစာခွေဟု

မပြေမလှ၊ နွဲ့လျလျနှင့်

မိန်းမလက်ရေး၊ ငယ်သေးသေးကို

မလေးခြစ်နိုင်ခဲ့ဖူးပြီ။

သို့ပင်ဖြစ်လည်း

ချစ်သူနှင့်ဝေး၊ တို့မလေးကား

ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်

စာငတ်ပေငတ်၊ အသိငတ်သည်

မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံထောက်မ၍ ၊ဤယနေ့မူ

နွေငွေ့လျှပ်လျှပ်၊ ပူစပ်စပ်တွင်

ထန်းပလပ်ရိပ်၊ တမာရိပ်၌

ချစ်ရိပ်ခိုဝင်၊ စာကို သင်သော်

မပင်မပန်း၊ အမြင်ဆန်းသည်

မျက်ကန်းမလေး မြင်လေပြီ။



(င) ဖိုးမောင်လာပြီ


"ဆရာတို့ ငယ်စဉ်က အင်္ဂလိပ် စာထဲမှာ (Ballad) ခေါ်တဲ့ ကဗျာ တမျိုး၊ မြန်မာလို ဝတ္ထု ကြောင်းပါတဲ့ ကဗျာ (Story poem) ကို ဆိုလိုတယ်။ ကျောင်းဆရာ အနေနဲ့ ကဗျာ သင်ပေးတဲ့ အခါ ပျို့ကြီး တွေသာ ရှိတယ်။ အပိုဒ် ပေါင်း ၁၀၀ -၂၀၀ ပါတာချည်း တွေ့ရတယ်။ ရှည်တာလည်း ပါ။ ရှေးက ဗုဒ္ဓ ဘာသာကို မှီရေးတဲ့ ကဗျာ ဆိုတော့ အထက်တန်း အလယ်တန်း ကျောင်းသား တွေကို သင်ပေးဖို့ မဖြစ်နိုင်၊ လူဆို တာလည်း လူမှန်း သိကတည်းက ပုံကို နားထောင် လာကြတော့ စောစောက ဝမ်းထဲက ထွက်လာတဲ့ ကဗျာ အပြင် ၊ ပုံပြင် ပါတဲ့ ကဗျာကို သင်ပေး ရရင် ကောင်းမယ် ဆိုတဲ့ စိတ်ဝင် စားမယ် ဆိုတဲ့ ဆန္ဒ ဖြစ်လာတယ်။ ဆရာ တို့က အင်္ဂလိပ် စာပေ ကိုလည်း လေ့လာ ခဲ့တယ်။ ဆရာက (Ballad) ကဗျာ ပုံစံ အတိုင်း ပုံပြင် ကဗျာ ရေးမယ် ဆိုပြီး ရေးတယ်။ ရေးတော့ ဒီ ပုံပြင်ဟာ တကယ် ဖြစ်ချင် ဖြစ်မယ်။ ဒီကဗျာမှာ ဆရာ့ စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာ တမြေတည်း နေ တရေတည်း သောက် အကျိုးကို ဆောင်ရွက် ရမယ်လို့ တရား ဟောချင်တယ်။ ကိုယ့် ရပ်ရွာသား၊ တိုင်းသား ပြည်သား၊ ကမ္ဘာသူ ကမ္ဘာသား အကျိုးကို လူတိုင်း ဆောင်ရွက် သင့်တယ်။

ကုဋေ ကုဋော ချမ်းသာတဲ့ သူဌေးက ဇရပ်၊ ဆေးရုံ ဆောက်မှ သာလျှင် တိုင်းပြည် အကျိုး ဆောက်ရွက်တာ မဟုတ်၊ တံငါသည် သော်မှ ကိုယ့်ရပ်သူ ရွာသားများ ငါးစိမ်း ငါးစို စားရအောင် ရပ်ရွာ အကျိုး ဆောင်ရွက် ရတယ်။ နောက်ဆုံး ရွာသူ ရွာသားတွေ ဓားပြ လက်ထဲ မကျအောင် အသက် စတေး သွားတယ်။ အဲဒီလို ပရဟိတ ဆောင်ရွက်သူ ဘယ် အဆင့်အတန်း ဘယ်အလွာမှာ မဆို ရှိတယ်။ လွတ်လပ်ရေး ရပြီးနောက် တိုင်းသစ် ပြည်သစ် ထူထောင်ရာမှာ ဒီလို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ဆရာတို့ ကဗျာ ဝါသနာ ပါတဲ့ ကျောင်းသား ကျောင်းသူတွေ အဲဒီစိတ် ပေါ်အောင် ဆိုပြီး ရေးတာ၊ ဒီမှာ ရည်ရွယ်ချက် ရှိတယ်။ ပုံစံက ကဗျာ ပုံပြင် ပုံစံ၊ ရည်ရွယ်ချက်က ပရဟိတ ဆောင်ရွက် စေချင်တဲ့ ဆန္ဒ အခြေခံပြီး ကဗျာ ရေးတာ။ တတိယ အချက်က စီးပွားရေး သောင်းကျန်းတဲ့ ခေတ် မဟုတ်၊ လူတန်းစား မရွေးတဲ့ ခေတ်မှာ တံငါလို နိမ့်ကျ ဆင်းရဲတဲ့ လူတန်းစားသော်မှ တိုင်းပြည်အကျိုး ဆောင်ရွက် နိုင်တယ် ဆိုတာ သိစေ ချင်တယ်။ ဒီကဗျာမှာ သူတလည်း ပါတယ်။ ရသလည်း ပါတယ်။ ဒါကြောင့်မို့ သုတ ရသ စာပေလို့ ခေါ်တယ်။"


(စ) ပေါက္ကံပြည်၌


ကြားလိုသေးသည်၊ ပေါက္ကံပြည်၌ နေခြည်ရောင်ဖြိုး၊ ယာခရိုးတွင် ရွှေချိုးသံသာကူသည်ကို။ နမ်းလိုသေးသည်၊ ပေါက္ကံပြည်၌ စိတ်ကြည်ရာဇ၊ ကုမာရ၏ မွေးဖဂုဏာ၊ တုံ့ပြန်ပါသည် မေတ္တာရနံ့ကြူသည်ကို။ ဖူးလိုသေးသည်၊ ပေါက္ကံပြည်၌ ရောင်ခြည်ဝင်းပ၊ ကျောင်းဂူလှဟု မြန်မာ့ဦးစွန်းလူသည်ကို။



(၁၉၄၆)


"(၁၉၄၆) ခုနှစ်မှာ ရေးတယ်။ (၁၉၄၅) မှာ ရန်ကုန်မြို့ မဂိုလမ်း (ရွှေဘုံသာ လမ်း) မှာ အရေးပေါ် တက္ကသိုလ် ဖွင့်တယ်။ (၁၉၄၅) မှာ ကထိက အဖြစ် ခန့်ထားခြင်း ခံရတယ်။ အဲဒီ အချိန်မှာ မြန်မာပြည် ကျွန်ဘဝ ရှိသေးတယ်။ ဆရာတို့ ခေတ်က လူတွေက ဝမ်းထဲမှာ လွတ်လပ်ရေး ရဖို့ အမြဲ ရှိတယ်။ ဘာတွေးတွေး၊ လွတ်လပ်ရေး၊ ကိုယ့်တိုင်းပြည် ကြီးပွား ခဲ့တာ၊ သူရဲကောင်း ထွက်ခဲ့တာ၊ မြန်မာ့ ယဉ်ကျေးမှု အခြေခံ ဖြစ်တဲ့ ပုဂံ ပြည်ကို တခေါက် သွားလည်ပြီး မြန်မာ အနုပညာ လက်ရာ များရဲ့ ရသကို ခံစား ချင်စိတ် ပေါ်လာတယ်။ ဒုတိယ အချက်က ရာဇကုမာရဟာ သူ့ ဖခင်က ထီးနန်း စည်းစိမ် မပေး မြေးကို ပေးပေမယ့် ဖခင်ကို စိတ်မဆိုးဘဲ၊ အမျှဝေ၊ ကျေးဇူးဂုဏ် ဖော်တယ်။ မုန်းစရာ ကောင်းတာကို ချစ်တဲ့ စိတ်နဲ့ အမျက် ဒေါသကို တော်လှန်တဲ့ သူရဲကောင်းမျိုး ရှေးက ပေါ်ခဲ့တယ်။ ခုလည်း ပေါ်စေ ချင်တယ်။ မြန်မာ တို့ဟာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ပြန်ဖြစ် စေချင်တဲ့ ခံစားချက်နဲ့ ပေါက်ကွဲ ထွက်လာတဲ့ ကဗျာ ဖြစ်တယ်။ အတွေ့ အကြုံပေါ် မူတည်ပြီး ခံစား ဖူးတာ တွေကို မူတည်ပြီး သိုသိပ် မထားနိုင်လို့ ပေါက်ကွဲ လာတဲ့ ကဗျာ ရသ စာပေပေါ့။ (၁) သဘာဝတရား (၂) ပတ်ဝန်းကျင် (၃) လူတို့၏ ကျိုးစား အားထုတ် မှုကြောင့် ပေါ်ပေါက် လာသော ယဉ်ကျေးမှု 'ပေါက်က္ကံပြည်' ခေါ်တာပေါ့။ ပြည်ထောင်စု မြန်မာ နိုင်ငံ တခုလုံး ရှေးရှု စေတနာ ထားပြီး ဖြစ်ပေါ် လာသော ကဗျာစိတ် ၊ စစ်ပြီး ခါစ (ဒုတိယ ကမ္ဘာ စစ်) မှာ မြန်မာ လူမျိုး အနေနဲ့ အလူးအလဲ စစ်ဒဏ် ခံရလို့ သဘာဝရဲ့ အလှကို မေ့ပျောက် ခဲ့ရတယ်။ ဆင်းရဲ ပင်ပန်း သောကြောင့် ပြည်ထောင်စု သားတို့ရဲ့ နဂို ရှိပြီး မေတ္တာ ဂရုဏာ စိတ်တွေ ကလည်း ချို့တဲ့ ကုန်တယ်။ ဘိုး၊ ဘေး၊ ဘီ၊ ဘင်က ဆောက်ထားတဲ့ အဆောက်အအုံ တွေဟာ မီးလောင် ပြာကျ ကုန်ပြီး စစ်ပြီးတဲ့ အခါ စဉ်းစားဉာဏ် ရှိတဲ့ သူတိုင်းမှာ ပေါ်ပေါက် လာတဲ့ စိတ်က ပြန်လည် ထူထောင်ဖို့။

အဲဒီ အချက် (၃) ချက်က ဆရာ့ အဖို့ ထီးထီးကြီး ပေါ်လာတယ်။ တို့ ဘိုးဘေး ဘီဘင် လက်ထက်က သာယာ ခဲ့တဲ့ ရေမြေ တောတောင် သဘာဝ၊ လေ၊ ငှက်တွေ ပြန်လည် ရွှင်ရွှင်ပျပျ ဖြစ်တာတွေ မြင်ချင် လာတယ်။ မြန်မာ စာပေ ပေါ်တာ၊ ပုဂံ ခေတ်က မြန်မာစာ အနေနဲ့ ခုထိ ကျောက်ထက် အက္ခရာ တင်ရှိတာ ရာဇကုမာရ ကျောက်စာ (သို့) မြစေတီ ကျောက်စာ ဒီ ကျောက်စာထဲ ပါတဲ့ အရေးအကြီးဆုံး အနှစ်သာရက ကျေးဇူး တုံ့ပြန်မှု၊ မြန်မာ စာပေရယ်လို့ ပွဲဦး ထွက်လိုက်တဲ့ စာမှာကို ကျေးဇူး တုံ့ပြန်မှု တရားဟာ ထီးထီးကြီး ပေါ်ပေါက် လာတယ်။ သာမန် လူတို့ သိတဲ့ ကျေးဇူးမျိုး မဟုတ်၊ မြေးကို ထီးနန်း ပေးပြီး မိမိကို မပေး သော်မှ စိတ်မဆိုး၊ စိတ်မကွက်၊ ငြိုငြင်မှု မရှိ၊ ကျွေးမွေး ပြုစု ခဲ့တဲ့ ကျေးဇူးကို ထောက်ထား၊ ဒီ မေတ္တာ စိတ်ဟာ ကျေးဇူး သိတတ်တဲ့ စိတ် ကလေးဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ညှိုးမှိန် သွားတယ်။ မြန်မာ လူမျိုး အနေနဲ့ လူမျိုး မရွေး ၊ ငါးပါး သီလ စောင့်ရမယ် ဆိုတာ ညှိုးငယ် သွားပြီး ခိုးစရာရှိ ခိုးမယ်၊ တိုက်စရာရှိ တိုက်မယ် ဆိုတဲ့ စိတ်ကလေး ခေါင်းထောင် ထလာတယ်။ အဲဒီစိတ် မြန်မာ့ အခြေခံ ကိုယ်ကျင့် တရား ညှိုးမှိန် သွားပြီ ဆိုပြီး ဒုတိယ အပိုဒ် ရေးတာ နမ်းလို သေးသည် ဆိုတာက ယခင် အခြေ အနေမျိုး ပြန်ဖြစ် စေချင်တယ် ဆိုတဲ့ သဘော။

ယဉ်ကျေးမှု၊ ကဗျာ၊ လင်္ကာ၊ စကားပြေ၊ ပန်းချီ၊ ပန်းပု စတဲ့ ယဉ်ကျေးမှု များဟာလည်း စစ် အတွင်းမှာ စစ်ဒဏ် ဗုံးဒဏ်ကြောင့် ကဗျာ မရေးနိုင်၊ ဝတ္ထု မရေးနိုင်၊ ယဉ်ကျေးမှုကို မလုပ်နိုင်၊ ပြေးလွား နေရလို့ ဘိုးဘေး ဘီဘင် လုပ်ခဲ့တဲ့ ယဉ်ကျေးမှု ပျက်စီး သွားတယ်။ တက္ကသိုလ် အဆောက်အအုံ၊ စာကြည့်တိုက်၊ ပြာပုံ ဘဝ ရောက်ခဲ့ ရတယ်။ အဲဒါ တွေကို ပြန်ပြီး မြင်ချင်တယ် ဆိုတဲ့ ဆန္ဒကို မျိုသိပ် မထား နိုင်လို့ ပေါက္ကံ ပြည်၌ ဆိုတဲ့ ကဗျာဟာ မွေးဖွား လာရတယ်။"


ဗိုလ်မှူး ဘရှင်၊ ဦးဘိုကေ၊ ဦးဝန် (ဆရာ မင်းသုဝဏ်)၊ မစ္စတာ လု(ခ်)

(ဆ) ဆရာ မင်းသုဝဏ်နှင့် တွေ့ဆုံပြီး အောက်ပါ မေးခွန်း များကို မေးမြန်း၍ ဆရာက ပြန်လည် ဖြေကြား ခဲ့ပါသည်။


မေး ။ ။ ဆရာ့ အနေနဲ့ ကဗျာ တပုဒ်ကို ရေးစပ်ရာတွင် မည်သည့် ရည်ရွယ်ချက်နဲ့ ရေးပါ သလဲ ဆရာ။


ဖြေ ။ ။ ကဗျာတပုဒ် စာတပုဒ် ရေးတဲ့ အခါ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရိုးရိုး ပြောရမယ် ဆိုလျှင် မိမိ ဝမ်းထဲတွင် အောင့်မထား နိုင်လို့ ထုတ်ပြော လိုက်ခြင်း၊ ထုတ်ရေး လိုက်ခြင်း ပါပဲ။ တနည်း အားဖြင့် မိမိ ပြောလိုတဲ့ စကား တွေကို ထုတ်ရေး တာကို ဥဒါန်းလို့ ခေါ်ပါတယ်။ ပါဠိ စကား အစစ် ကတော့ 'ဥဒါန' ပါ။ 'ဥဒါန' ၏ ပုဒ်နက် ကတော့ အသက် ရူထုတ်ခြင်းလို့ အဓိပ္ပာယ် ရတယ်။ ရင်ထဲမှာ ပြည့်ကျပ် နေလို့ အန်ထွက် လာတဲ့ သဘောမျိုး ကိုပဲ ဆိုရာ ရောက်တယ်။ ဒီနေရာ မှာတော့ ပါဠိ စကား 'ဥဒါန' နဲ့ အင်္ဂလိပ် စကား Inspiration ကို ဆက်သွယ် ကြည့်ရင် ဖြစ်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။ အနောက် နိုင်ငံသားတွေ ကဗျာ ရေးရာမှာ (Inspration) ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ ဆရာတို့ မြန်မာ တွေမှာလည်း ဥဒါန်း သဘော ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ 'ဥဒါန' နဲ့ Inspration သဘောချင်း တူပေမယ့် ပုဒ် အနက်ချင်းတော့ ပြောင်းပြန် ဖြစ်နေ ပါတယ်။ 'ဥဒါန' က အသက်ရူ ထုတ်ခြင်းလို့ အနက် ထွက်ပါတယ်။ Inspiration က အသက်ရူ သွင်းခြင်းလို့ အနက် ထွက်ပါတယ်။ ဘယ်သူက ဘယ်သူ့ ထဲကို ဘာများ ရူသွင်း သလဲ ဆိုသည်ကို ကဗျာနတ်က ကဗျာ ဆရာ၏ ဝမ်းထဲကို ကဗျာ ဓာတ်တွေ ရူသွင်း တယ်လို့ မှတ်ရ ပါတယ်။ သို့မှသာ ကောင်းမြတ်တဲ့ ကဗျာတွေ ထွက်ပေါ် လာနိုင် ပါမယ်။ နောက်ဆုံး ပြောရ ရင်တော့ ကဗျာ ရေးတဲ့ အခါ မဗျာ မစပ်မီ ရည်ရွယ်ချက် ဆိုတာ မရှိဘူး။ နောက်မှ မိမိ ရင်ထဲမှ ခံစားချက် ထုတ်ဖော်ပြီး ရေးလိုက် တာပါပဲ။


မေး ။ ။ ဆရာ မည်သည့် အသက် အရွယ်က စပြီ ကဗျာ ရေးပါ သလဲ။


ဖြေ ။ ။ ဆရာ အသက် (၁၃) နှစ်က စပြီး ကဗျာ ရေးခဲ့ ပါတယ်။


မေး ။ ။ ကလေး ကဗျာများ ကိုရော ဘယ် အချိန်က စပြီး ရေးခဲ့ပါသလဲ။ ဘယ် ကဗျာကို အရင်ဆုံး ရေးခဲ့ ပါသလဲ ဆရာ။


ဖြေ ။ ။ ကလေး ကဗျာများ ကိုတော့ (၁၉၃၁) ခုနှစ် ဇွန်လ (၁၁) ရက်နေ့က စပြီး ရေးခဲ့ ပါတယ်။ ဆရာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာ ကတော့ 'သပြေသီးကောက်' ကဗျာလေးပဲ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ စာရေးဆရာ ဘာကြောင့် ဖြစ်လာ ရပါ သလဲ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ စာရေး ဆရာ ဖြစ်လာ ရတဲ့ အကြောင်းကို ပြောရမယ် ဆိုရင်တော့ အရှည်ကြီး ပါပဲ။ အဲဒါကို ရှင်းရှင်းလေး ပြောပြ ရမယ်ဆို ရင်တော့ ဆရာ ကြီးပြင်း ခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေကို အရင် ပြောပြ ပါ့မယ်။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ ဆရာ့ရဲ့ ဇာတိ ကွမ်းခြံကုန်း မြို့ရဲ့ ပတ်ဝန်းကျင်က ဆရာ ကဗျာ ဖွဲ့ဖြစ်အောင် ဖန်တီး သလိုပဲ။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ အိမ်ဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်း နာတာပူချိုး (ယခု မင်းသုဝဏ်လမ်း) ထိပ်မှာ ရှိတယ်။ ဆရာ့ အိမ်ရှေ့ မှာတော့ ချောင်း ရှိတယ်။ ချောင်း ကမ်းစပ်မှာ လမုပင်တွေ၊ ခရာချုံတွေ၊ နောက်ပြီး သပြေပင်လဲ ရှိတယ်။ အဲဒီ ချောင်းမှာ ဆရာ တို့ဟာ ကလေး ဘဝ မိုးရွာတဲ့ နေ့တိုင်း လှေငယ် တစင်းနဲ့ ချောင်းထဲမှာ လှော်၊ သပြေသီး မှည့်လေးတွေ ကောက်၊ ဆရာ့ အိမ်ခေါင်း ရင်းက ဆရာ့ အဒေါ် အိမ်ရဲ့ ခရေပင်က ခရေ ပန်းလေးတွေ ခူးပြီးတော့ ရေကွပန်းကန်ကွဲ စေ့လေး တွေနဲ့ ပန်းရောင်းတန်း ကစား ရတာ တယ်ပြီး ပျော်စရာ ကောင်းခဲ့ တာပဲကွယ်။ နောက်ပြီး ဆရာတို့ အိမ်ရဲ့ အရှေ့ ဘက်မှာဆို စိမ်းစို နေတဲ့ ဓနိခြံတွေ၊ အုန်းခြံတွေ၊ လယ်ကွင်းတွေ ရှိတယ်။ ဆရာ ငယ်ငယ်က ကွမ်းခြံကုန်းမြို့ ဆိုတာလည်း ရွာကြီး တရွာလောက်သာ ရှိတာကိုးကွဲ့။ ဆရာ့ အိမ်ရဲ့ ပတ်ဝန်းကျင် မှာလဲ ဆရာ့ သွေးသား မကင်းတဲ့ သူတွေ နေတယ်။ တခြား လူတွေ ကလဲ တရွာတည်း သားတွေ ဆိုတော့ ဆွေမျိုး လိုပဲ ရင်းနှီး ကြတယ်။ ခင်မင် ကြတယ်။ ရိုင်းပင်း ကြတယ်။ ဝါတွင်း ကာလ ဥပုသ်နေ့ ဆိုရင် ဆရာတို့ ငယ်ငယ်လေး ကတည်းက အဘတို့၊ အမေတို့၊ ဘုန်းကြီး ကျောင်းကို သီလ ယူသွားရင် လိုက်သွား ကြတယ်။ လူကြီး တွေနဲ့ အတူ ဥပုသ် သီလ ဆောက်တည် ပြီးမှ ညနေစောင်းမှ အိမ်ပြန် လာကြတယ်။ ဆရာ တို့က ကလေး ဆိုတော့ ဥပုသ် ရတယ် လို့တော့ သိပ်မရှိဘူး ပေါ့ကွယ်။ နောက်ပြီး ဆရာ တို့ဆီမှာ လယ်သမား၊ ချောင်းသမား များတယ်။ နေ့စဉ်နှင့် အမျှ လယ်လုပ် သူတွေ ဘယ်လောက် ပင်ပန်းတယ်၊ ဘယ်လို နေကြ ရတယ်၊ လယ်ယာ လုပ်ကိုင်ပြီး သီးနှံ ပေါ်ချိန်မှာ စပါး ရောင်းချပြီး ရှင်ပြု၊ ရဟန်းခံ အလှူပွဲ တွေကို သိုက်သိုက်ဝန်းဝန်း ကျင်းပ ကြတယ် ဆိုတာ ဆရာ့ မျက်မြင် ကိုယ်တွေ့ တွေလေ။ ဆရာက တောမှာ ကြီးပြင်း ခဲ့ရသူ ဆိုတော့ ကျေးရွာက လယ်သမား တွေရဲ့ ဘဝ၊ ကျေးရွာ စရိုက် တွေကို နှစ်သက် တာနှင့် အမျှ ဆရာ သူတို့ ဘဝကို ခံစား မိတယ်။ အဲဒီက စပြီး ဆရာ ကဗျာ တွေကို ရေးမိတယ်။ ရန်ကုန် ရောက်တော့လဲ မိဘနှင့် ရွာကို လွမ်းတိုင်း ဆရာ ကဗျာကို ရေးဖြစ် သွားတာပဲ။


မေး ။ ။ ဆရာ မည်သည့် အချိန် အခါ မျိုးမှာ စာရေး တတ်ပါ သလဲ ဆရာ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ များသော အားဖြင့် အာရုဏ် မတက်မီ အချိန်မှာ ရေးလေ့ ရှိပါတယ်။


မေး ။ ။ ဆရာ ငယ်စဉ်က မည်သို့သော စာပေကို နှစ်သက် စွဲလမ်း ခဲ့ပါ သလဲ ဆရာ။


ဖြေ ။ ။ ဝေါဟာရ လိနတ္တ ဒီပနီ၊ ဝေါဟာရ ပကာသနီ၊ ဘာသာစုံ အဘိဓာန်များ ဖြစ်ပါတယ်။


မေး ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ် ခံရတဲ့ ကဗျာက ဘယ်ကဗျာ ပါလဲ၊ ဘယ်နှစ် ခုနှစ်မှာ ပုံနှိပ် ခံရ ပါသလဲ။ ဘယ် မဂ္ဂဇင်းမှာ ပုံနှိပ်ခြင်း ခံရတယ် ဆိုတာ သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ်ခြင်း ခံရတဲ့ ကဗျာ ကတော့ 'မိုးရာသီဘွဲ့' ဖြစ်ပြီး (၁၉၂၆) ခု ဇူလိုင်လထုတ် ဒဂုန် မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခြင်း ခံရ ပါတယ်။


မေး ။ ။ ဆရာ့ စာတွေ ပေါ်တွင် လွှမ်းမိုးသော စာပေနှင့် စာရေးဆရာ ကိုလည်း သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာ့ စာပေ ပေါ်တွင် လွှမ်းမိုးတဲ့ စာရေးဆရာနဲ့ စာပေ ကတော့ ရှင်မဟာ ရဌသာရရဲ့ ရတုနဲ့ ပျို့များ၊ ရှင်ဥတ္တမကျော်၏ တောလားကြီး၊ န၀ဒေးကြီး၊ နတ်ရှင်နောင်၊ စိန္တကျော်သူ တို့ရဲ့ ရတုတွေ၊ မယ်ခွေရဲ့ အဲချင်း၊ ပဒေသရာဇာ၏ တျာချင်း၊ နောက်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေ၊ ဆရာ ဇော်ဂျီရဲ့ ကဗျာတွေ၊ မုံရွေး ဆရာတော်ရဲ့ သမန္တစက္ခု ဒီပနီ၊ ဦးခြိမ့်ရဲ့ ကဝိ လက္ခဏာ ဒီပနီတို့ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကိုလည်း ပြောပြ စေချင် ပါတယ်။


ဖြေ ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကတော့ William Wordsworth, John Keats, Richard Jeffeief, John Colare တို့ ဖြစ်ကြ ပါသည်။


မေး ။ ။ ဆရာ အများဆုံး ပါဝင် ရေးသား ခဲ့သော စာနယ်ဇင်း အမည် ကိုလည်း သိပါ ရစေ။


ဖြေ ။ ။ ဆရာ အများဆုံး ပါဝင် ရေးခဲ့တဲ့ မဂ္ဂဇင်း ကတော့ ရှုမဝ မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ ရေးသား ခဲ့တဲ့ ကဗျာတွေ ထဲက ဆရာ အနှစ်သက်ဆုံး ကဗျာက ဘယ်ကဗျာ ဖြစ်တယ် ဆိုတာ သိပါ ရစေ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ ဆရာ စပ်ဆို ထားတဲ့ ကဗျာ တွေကို ဘယ်ကဗျာ ကိုတောင်မှ အနှစ်သက်ဆုံးလို့ ပြောဖို့ ခက်ပါတယ်။ ဥပမာကွယ် - မိဘက သားသမီး တွေကို ဘယ်နှစ်ယောက် ရှိရှိ အဲဒီ သားသမီး တွေကို တန်းတူ ချစ်ကြ သလိုပေါ့။ ဆရာလည်း ဆရာ ရေးထား ပြီးသမျှ ကဗျာတွေ အားလုံးကို နှစ်သက် ပါတယ်။


မေး ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာများ ကိုလည်း သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာတွေ ကတော့ သိပ္ပံ မောင်ဝ၊ ဇော်ဂျီ၊ ဦးအေးမောင်၊ တက်တိုး၊ ဇဝန၊ သုခ၊ ဗိုလ်မှူး ဘသောင်း၊ မောင်ထင်၊ တိုက်စိုး၊ သင်္ခါ၊ သိန်းဖေမြင့် တို့ပဲ ဖြစ်ကြ ပါတယ်။


မေး ။ ။ ကလေး ကဗျာ များကို ရေးစပ်ရာတွင် ကလေးများ အပေါ် ထားရှိတဲ့ ဆရာ့ရဲ့ စေတနာနဲ့ ခံစားမှု ကိုလည်း သိပါ ရစေ။


ဖြေ ။ ။ ကလေး ကဗျာနဲ့ ပတ်သက်ပြီး၊ ပြောရ ရင်တော့ ဆရာ့ မိဘတွေက စရ ပါမယ်။ ဆရာ အခုလို ပညာတတ် တယောက် ဖြစ်ပြီး အေးအေး ဆေးဆေး လုပ်ကိုင် နိုင်အောင် ပညာ သင်ပေး ကြတဲ့ ဆရာ့ရဲ့ လက်ဦး ဆရာတွေ ကတော့ ဆရာ့ မိဘတွေ ပါပဲ။ ဆရာ့ မိဘ တွေဟာ သူတို့ ကိုကတော့ ပညာကို ကောင်းမွန်စွာ မသင် ခဲ့ရတော့ လယ် အလုပ်၊ ကုန်သည် အလုပ်ပဲ လုပ်ကြ ရပေမယ့် သူတို့ရဲ့ သားဖြစ်တဲ့ ဆရာ့ ကိုတော့ ပညာတတ် တယောက် ဖြစ်စေ ချင်တယ်။ ဆရာ့ မိဘ တွေမှာ ဒီလို အမြင်မျိုး ရှိလို့ ဆရာ ပညာ သင်နိုင် ခဲ့တယ်။ ဒါ့ကြောင့်လည်း ဆရာရဲ့ လက်ဦး ဆရာဟာ ဆရာ့ မိဘတွေ ပဲလို့ ဆိုတာပါ။

ဆရာ့ရဲ့ ပထမ ကျောင်းဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်းက နာတာပူချိုး ဖြစ်ပါတယ်။ ဒုတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ ကျားကျောင်း ဖြစ်ပြီး၊ တတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ဆရာ ရေးသားတဲ့ ကလေး ကဗျာတွေ ပေါက်ဖွား လာခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလို ဆိုရ သလဲ ဆိုရင် (၁၉၃၉) ခုနှစ် မှာပေါ့ ဆရာ ကလည်း ပထမနှစ် ဝိဇ္ဇာ စာမေးပွဲ ဖြေဆိုလို့ ပြီးချိန် ဆရာ့ မိဘတွေ ကလည်း စီးပွား ပျက်ချိန် ဖြစ်နေတယ်။ ဒါကြောင့် ဆရာဟာ ဇာတိ ဖြစ်တဲ့ ကွမ်းခြံကုန်းမြို့ကို ပြန်ပြီး ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းမှာပဲ ကျောင်းအုပ် ဆရာကြီး လုပ်ခဲ့တယ်။ ဒီလို လုပ်နေရာက အမျိုးသား ပညာရေး ဌာနက ထုတ်ဝေ ညွှန်ကြားတဲ့ ပညာရေး ပြက္ခဒိန်ကို ဖတ်လိုက်တဲ့ အခါမှာ ဆရာ့ အနေနဲ့ အလွန် စိတ်ဝင်စားတဲ့ အကြောင်းတရပ် ပါလာခဲ့တယ်။ ဒီအကြောင်းကတော့ ကလေးငယ် တွေကို ပျော်ရွှင်အောင် မျိုးချစ် စိတ်ဓာတ် ပေါ်လာအောင် ပညာ လိုချင်မှု သတ္တိ ရှိမှုတွေ ကလေးများ စိတ်ထဲတွင် ကိန်းအောင်း လာအောင် ကလေးတွေကို သီချင်း သင်ပေး ရမယ် ဆိုတဲ့ အချက်ပဲ။

ဆရာ့ အနေနဲ့ ကလည်း ကလေးတွေ စိတ်ထဲမှာ ဒီလို ခံစားချက် လေးတွေ ပေါ်လာအောင် ကဗျာ စပ်ပေးချင်တဲ့ စေတနာ ဖြစ်ပေါ် လာတယ်။ ဒါကြောင့်လည်း ဒီလို ကလေး ကဗျာမျိုး ရေးစပ် ရမယ် ဆိုတာကို အကြိမ်ကြိမ် စဉ်းစား ခဲ့တယ်။ အဲဒီ အချိန် ကလည်း မြန်မာပြည်မှာ ကလေးတွေ အတွက် သီးခြား စပ်ထားတဲ့ မြန်မာ ကလေး ကဗျာ ဆိုတာ ကလည်း စနစ်တကျ မရှိဘူးလေ။ အင်္ဂလိပ် ကလေး ကဗျာပဲ ရှိတာ ပါကလား။ ဒါကြောင့် ဆရာလည်း မြန်မာ ကလေး တွေနဲ့ နီးစပ်ပြီး မြန်မာ ကလေးတွေ နှစ်သက်မယ့် ကဗျာမျိုး စပ်ဖို့ စိတ်ကူးတယ်။ ဒီအခါမှာ ကလေး တွေဟာ ဘာ အကြောင်းကို ၊ ဘယ်လို အကြောင်း တွေကို သူတို့ စိတ်ဝင် စားမလဲ ဆိုတာ စဉ်းစားရင်း ဆရာ့ရဲ့ ငယ်စဉ် ကလေး ဘဝက နှစ်သက် စွဲလမ်းခြင်း ဖြစ်ခဲ့ ရတဲ့ ကလေး ဘဝ ပျော်ရွှင် ပုံလေး တွေဟာ ဆရာ့ စိတ်မှာ အလျှိုလျှို ပေါ်လာ ကြတယ်။ အဲဒီလို ဆရာ ငယ်စဉ်က ပျော်ရွှင် ခဲ့သလို ကလေး တွေလည်း ပျော်ရွှင် ကစား ရတာကို နှစ်သက် လိမ့်မယ်လို့ ထင်လို့ ဆရာ ငယ်စဉ်က အကြောင်းလေး တွေကိုပဲ ကလေးတွေ အတွက် ကလေး ကဗျာ ဖြစ်အောင် ကဗျာ ရေးဖွဲ့ ပေးခဲ့တယ်။

၁၉၃၁ ခု ဇွန်လ၊ (၁၁) ရက်မှာ 'သပြေသီးကောက်' ကဗျာကို စတင်ပြီး ရေးခဲ့တယ်။ အဲဒီ အချိန်မှာတော့ ကလေးများရဲ့ အကျိုးကို စဉ်းစားပြီး ကလေးတွေရဲ့ အကျိုး အတွက်သာ အာရုံ စိုက်နေ ခဲ့တဲ့ အတွက် တက္ကသိုလ် ကိုလည်း စိတ် မရောက် တော့ဘူးလေ။ 'ဝါဆို ဝါခေါင် ရေတွေ ကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်' ဆိုတဲ့ ကဗျာလေး ကိုပဲ ကျေကျေ နပ်နပ်နဲ့ စတင် ရေးတယ်။

ဒီကဗျာ လေးကို ရေးတာလည်း ဆရာ စိတ်ကူးယဉ်ပြီး ရေးတာ မဟုတ်ဘူးကွဲ့ ဆရာ ငယ်စဉ်က ဆရာတို့ ဇာတိ ဆိုတာ ကလည်း အောက်အရပ် ဖြစ်တော့ ချောင်းကန်လည်းပေါ၊ မိုးကလည်းများ မဟုတ်လား။ မြန်မာပြည်မှာ မိုးရာသီ ဖြစ်တဲ့ ဝါဆိုဝါခေါင် ဆိုရင် ဆရာ့ အိမ်ရှေ့က ချောင်းကလေး ကလည်း ရေလျှံ လာတယ်။ နောက်ပြီး ချောင်း နံဘေးမှာ ရှိတဲ့ သပြေသီး ပင်ကြီး ကလည်း အသီးတွေ မှည့်ပြီး ချောင်းထဲ ရေကွကျ နေပြီ။ အဲဒီတော့ ဆရာတို့ သူငယ်ချင်းတွေ လှေကလေးကို စီးပြီး ချောင်းထဲမှာ သပြေသီး ကောက်ခဲ့ ကြတာ အလွန် ပျော်စရာ ကောင်းတယ်။ ဒီလို ကစားနည်း မျိုးကို ဆရာတို့ ငယ်ငယ်က နှစ်သက် ခဲ့သလို ကလေးတွေလည်း နှစ်သက် ကြမယ်၊ ခံစား ကြမယ်၊ ခံစားတတ်လေ ချစ်တတ်လေ နောက်ပြီး တဆက်တည်း လိုပဲ ဆရာ သတိရ မိလိုက်တာက ဝါတွင်း ဥပုသ်နေ့ တွေမှာ အဘ၊ အမေ တို့နှင့် အတူ ဘုန်းကြီးကျောင်းကို လိုက်ပြီး သီလ ယူကြတယ်။ ဘုန်းတော်ကြီး ကျောင်းဝင်း ထဲမှ ကလေး ဘဝ တပျော်တပါး ဆော့ကစား ခဲ့ကြတယ်။ ဘုန်းကြီးတွေ ဆွမ်းစား ချိန်မှာလည်း ရဟန်းတော် တွေရဲ့ နားမှာ ထိုင်ပြီး ဘုရား ရှိခိုး ကြတယ်။ ဘုန်းကြီး ပေးတဲ့ ငှက်ပျောသီးကို ဝေပြီး စားခဲ့ ကြတယ်။ အဲဒီ အကြောင်း တွေကို ပြန်ပြောင်း သတိရတဲ့ အခါ 'ဆွမ်းအုပ် နီနီ အမေ ရွက်လို့' အစချီတဲ့ ဥပုသ်စောင့် ကဗျာလေးကို ရေးဖြစ် ခဲ့ပြန်တယ်။

ဆရာ ပြောခဲ့ဖူး သလိုပေါ့၊ ဆရာ့ရဲ့ အိမ်ရှေ့ဘက်က အုန်းခြံ၊ ဓနိခြံတွေ ထဲက ဥသြလေး တွေရဲ့ တွန်သံ ကိုလည်း နေ့အခါမှာ အမြဲ ကြားရတယ်။ နောက်ပြီး လူကြီးတွေ ပြောဖူးတဲ့ ဥသြငှက် ကလေးရဲ့ ပုံပြင်ကို ပေါင်းစပ်ပြီး 'စိမ်းစိမ်းညိုညို ဟိုဘက်တောက ရွှေဥသြလေး တွန်သံသာ' အစချီတဲ့ ရွှေဥသြ ကဗျာလေးကို ဇွန်လ (၁၂) ရက်မှာ ရေးဖွဲ့ လိုက်လေတယ်။ ရွှေဥသြ ကဗျာ ရေးတဲ့ အခါ မှာတော့ သပြေသီးမှည့် ကဗျာ ရေးစဉ်က ကဗျာ ပုံစံကို ရသွားပြီး ဖြစ်တဲ့ အတွက် ပိုပြီး ရေးရတာ သွက်လာတယ်။ ဆရာ ကိုယ်တိုင် ငယ်စဉ်က နှစ်သက် ခဲ့တဲ့ ကလေး သဘာဝ တွေကို ရေးဖွဲ့ ရလို့ တကယ်ပဲ ဝမ်းမြောက် မိတယ်။ ဒါကြောင့်လည်း 'ခရုလုံး'၊ 'ပိုးစုံးန်းကြူး'၊ 'သဘက်ဆေး'၊ 'တောက်တဲ့' ကလေး ကဗျာ တွေကို (၁၄) ရက်နေ့ ညနေမှာ ဆက်ပြီး ရေးခဲ့တယ်။

ဆရာ့ အနေနဲ့ ဒီလို ကလေး ကဗျာတွေ ရေးစပ် နိုင်တာကို ဝမ်းမြောက်တယ်။ ဆရာက အောက်ပြည်၊ အောက်ရွာသားမို့ အောက်ပြည်ရဲ့ သဘာဝနဲ့ အညီ ကလေးတို့ ပျော်ရွှင် နှစ်သက် ဖွယ်ရာလေးတွေ ကစားပုံလေး တွေကို ရေးလိုက် ရလို့ တခြား ရပ်ရွာက ကလေးတွေ အနေနဲ့လည်း အောက်ပြည် အောက်ရွာက ကလေး တွေရဲ့ ဘဝနဲ့ ကစားပုံ အောက်ပြည် အောက်ရွာက သဘာဝနှင့် အခြေအနေ လေးတွေကို တခြား ကလေးတွေ ဗဟုသုတ ရနိုင် လိမ့်မယ် လို့လည်း ဆရာ မျှော်လင့် ခဲ့တယ်။ ဒါကြောင့်လည်း ဆရာ ရန်ကုန် ကောလိပ်ကို ပြန်ရောက်တဲ့ အခါ ဒီကလေး ကဗျာ အားလုံးကို စုစည်းပြီး 'မောင်ခွေးဖို့ ကဗျာများ' လို့ အမည်ပေးပြီး စာအုပ် ထုတ်ဝေ ခဲ့တယ်။ ဒီစာအုပ် ထွက်လာတဲ့ အခါမှာ ဆရာ အနေနဲ့ ချီးကျူးခြင်း၊ ပြစ်တင် ဝေဖန်ခြင်းတွေ အမျိုးမျိုးကို ခံရပါတယ်။ အဲဒီလို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဆက်စပ်ပြီး ရလာတဲ့ 'မောင်ခွေးဖို့ ကဗျာလေး' ဟာ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က ဆရာ့ရဲ့ တတိယ ကျောင်းက စပြီး ပေါက်ဖွား လာခဲ့တယ်လို့ ဆိုလိုက် ရခြင်း ဖြစ်ပါတယ်။


ဒါကတော့ ကလေး ကဗျာနဲ့ ပတ်သက်ပြီး ကလေးတွေ ပေါ်မှာ ထားရှိ ခဲ့တဲ့ ဆရာရဲ့ စေတနာနှင့် ဆရာ့ရဲ့ ခံစားမှု ပါပဲ။


ရင်းမြစ်.....။ ဆရာမင်းသုဝဏ်ကွယ်လွန် ခြင်း (၆)နှစ်ပြည့် အထိမ်းအမှတ် ဖြင့် ဦးသန်းထွန် (ပါမောက္ခ ငြိမ်း)၊ ပညာရေး တက္ကသိုလ် ပြုစုတဲ့ ၂၀၀၆ ခုနှစ် မေလထုတ် "ဇော်ဂျီ၊ မင်းသုဝဏ် တို့၏ စာပေ စကား" နှင့် ၂၀၀၅ ခုနှစ် ဇူလိုင်လထုတ် ရာပြည့် ဦးစိုးညွန့် တည်းဖြတ်သည့် "၂၀ ရာစု မြန်မာ စာရေး ဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်း" စာအုပ် တွေက ဆရာ မင်းသုဝဏ် အကြောင်း ကောက်နှုတ်ချက် တွေကို စုစည်းပြီး 'ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား' အဖြစ် ပြန်လည် တင်ဆက် လိုက်တာ ဖြစ်ပါတယ်။

Modern Times ဂျာနယ် အပိတ်ခံရ



ရန်ကုန်မြို့မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေတဲ့ Modern Timesဂျာနယ်ကို စစ်အစိုးရက ထုတ်ဝေခွင့် သီတင်းတပတ် ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ထုတ် ပြီးခဲ့တဲ့ အပတ်ထုတ် Modern Times ဂျာနယ်မှာ ဖော်ပြထားတဲ့ မိုးလေဝသဆိုင်ရာ ဆောင်းပါးတပုဒ်ကြောင့် အခုသီတင်းပတ်အတွက် ထုတ်ဝေခွင့် ရပ်နားခံရတာ ဖြစ်တယ်လို့ စာနယ်ဇင်းသမားတွေက ပြောပါတယ်။

အရင်အပတ်ထုတ် Modern Times ဂျာနယ်ထဲမှာ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မြန်မာနိုင်ငံမှာ စက်တင်ဘာ၊ အောက်တိုဘာ မိုးနှောင်းကာလအတွင်း အေးပြီးစွတ်စိုတဲ့ လာနီညာ ရာသီဥတုနဲ့ ကြုံတွေ့ရနိုင်တဲ့အတွက် မိုးများပြီး မုန်တိုင်းများ ဝင်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုချက်ကို ‘စက်တင်ဘာမှာ လာမှာလား ဆိုတဲ့ ခေါင်းစဉ်နဲ့ နာဂစ်မုန်တိုင်းသင့်ဒေသက ဓါတ်ပုံထည့်သွင်းပြီး ဆောင်းပါးရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းနဲ့ ပတ်သက်လို့ အခုလို ရေးသားဖော်ပြမှုဟာ အများပြည်သူကို အထိတ်တလန့် ဖြစ်စေတယ်လို့ စာပေစိစစ်ရေးက အကြောင်းပြပြီး ထုတ်ဝေခွင့် ပိတ်ပင်လိုက်တာလို့ ရန်ကုန်က သတင်းထောက်တွေက ပြောပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့် ပိုပေးရမယ့်အစား သတင်းဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်တာတွေ၊ သတင်းမီဒီယာနဲ့ သတင်းသမားတွေအပေါ် တင်းကြပ်ထိန်းချုပ်တာတွေ တိုးမြှင့် ပြုလုပ်လာတယ်လို့ BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်က ဝေဖန်ပြောကြားပါတယ်။

“များသောအားဖြင့် နိုင်ငံရေးနဲ့ နွယ်တဲ့ကိစ္စတွေကို သူတို့ အထူးသဖြင့် သတိထားတယ်။ သို့သော်လည်းပဲ ခုနောက်ပိုင်းကျတော့ ဂျာနယ်တွေကို ဘယ်လောက်အထိ တင်းကြပ်ထားသလဲဆိုတာ အခုလိုမျိုး မိုးလေဝသသတင်းကို လူထုကို အသိပေးတဲ့အခါမှာတောင်၊ မိုးလေဝသသတင်းဆိုတာ များသောအားဖြင့် ရာသီဥတု ကောင်းနေလို့ရှိရင် သတိပေးဖို့ သိပ်မလိုဘူး၊ ရာသီဥတု ဆိုးတော့မယ်ဆိုရင် လူထုကို သတိပေးရတယ်။ ဒါမှလည်း လူထုက ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်လို့ရမယ်။ အဲဒီလိုမျိုး သတိပေးတဲ့ ကိစ္စကိုတောင် စစ်အစိုးရက အခုလိုမျိုး တင်းကြပ်လာတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ ရွေးကောက်ပွဲ နီးလာလေလေ ပိုပြီးတော့ ဆိုးလာလေလို့ မြင်ပါတယ်“

စစ်အစိုးရရဲ့ စာပေစိစစ်ရေးဌာနဟာ ပြီးခဲ့တဲ့လအတွင်း အပတ်စဉ် ထုတ်ဝေတဲ့ The Voice ဂျာနယ် ကိုလည်း အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးတပုဒ် ဖော်ပြခဲ့မှုကြောင့် ထုတ်ဝေခွင့် သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြခွင့်ကို စာပေစိစစ်ရေးဌာနက တိတိကျကျ သတ်မှတ် ထုတ်ပြန်ထားတာ မရှိတဲ့အတွက် သတင်းမီဒီယာသမားတွေ အခက်ကြုံနေကြရပြီး၊ ဂျာနယ်မဂ္ဂဇင်းတွေလည်း မကြာခဏ ဆိုသလို ပိတ်ပင်ခံနေရပါတယ်။

သတင်းရင်းမြစ်...RFA

15 August 2010

ပြည်သူတွေအနေနဲ့ ၂၀၁၀ ကော်မရှင်ဥပဒေအရ “မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်”

မျက်ရည်သုတ်မည့်လက်များ







မျက်ရည်သုတ်မည့်လက်များ

အနိစ္စ ဒုက္ခ အနတ္တ တရားများကို သိရှိ နားလည်လာသည်နှင့်အမျှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးဝါးကုသပေးမှု၊ အခမဲ့ ပညာဒါန ဖွင့်လှစ်သင်ကြားပေးမှု တို့အပြင် ရန်သူမျိုး (၅) ပါးကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အများပြည်သူအတွက် ဖေးမကူညီ ပံ့ပိုးပေးမှုများ မြင့်မားလာတော့သည်။ ထိုသို့ အများပြည်သူ အတွက် အခမဲ့ ဖေးမကူညီ ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးဆပ်ရာတွင် အယူသည်းမှုများ၊ အဓမ္မ၀ါဒီ လက်ကိုင်ကျင့်သုံးသူများ၊ မစ္ဆရိယစိတ် ရှိသူများ၊ အတ္တသမားများကို အမြင်မှန် အသိတရား ရရှိအောင် မိမိတို့ ကူညီပံ့ပိုးပေးသော နာရေးလမ်းကြောင်းများတွင် နာရေးရှင်တို့အား ရှင်းလင်းပြောကြား ပေးခြင်းဖြင့်၎င်း၊ အလှူရှင်တို့အား ပြန်လည်ချီးမြှင့်သည့် မိမိတို့အသင်း၏ ပေးဆပ်မှုများကို ရိုက်ကူး မှတ်တမ်းတင်ထားသော DVD (ဒီဗီဒီ) အချပ်များတွင်၎င်း၊ နာရေးကူညီမှုအသင်းများ ဖွင့်လှစ်သည့် မြို့၊ ရွာ၊ နယ်များတွင် အယူသည်းမှုပပျောက်ရေး ဟောပြောပွဲများ ကျင်းပပေးခြင်းတို့ဖြင့် အယူသည်း မှုများကို သွယ်ဝိုက်၍၄င်း၊ တိုက်ရိုက်ဖြင့်၎င်း စည်းရုံးပြုပြင် ပြောင်းလဲပေးခဲ့သည်။

စည်းရုံးမှုပြုလုပ်ရာတွင် အနုပညာသမားများ ပါဝင်မှုသည် အထိရောက်ဆုံးဖြစ်သည်။

အနုပညာသမားများသည် စည်းရုံးမှုပြုရာတွင် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်။

အနုပညာသမားများသည် တိုင်းပြည်၏ မျက်နှာဖုံးပင်ဖြစ်တော့သည်။ ထို့ကြောင့် ပြည်သူလူထု အတွက် အကျိုးရှိမည့် လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများ လုပ်ကိုင်ရာတွင် အနုပညာသမားများ၏ အင်အားသည် အဓိကနေရာ တစ်နေရာတွင် ပါဝင်သည်။

ကျွန်တော်တို့၏ အများပြည်သူတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့်အတူ ဗြဟ္မစိုရ်တရား လက်ကိုင်ပြု၍ အယူသည်းမှုတိုက်ဖျက်ရေးတွင် စိတ်တူကိုယ်တူဖြင့် အတူလက်တွဲ၍ ပါဝင်ခဲ့သော အနုပညာသမားများတွင် ဂီတပညာရှင်တို့သည် အများဆုံးဖြစ်သည်။ ဂီတပညာသည် တိုင်းပြည် တစ်ပြည်၏ အနာဂတ်ကို ဖန်တီးပေးသော အစွမ်းထက်သော လက်နက်ဖြစ်သည်။ မိမိတို့နှင့်အတူ အယူသည်းမှုတိုက်ဖျက်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ လူသားချင်း စာနာမှုရှိရေး၊ လူအချင်း ချင်း ဖေးမကူညီပေးရေး … စသည့် ပြုပြင်မှုတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် ဂီတပညာရှင်များမှာ - စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့ဖြစ်ကြသည်။ သူတို့သည် လူမှုရေး သမားများ (သို့) အယူသည်းမှုတိုက်ဖျက်ရေး သူရဲကောင်းများပင် ဖြစ်သည်။ သူတို့ … သူတို့သည် မိမိ တို့တတ်စွမ်းသော ဂီတ အနုပညာဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်တို့အား ဝေငှသည့် DVD (ဒီဗီဒီ)အချပ် အတွက် သီချင်းများကို အခမဲ့ လှူဒါန်းကူညီခဲ့သည်။

ယခုဆိုလျှင် အများပြည်သူအတွက် မိမိတို့ တတ်စွမ်းကျင်လည် ကျွမ်းကျင်မှုရှိသော ဂီတ အနုပညာရပ်ဖြင့် ပေးဆပ်မှုများကို ပြုလုပ်ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ထပ်မံ၍ ပေါ်ထွန်းလာပြီ ဖြစ်သည်။ ယင်း ဂီတပညာရှင် လူမှုရေးသူရဲကောင်းများမှာ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ (Metal Zone)၊ နိုင်ဇော် (Lazy Club)၊ BK+2 (Hip Hop)၊ ရိန်မိုး၊ ရည်မွန်လမင်း နှင့်အဖွဲ့အပြင် တီးဝိုင်းသမားများ၊ အသံဖမ်း အင်ဂျင်နီယာများ၊ အသံဖမ်းစတူဒီယိုများနှင့် တေးရေးဆရာများဖြစ်တော့သည်။ ထပ်မံ၍ ကျွန်တော် တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူလက်တွဲ၍ အများပြည်သူတို့အား ပေးဆပ်မည့် ဂီတ ပညာရှင်များစွာလည်း ရှိသေးသည်။ ထို လူမှုရေး ဂီတသူရဲကောင်းများ၏ တစ်ဦးချင်း ပေးဆပ်မှုများကို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းလွှာများတွင် ဆက်လက်ဖော်ပြ ပေးမည်ဖြစ်ပါသည်။ ယခု ဖော်ပြပါ ပေးဆပ်မှုသတင်းလွှာသည် လူမှုရေးဂီတ သူရဲကောင်းဖြစ်သူ ဆောင်းဦးလှိုင်၊ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကောင်းပြည့် တို့၏ ပေးဆပ်မှု ပုံရိပ်လွှာများပင် ဖြစ်တော့သည်။

အများပြည်သူတို့၏ ဒုက္ခမျက်ရည်စများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျက်ရည်သုတ် ပေးသောလက်များနှင့် အတူလက်တွဲ ပျံသန်းကြမည့် ဂီတပညာရှင်များ၏ သမိုင်းမှတ်တိုင်သည်ကား မည်သို့မှ ဖျောက်ဖျက်၍ မရနိုင်တော့ချေ။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူး တင်ရှိပါသည်.။

 ပါတီတစ်ခုသည် ရွေးကောက်ခံသော ကိုယ်စားလှယ် တစ်ဦးစီ အတွက် ရွေးကောက်ပွဲ အသုံးစရိတ်ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်ဟု ပြဋ္ဌာန်းထား

ပါတီတစ်ခုသည် လွှတ်တော် သက်တမ်းတစ်ရပ်စီ အတွက်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်စီတွင် မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ရွေးကောက် ပွဲအသုံးစရိတ်ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်ဟု ၂၀၁၀ ပြည့် နှစ် မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ သိရသည်။


လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင် ပြုလုပ်နိုင်ပြီး နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ် စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မှုကို စက်တင်ဘာလ ၆ ရက်မှ ၁၀ရက်အထိ ပြုလုပ်သွားမည်ဟုသိရပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်ကြောင်း သိရသည်။


လက်ရှိ၌ မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီမှာ အနည်းငယ်သာရှိပြီး လက်ချိုးရေတွက်၍ပင် ရနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုပါသည်။


မဲဆန္ဒနယ် ၁၀၀ ကျော်ကိုသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံရေး ပါတီသာ အများစုဖြစ်သည်ကို လတ်တလော၌ တွေ့ရပြီး ၎င်းတို့မှာလည်း ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းနှင့် မဲဆန္ဒနယ် အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံရေးပါတီများမှ စုံစမ်းသိရှိရသည်။


ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး သည် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ် ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


မဲဆန္ဒနယ် တစ်နယ်တွင် ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ရှိပါက ယင်းပုဂ္ဂိုလ်သာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်၍ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက် ယှဉ်ပြိုင်နိုင်သည့် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းနိုင်ဖွယ်ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုပါသည်။


၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၃ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံလိုင်း မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့်ရွေးကောက်ပွဲများဟု .news-eleven. ဂျာနယ် တွင်ဖော်ပြပါရှိသည်.။

ဆင်ဖြူများရှင် ဗိုလ်ချုပ်မှုးကြီးရဲ့ စတုတ္ထ ဆင်ဖြူတော်နိုင်ငံ...

white Elephant
ပြီးခဲ့တဲ့ ၁၃ရက်နေ့ နဲ့ ၁၄ရက်နေ့ထုတ် ပြည်တွင်းက ဝါဒဖြန့် နအဖ သတင်းစာတွေမှာ ဆောင်းပါးရှင် ဝေယံမောင်ရဲ့ ဆင်ဖြူတော် ချီးမွန်းခမ်းနဲ့ အားရပါးရ ဖော်လံဖား ရေးသားထားတာကို ဖတ်လိုက်ရပါတယ်..။ ထို့အတူ ၁၃ရက်နေ့ သတင်းစာမှာတော့ သတင်းစာ မျက်နှာဖုံး ခေါင်းကြီးပိုင်းမှာ နအဖဗိုလ်ချုပ်တွေရဲ့ ပုံတွေကို မဖော်ပြပဲ ဆင်ဖြူသတင်းကို တခမ်းတနား ဖော်ပြလိုက်တာဟာ ယခင်သတင်းစာ မျက်နှာဖုံးရှင် ဗိုလ်ချုပ်သန်းရွှေအပါအဝင် နိုင်ငံတော် အကြီးအကဲ ဆိုသူတွေနဲ့ တစ်တန်းတစ်စားထဲ အဟိတ် တိရိစ္ဆာန်ဆင်ဖြူက မြင့်မြတ်တယ်လို့ ထင်စရာပါပဲ..။ ထိုနေ့သတင်းစာမှာ ဗိုလ်ချုပ်သာအေး သတင်းက နောက်စာမျက်နှာမှာ ပါပြီး ဆင်ဖြူတော်က ရှေ့မျက်နှာဖုံးမှာပါလာတာကို တွေ့ရပါတယ်..။ ဒါကိုကြည့်ခြင်းအားဖြင့် နအဖ ဗိုလ်ချုပ်တွေ အဟိတ် တိရိစ္ဆာန် ဆင်ဖြူထက်တောင် နိမ့်ကျနေပါလားလို့ တွေးတောဆင်ခြင်စရာပါပဲ..။

ထိုအတူ ထိုနေ့ သတင်းစာပါ ဆောင်းပါးရှင် ဝေယံမောင်ရဲ့ ဖော်လံဖား တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ ပုံစံရေးထားတဲ့ ဆောင်းပါးပါ အကြောင်းအရာတစ်ချို့ကို ကိုးကားဖော်ပြလိုက်ပါတယ်...။

white Elephant
သတင်းစာပါ ဖော်လံဖား ရေးသားချက်

ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်နဲ့ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းဘုရားတို့ လက်ထက်မှာ ဆင်ဖြူတော် ပိုင်ဆိုင်ခဲ့တဲ့ပုံစံ ရေးသားထားပြီး ယခုခေတ် နအဖလက်ထက် (စတုတ္ထမြန်မာနိုင်ငံကို ထူထောင်နေသူတွေလို့ ဆိုလိုဟန် မတန်မရာ) မှာလည်း ဆင်ဖြူတော်လေးစီး ပေါ်လေဟန် ရေးသားထားပါတယ်..။

ကဲဒါဆိုရင် ဆင်ဖြူတော် ကိုးစီးထိပိုင်ခဲ့တဲ့ ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း အကြောင်းကို wikimyanmar မှာရေးသားထားတာကိုလည်း သုံးသပ်လို့ ရအောင် ဖော်ပြလိုက်ပါတယ်..။

ဘိုးတော်ဘုရား(ဦးဝိုင်း)သည် နိုင်ငံတော်ကိုသာယာအောင် အုပ်စိုးတော်မူသည့်အပြင် မင်းကျင့်တရားနှင့်လည်း ပြည့်စုံတော်မူသည့်မင်းဟု ဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းလက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်း ကိုယ်တိုင်ကပင် ပထမ ဆင်ဖြူ ရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီး တိုးလာသောအခါ ဆင်ဖြူများရှင် ဟု ခံယူခဲ့သည်။

အထက်ပါ ဆင်ဖြူများရှင် အကြောင်းအရာနဲ့ အတူ ဘိုးတော်ဘုရားအကြောင်း ရေးသားထားတာကတော့

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း (၁၇၈၂-၁၈၁၉)သည် အလောင်းဘုရား၏ တတိယသားတော်ဖြစ်သည်။ မြန်မာ့သမိုင်း တွင်နန်းသက်အရှည်ဆုံး ဘုရင်များအနက်မှ တစ်ပါးဖြစ်ပြီး နန်းသက် ၃၇ နှစ်ထိ နန်းစံခဲ့သည်။ ငယ်မည်မှာ မောင်ဝိုင်းဖြစ်ကာ နန်းတက်ဘွဲ့မှာ သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဖြစ်သည်။ ၄င်းလက်ထက်တွင် သမိုင်းဝင် ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်သည့် မင်းကွန်းပုထိုးတော်ကြီးကို တည်ထားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြို့တော်ကို အင်းဝမှအမရပူရ နန်းသစ်ကိုတည်ပြီး ပြောင်းရွှေ့ခဲ့သည်။ ၄င်းလက်ထက်တွင် မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်ကို အိမ်ရှေ့မင်းသားကြီး တောင်ငူစား ဦးပေါ်က သွားရောက်သိမ်းယူပြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ကိုလေးပိုင်းပိုင်းဖြတ်ကာ ရခိုင်မှ ပင့်ဆောင်လာခဲ့သည်။ အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။ ယိုးဒယားသို့ စစ်ချီသော်လည်း မအောင်မြင်ပေ။ ပွဲတိုင်းရှုံးသဖြင့် တပ်ကိုနောက်ချန်ကာ နေပြည်တော်သို့ ရှက်ရှက်နှင့် ပြန်လာရသည်ဟုဆိုသည်။

ဘိုးတော်ဘုရား နန်းတက်သော အခါ၌ သက်တော် ၃၈ နှစ် ရှိလေပြီ။ ဘိုးတော်ဘုရားသည် မာနကထန်ထန် ရှိ၍ တန်ခိုးအာဏာ ရရေးကိုသာ ရှေးရှုနေရသည့် လောက အလယ်တွင် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ထို့ပြင် နောင်တော် ဆင်ဖြူရှင် လက်ထက်တွင် မင်းသားတို့၏ အဆောင်ယောင် အခမ်းအနားဖြင့် နေထိုင်ခဲ့ရသူ ဖြစ်လေသည်။ ထိုကြောင့် တန်ခိုးအာဏာကို ရမက်ကြီးစွာဖြင့် လိုချင်ဇော များခဲ့သူ ဖြစ်ခဲ့လေရာ၊ ကြံတိုင်း မမြောက်သော အခါ စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။ စဥ့်ကူးမင်း လက်ထက်တွင် ဘိုးတော်ဘုရားသည် တဖြေးဖြေးနှင့် မင်းညီ မင်းသား အဆောင်အယောင်များ ရုပ်သိမ်းခြင်း ခံခဲ့ရလေရာ သတိ ဝိရိယ ကြီးစွာဖြင် နေထိုင် ကျင့်ကြံ ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်လေသည်

တိုင်းပြည်၏ အင်အားကို ဖြုန်းခဲ့ပုံ

ဘိုးတော်ဘုရားသည် စစ်မြေပြင်သို့ ထွက်၍ ကိုယ်တော်တိုင် ကွပ်ကဲ စစ်တိုက်ဖူးသည် မဟုတ်ချေ။ သို့သော် နန်းသက် တလျှောက်လုံးတွင် ယိုးဒယားသို့ အကြိမ်ကြိမ် အခါခါ မြန်မာ စစ်တပ်ကြီးကို ချီတက် တိုက်ခိုက်စေခဲ့ရာ ဘိုးတော်ဘုရား၏ ဆင်ခြင်တုံ ကင်းမဲ့မှုသည် နိုင်ငံ၏ အင်အားကို အလဟဿ ကုန်ခန်းစေခဲ့သည်။ ထို့ပြင် ဘိုးတော်ဘုရားသည် ကောင်းမှုတော်များကိုလည်း အကြီးအကျယ် တည်ဆောက်ခဲ့သည်။ ဤသို့ တည်ဆောက်ရာတွင်၊ အီဂျစ်ပြည်ရှိ ပိရမစ်များကဲ့သို့ လူအင်အားကို အဆက်မပြတ် အသုံးချရလေရာ၊ တိုင်းပြည်အလုံး ပင်ပန်း နွမ်းနယ်ကြကာ တနေ့တခြား ဆင်းရဲ ညှိုးငယ် လာကြလေသည်။ ဥပမာ ကမ္ဘာတခွင်တွင် အကြီးဆုံးသော စေတီအဖြစ် ရည်မှန်း တည်ဆောက်သည့် မင်းကွန်း စေတီကြီးသည် နေ့ရော ညပါ တည်ဆောက်ကြ ရသော်လည်း ၇ နှစ် ကြာသည့်တိုင်အောင် မပြီးစီးခဲ့ချေ။ ထိုစဉ်က အင်္ဂလိပ် သံမှူး ဟီရမ်ကောက်ကို မင်းကွန်းစေတီ တည်ဆောက်ရာ၌ နတ်တို့ ကူညီသည်ဟု မြန်မာတို့က ပြောကြားကြောင်း သိရလေသည်။ မင်းကွန်း စေတီကြီး တည်နေရသည့် ဒုက္ခ ဝန်ထုပ်ကြီးမှာ စေတီကြီး ပြီးစီးလျှင် ဘိုးတော်လည်း နတ်ရွာ စံလိမ့်မည်ဟု နိမိတ် တဘောင် ပေါ်ထွက်လာသော အခါမှသာ ဘုရင်က စေတီ ဆောက်လုပ်ခြင်းကို ရပ်စဲ စေတော့သည်။ (အချက်အလက် အနည်းငယ်ကို ကောက်နှုတ် တင်ပြလိုက်ပါတယ်)

သူလည်း ဆင်ဖြူ ၉စီးတောင် ပိုင်တာပါ...။ ၉ ဂဏန်းတောင် ပါပါသေးတယ်... နအဖစစ်ဗိုလ်တွေ အကြိုက်ပေါ့... ဆောင်းပါးရှင် ဝေယံမောင် ရေးမယ်ဆို ဒီအကြောင်းလဲ ထည့်ရေးသင့်ပါတယ်။

white Elephant
သတင်းစာပါ ဖော်လံဖား ရေးသားချက်
သွားလေသူ ဗိုလ်ခင်ညွန့်လက်ထက် ၂၀၀၁ခုနှစ်တည်းက ဆင်ဖြူတော်ကို ဖမ်းဆီးရရှိမိတာပါ.. ၂၀၀၂မှာလည်း ဆက်တိုက် အတင်းရအောင် ဖမ်းဆီးခဲ့ပြီး ၂၀၀၄မှာ ဆင်ဖြူတော်တန်ခိုးနဲ့ တူသောအကျိုးပေးရာထူးမှ ချခံရပြီး ဆံဖြူတော် ဖြစ်နေရပါပြီ.. ဆင်ဖြူတော်ဖမ်းမိတဲ့ ၂၀၀၁ခုနှစ် ကနေ ယခု ၂၀၁၀ အတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်ထူးထူးခြားခြား ပြောင်းလဲသွားတာ တွေကတော့ အတူမိုးခေါင်. ရေရှား၊ မီးပြတ် ၊လူအမြောက်အများ သေကြေ ပျက်ဆီးရတဲ့ နာဂစ် မုန်တိုင်းဝင်.. မီးကြီးတွေလောင် ပြည်သူတွေ အတိဒုက္ခရောက် စတဲ့ ဆိုးကျိုးတွေပဲ ခံစားခဲ့ရပါတယ်။ ဆန်ရေ စပါး ရွှေ ငွေ ကျောက်သံတွေလည်း ရှိသမျှ အကုန်ကုန်ပြီး မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ပြည်သူတွေလည်း တိုင်းတစ်ပါးကို ထွက်ပြေးတိမ်းရှောင် လာရတာ နှစ်စဉ်နဲ့အမျှ တိုးတက် များပြားလာနေပါတယ်။ ဝေယံမောင် ပြောတဲ့ အတိုင်းဆို ခင်ဗျားတို့ ဆင်ဖြူတော် ၃ကောင်တောင်မှ ဒီလောက် တိုးတက်ဖွံ့ဖြိုးနေရင် ၄ကောင်ဆို ကျွန်တော်တို့ ပြည်သူတွေ နေစရာတောင် ရှိမှာ မဟုတ်တော့ပါဘူး...။ မကြာခင်မှာပဲ ဆင်ဖြူတော်ကို ကိုးကွယ်တဲ့ နအဖစစ်ခေါင်းဆောင်တွေလည်း ဆင်နင်းပြီး မြင်းကန်ခံရမယ့် အချိန်ကို ရောက်ရှိလာပါတော့မယ်...။

နောက်ဆောင်းဖားရှင် ဝေယံမောင် ရေးထားတာက အိမ်နီးချင်း ဘယ်နိုင်ငံမှ ဆင်ဖြူတော်ပေါ်တာ မကြားဘူးပါတဲ့ .. တခြားနိုင်ငံတွေက တိရိစ္ဆာန်ကို တိရိစ္ဆာန်မှန်း သဘောပေါက်လို့ပါပဲ... တစ်ခြားနိုင်ငံတွေမှာ ဆင်ဖြူရှိမရှိသိချင်ရင် http://www.demowaiyan.co.cc/2010/07/blog-post_9542.html မှာ ကြည့်ရှုနိုင်ပါတယ်...။

အချုပ်အားဖြင့်ဆိုရင် စစ်အာဏာရှင် လက်ထက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ထေရဝါဒ ဗုဒ္ဓဘာသာကနေ ဗြဟ္မဏဝါဒ ကိုပြောင်းလဲတော့မယ့် အနေအထားကို ရောက်ရှိနေပါပြီ...။ ဗေဒင်၊ ယတြာ၊ ဆင်ဖြူ ဆင်မဲ.. စတာတွေနဲ့ မသိနားမလည်တဲ့ ပြည်သူတွေကို မှားယွင်းတဲ့ အယူအဆတွေ ကိုမှိုင်းတိုက် သွတ်သွင်းနေပါပြီ။ မြန်မာပြည်မှ သြဇာရှိတဲ့ ထေကြီးဝါကြီး ဆရာတော်ကြီးများ အနေနဲ့လည်း ဒီလို မှားယွင်းတဲ့ အယူဝါဒတွေကို လက်မခံဘို့ တိရိစ္ဆာန်က လူထက်မြင့်မြတ်တယ်ဆိုတဲ့ အယူအဆကို လက်မခံဘို့ ဟောပြောသွန်သင် ဆုံးမသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆောင်းဖါးရှင် ဝေယံမောင်ရဲ့ တိရိစ္ဆာန်ဆောင်းပါးတွေ ဖတ်ချင်ရင်..
http://myanmar.com/newspaper/kyaymon/Aug13.pdf
http://myanmar.com/newspaper/kyaymon/Aug14.pdf

လက်သစ်ကဗျာ

လက်သစ် ကဗျာ

လူငယ်တွေ လူငယ်တွေ
ရေတစ်ပေါက် အတွက် သေသောက်နေကြ
ရွက်ကြွေကောက်ဖို့ အတွက်
ကိုယ့်လှေကိုယ် ပြန်ဖောက်နေကြ
ပဲခူးရောက်အောင် ထိုးနေတဲ့လှေတွေ
ပေါက်နေမှတော့
ဧရာဝတီမြစ်ရေထဲ နစ်မြုပ်သွားကြ။

သုံးမရတော့လောက်အောင်ပဲ
ပျောက်ဆုံးနေတဲ့ အနာဂတ်
ဆိတ်သုဉ်းနေတဲ့ စိတ်ဓာတ်
ပြန်ကောက်တပ်ဖို့
စိတ်အခံကောင်းတွေ ထားတတ်ရမယ်။

လူငယ်ဆိုတာ
ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့သူတွေ
ဒီလှိုင်းတွေ ပုတ်ရုံနဲ့
အမြုပ်ခံနေကြတော့မှာလား
အမှားတွေနည်းပါးရေးအတွက်
ပုဒ်ဖြတ် ပုဒ်ရပ်မှန်အောင်
ငါတို့သမိုင်း ငါတို့ပြန်ရေးရမယ်။

လူငယ်တွေ စိတ်ဓာတ်သန့်စင်ရေး
ရက်သတ္တပတ်တိုင်း အချိန်ပေးလို့
သန့်ရှင်းရေးတွေ လုပ်ပေး
နယ်ပယ် အသစ်အဟောင်း ဆိုတာတွေ ရွေးမနေနဲ့
ကြယ်ပွင့်တွေ ဝေးဝေးသွားမယ်
လင်းလက်တယ်ဆိုတာ သူ့စွမ်းရာသန်ရာပဲ
ကိုယ့်ဇွဲနဲ့ကိုယ် ဆွဲထုတ်တတ်ကြရမယ်
ကိုယ့်နဘဲနဲ့ကိုယ် ပွဲထုတ်နေကြရမယ်။

လူငယ်
နယ်ပယ်ဟောင်း နယ်ပယ်သစ်
အဲမ်ဖားစစ်(Emphasis) စစ်တမ်းထုတ်ထား
ထူးခြားပြီး ရှူးဝါး(Sure) နေရမယ်။

ခန့်မိုးခက်

မြန်မာပြည် မြေပုံလေး ရှေ့မှာချပြီး အဆုံးမရှိသေးတဲ့ ပုံပြင်

မြန်မာပြည် မြေပုံလေး ရှေ့မှာချပြီး ကျွန်မ ရွာရှိမယ့် တည်နေရာ လေးကို စိတ်မှန်းနဲ့ လှမ်းကြည့် လိုက်မိတယ်။
မြန်မာပြည် အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းလေးရဲ့ ထောင့်ချိုး တစ်နေရာဟာ ၀ါးတောမဆိုတဲ့ ရွာလေးတဲ့လား။ ဖုန်ငွေ့လုံးလုံး၊ ကုန်းခေါင်ခေါင် ကျွန်မတို့ အညာ၊ မုံရွာ၊ အရာတော် ပတ်ဝန်းကျင်ရဲ့ ပူအိုက်ခြင်းမျိုး ဘယ်ဒေသမှ လိုက်မီမယ် မထင်ဘူး။ နေပူပူ မြေပူပူမှာ ခေါင်လိုက်တဲ့ မိုးကလည်း လွန်ရော ကျွံရော။ အိုင်တီခေတ်နဲ့ အမီ ရွာမှာ စလောင်းတွေ ဒယ်အိုးတွေ၊ မုန့်စုံရတဲ့ လက်ဖက်ရည်ဆိုင်တွေ တိုးပြီးရင်း တိုးလာတာတောင် တန်ခူး၊ ကဆုန် ရောက်လာပြီဟဲ့ ဆိုရင် မိုးခေါ်လွန်ဆွဲ၊ ကန်တူး ပွဲတွေကတော့ ရိုးရာ မပျက်သေးပါဘူး။ မိုးနတ်မင်းကို အပြစ်ဖို့ကြပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် သူနဲ့ လားလားမှ ဆိုင်တာ ဟုတ်ဘူးရယ်။ လူတွေကလည်း ကြည့်ဦး။ နွေဆိုလည်း နွေမို့၊ မိုးဆိုလည်း မိုးမို့ တစ်နှစ်ပတ်လုံး ရွာထဲကို ၀င်လာမစဲ တသဲသဲက ထင်းလှည်းကြီးတွေ။ ၀ယ်တဲ့ လူတွေလည်း ၀ယ်ရဲ့။ ရောင်းတဲ့လူကလည်း ရောင်းရဲ့။ ဘယ်လောက်မှလည်း စီးပွားဖြစ်ကြတာ မဟုတ်ဘူး။

ရောင်းသူက တစ်စီးလုံး ပေးမှ ငါးထောင်လောက်ပဲ ရသလို ၀ယ်ကြတဲ့ အကြော်သည်၊ အထက်မီး အောက်မီးသည်၊ တိုလီမုတ်စသည်တွေလည်း ၀မ်းမ၀တ၀ အဆင့်ကနေ ဘာအမြတ်မှ သိသိသာသာ ကျန်တာ မဟုတ်ဘူးရယ်။ တောတွေပြုန်းပြီး တောင်တွေ သင်္ကန်း မဆီးရဘဲ ခေါင်းတုံး ကျသွားတာက လွဲရင် ရောင်း ကောင်းကြတုန်း။ ၀ယ်ကောင်းကြတုန်း။ မွဲကောင်း ကြတုန်း။

“အောင်မယ် ကောင်မ။ ညည်း သည်လိုတော့ လာမပြောနဲ့ အေဟဲ့။ ထမင်းချက် တာ ထင်းနဲ့မချက်လို့ ငါက ဘာနဲ့ ချက်ရမှာတုံး။ ညည်း မမွေးခင်ကတည်းက ငါသည်လို ချက်လာတာ ပညာတတ် မကြီးရဲ့။ ဘီအီးဒီ အောင်သိုက် ပြဇာတ်ထဲက ဘွဲ့ရအလုပ် လက်မဲ့ကြီးရဲ့”

ဒေါ်တင်မြ ထင်းသုံး ကြမ်းတယ်လို့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး ပါးစပ်သရမ်းမိ လိုက်ပါတယ်။ ကြားကြတဲ့ အတိုင်း ကျွန်မမှာ ကက်ကက်လန် ရန်အတွေ့တောင်ခံလိုက် ရသေး။ တကယ်တော့ သူတို့ကိုလည်း အပြစ် မဆိုသာပါဘူး။ ခေတ်ကြီးကိုက လိုက် မမီအောင် ပြောင်းလဲ နေတဲ့ဟာ။ ကျွန်မတို့ တောသူ တောင်သားတွေက ဘာများ တတ်နိုင်မှာတဲ့တုံး။

ရှေးရှေးတုန်းကတော့ “၀ါးတောမ”ဆိုတာ အရာ တော်၊ မုံရွာနယ် တစ်ကြောမှာ နာမည် တစ်လုံးနဲ့။ အထည်ဆိုလည်း အထည်မို့၊ ထန်း လျက်ဆိုလည်း ထန်းလျက်မို့ နာမည် အကြီးသား။ အခုများတော့ လာကြည့်စေချင်တယ်။ ၀တ်ရတာက တရုတ်ထည်၊ စားရတာက ဟင်းချိုမှုန့်၊ စီးရတာက ထော်လာဂျီ။ အခု ၀ါးတောက အပျိုချော မမတွေ သွားကုန်ကြပြီ။ ရှမ်းပြည် နယ်လက်ဖက်ခူး၊ မြစ်ကြီးနား ထမင်းချက်တဲ့။ ရွာမှာ ဘာအလုပ်မှ မဖြစ်တော့ဘူး။

ဗမာချည်ကို အတိုင်ရော အဖောက်ပါ ဆေးကောင်းကောင်းနဲ့ ရက်ထားတဲ့ ဖျင်ကြမ်း လုံချည် တစ်ကွင်းဆို လေးထောင်ကျော်မှ ရတော့တာ။ တရုတ်ထည် က သုံးကွင်းမှ ငါးထောင်။ ဘယ်အပျိုက လက်ထွက်လုံ ချည်ကို ဖင်ပူခံရက်တော့မှာတုံး။ ကိုယ်တောင် မ၀တ်တာ သူများနယ်ကရော အမြတ် ပေးပြီး လာဝယ်ပါဦးမလား။ ခေတ်ကလည်း ခေတ်ပဲကိုး။ ရွာသူတွေကိုလည်း အပြစ် မတင်ရက်ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ တရုတ်ထည်တွေ ၀င်မလာ ခင်တုန်းကတော့ ရွာမှာအလုပ် ဖြစ်ကြသား။ ၀ါးတောမရွာ ထွက် ရွှေဖလာ အဆင်စောင် အုပ်၊ နှပ်လေးလွှာ ရွက်စောင်၊ အပြာဖြတ်၊ အနီဖြတ်တွေဆို တာ တစ်နယ်တစ်ကျေးက ကုန်သည်တွေ လုဝယ်ရတဲ့ အထိ။ မန္တလေး၊ တောင်ကြီးက ဖျင်(အကြမ်းထည်)ပွဲစား တွေဆိုတာလည်း လိုချင် လိုက်ကြတာမှငမ်းငမ်းတက်။ တကယ့်ကို ရွှေရောင် အတိတ်ကြီးပါတော်။

ဟော အခုတော့ မကြုံ စဖူး အကြုံထူးလို့ ထန်းသ မားကရှုံး၊ ဖျင်ကပျက်။ ဖျင် ကပျက်တော့ ချည်မထွက်၊ ချည်မထွက်တော့ ဂွမ်းသမား တွေ ငုတ်တုတ်၊ ၀ါသမား တွေဗိုက်မှောက်။ အတိုးတွေ တနင့်တပိုး ယူပြီး မလေးရှား ပြေးသူလည်း ပြေးရဲ့။ ဒါပေ မယ့် ကံကောင်းမှ ဖားလောင်း ဖားဖြစ် ဆိုတဲ့ စကားအတိုင်း ဆယ်ယောက် သွားလို့မှ တစ်ယောက်သေချာတာ မဟုတ်ဘူးရယ်။

“တူမကြီး၊ ချည်လဲချင် လို့ပါကွယ် အမေကြီး”

ဟော ပြောလို့မှမဆုံး သေးဘူး။ ရောက်လာပြန်ပြီ တစ်ယောက်။ အသက် ၇၀ ကျော် အဘွားကြီး။ မြေးလေး လက်တစ်ဖက်က ဆွဲလို့ အိမ်တံခါးဝမှာ မတ်တတ်။“အမေကြီးရေ ဖျင်တွေ အလုပ် မဖြစ်လို့ နားထားတာ သုံးလလောက် ရှိပြီ အမေကြီး ရဲ့။ တခြား သွားလဲလိုက်ပါ နော် အမေကြီး”

တကယ်တော့ သူတို့ လေးတွေက ဟိုးအောက်ဆုံး အဆင့် လက်လုပ်လက်စား လေးတွေရယ်။ ငွေ ၁၆၀၀ လောက် ရှိတဲ့ အရင်းနဲ့ ဗိုင်း တစ်ပိဿာဝယ်၊ ချည်ငင်ပြီး ဗိုင်းနဲ့ပြန်လဲတော့ တစ်ပိဿာ ငင်ခ ၆၀၀ လောက်ရ။ အဲဒါလေးကိုပဲ ဆန်ကွဲ၊ ငရုတ်ဖြစ် အောင် ဖန်တီးပြီး သုံးရက်လောက် အသက်ဆက်ရရှာ တာ။

“တူမကြီးရယ် လဲပါကွယ်။ အမေကြီးက လာနေကျပါ။ တခြားလည်း မသွား ချင်တော့တာနဲ့”

အဲဒါက ချည်သမားတိုင်း မကျက်ရဘဲ အလွတ် ပြောနိုင်တဲ့ ဈေးခေါ်စကား။ အစကတော့ ကျွန်မလည်း သနားတာနဲ့ အလုပ် မဖြစ်တောင် တတ်နိုင်သလောက် တော့ ငွေအောင်းခံပြီး ကုသိုလ် ဖြစ်လဲပေးပါသေးတယ်။ အခုတော့ ကျွန်မဆီမှာလည်း ငွေဖြစ်မလာတဲ့ ချည်ပုံ၊ အထည်ပုံကြီးက ဆယ်ပေ လောက်မြင့်နေပြီ။
“ဗိုင်း ကုန်နေလို့ပါ အမေကြီးရယ်”

မတတ်နိုင်ဘူး။ လက်ကျန်ဗိုင်းလေး အချိန် တစ်ဆယ်လောက်ကို အိမ်ထဲ သွင်းထားပြီး မုသာဝါဒ ဆိုတဲ့ မမှန်သော စကားကို မျက်စိ စုံမှိတ်ပြီး လှိုင်လှိုင်ကြီး သုံးနေရတာက နေ့တိုင်း။
“အမေကြီး ဗိုက်ဆာတယ်”

ရေမချိုးတာ ကြာနေပြီလို့ ထင်ရတဲ့ ချဉ်တူးတူး၊ စုတ်ပြတ်ပြတ် ကောင်လေးရဲ့ မျက်လုံး တစ်စုံက ကျွန်မ လက်ထဲရှိ ခွဲရင်းတန်းလန်း စိန်တစ်လုံး သရက်သီးကြီးဆီ ကို အကြည့်တွေ ရဲရဲကြီးပို့ လွှတ်လို့။
“စားမလားဟင် ကောင်လေး”

“ဟုတ်”

“အမေကြီးကိုလည်း တစ်စိတ်လောက် ကျွေးပါ တူမကြီးရယ်။ အမေကြီး ခံတွင်း မလိုက်လို့ အစားပျက် နေတာကြာပြီ”

ကျွန်မလည်း နေပူပူ၊ အိုက်စပ်စပ်မှာ ဘာအလုပ်မှ မရှိတဲ့ အတူတူ ကြောင်ရေချိုး ခွေးသန်းရှာပဲ ပြောပြော၊ မြေး အဘွား နှစ်ယောက်ကို အိမ်ထဲ ခေါ်ပြီး တောင်ရောက်မြောက် ရောက်စပ်စု၊ လေကန်လုပ် နေမိပါတော့တယ်။ အဲဒါကြောင့် ထင်ရဲ့။ အဖေက ကျွန်မကို ခဏခဏကြည့်ပြီး ရွတ်တတ်တာ။ “ခေတ်ပညာ တတ်မကြီး၊ ဘာစီးပွားရေး အကွက်မှ မမြင်ဘူး”တဲ့။ စီးပွားတွက် တွက်မယ် ဆိုရင် တော့ ဟောသလို အလုပ် မဖြစ်တဲ့ ကာလကြီးမှာ ကျွန်မ ရှေ့ထိုင်နေတဲ့ မြေးအဘွား နှစ်ယောက်က ကျွန်မအတွက် ရွှေခဲကြီး မဟုတ်သလို ငွေတွင်းကြီးလည်း ဖြစ်မလာနိုင်ပါဘူး။ မဆိုင်တဲ့ ကိစ္စကို မဆိုင်သလို နေလိုက်လည်း ပြီးတာပေါ့နော်။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မလေ၊ တခြားသူမှ မဟုတ်တာ။ နတ်ကရာ ကျီးမောလို့ပဲ ပြောပြော၊ လှံဖျားပုစဉ်းနား၊ ကျီးကန်းချေးပါလို့ပဲ ဆိုဆို မဆိုင်သလို မနေမိတာကတော့ ကျွန်မရဲ့မွေးရာပါ မဟာ အားနည်းချက် အစစ်။ ကျွန်မ ကျီးများ ၀င်စားလေရော့ သလား။

“တူမကြီးပဲ စဉ်းစား ကြည့်။ အလုပ်ဖြစ်တုန်းက ကုန်ဈေးနှုန်းကို လိုက်မမီဘူး။ ဟော ကုန်ဈေးနှုန်းလေး သင့်တော့ အလုပ်ကမရှိ။ ကျော်ခန့်တို့တော့ ဖုန်တောက မတက်တော့ပါဘူးကွယ်”တစ်ခါတုန်းက ၀ါးတောမ ဆိုတဲ့ ကျွန်မတို့ ရွာ မှာ ကျော်ခန့်ဆိုတဲ့ လူရိုး တစ်ယောက်ရှိခဲ့သတဲ့။ ရွာနီးချုပ်စပ် ပွဲကနား ရှိလို့ ရွာသားတွေ လှည်းယဉ်ကိုယ်စီနဲ့ ထွက်ကြပြီဆိုရင် ကျော်ခန့် တစ်ယောက်ကတော့ ဖုန်ထူ တဲ့ လမ်းလေးထဲမှာ ခြေကျင်ပဲ လျှောက်သတဲ့။ “ကျော်ခန့် လှည်းပေါ်တက်လေ”လို့ပြော ရင် သူက “ငါ ကိုယ်ပိုင် လှည်း မ၀ယ်နိုင်မချင်း ဖုန်တောက မတက်ဘူးကွ” လို့ ပြန်ပြောသတဲ့။ နှစ်တွေကြာလို့ ကျော်ခန့်တို့ ရွယ်တူတွေ ဆံဖြူ သွားကျိုးဖြစ်သွားတာ တောင် ကျော်ခန့်တစ်ယောက် ဖုန်တောက တက်မလာနိုင် တော့ဘူးတဲ့။

အခုလည်း အဘွားကြီးက သူ့ဘ၀လည်း ကျော်ခန့် လို့ပါပဲ ဆိုတဲ့ သဘောနဲ့ ကျွန်မ ရှေ့မှာ ပုံခိုင်းပြရှာတာ။ ရုတ်တရက်ဆိုတော့ သတိလက် လွတ်ဖြစ်ပြီး အော်ရယ်မိလိုက် သေး။ နောက်တော့မှ ပြန်တွေးမိပြီး အဘွားကြီးကို ကျွန်မဖြင့် အားနာလိုက်တာ ဘယ်လို ပြောရမှန်းတောင် မသိဘူး။“ဟောဒီ မြေးလေးကို သင်္ကန်း ဆီးပေးချင်သေးတာကွယ့်။ သင်္ကန်း မ၀ယ်နိုင်လို့ သာပါ။ မြေးလေး သာသနာဘောင် ရောက်သွားတာနဲ့ အမေကြီးတော့ သေဆိုရင် တောင် သေနိုင်ပါပြီကွယ်”

“အမေကြီး သားသမီး တွေကရော”

“သားနဲ့ချွေးမပဲ ရှိတာကွယ်။ မနှစ်က ရွှေတော အသွား ငှက်ဖျားမိလို့ နှစ်ယောက်စလုံး ဆုံးရှာကြပါ ပေါ့လား”

“သြော် ဖြစ်ရလေ မေကြီးရယ်”

အခုမှ အမေကြီး ပါးစပ် ဖျားက မချတဲ့ မြေးအနှစ် လေးကို အသေအချာကြည့် မိတယ်။ မျက်လုံးတောက် တောက်၊ မျက်ဖန်ကောင်း ကောင်းနဲ့ နှာတံပေါ်ပေါ်မှာ နှုတ်ခမ်းလေးက ဖူးလို့။ တကယ့်ကို ပညာရှိဖြစ်မယ့် ဥပဓိ ရုပ်ကလေး။
“ကလေး မင်းကရော ဆရာတော်ကြီး ဖြစ်ချင်ရဲ့လား”

ချာတိတ်လေးက ကျွန်မကို တည်တည်လေးနဲ့ မျက်လုံး လှန်ကြည့်တယ်။ မျက်လွှာလေး ချလိုက်၊ မျက်ခုံးလေး ပင့်လိုက်နဲ့ သူ့မှာ အတော့် ကို အဖြေရ ကျပ်နေတဲ့ပုံ။ သူ ဘယ်တော့မှ သင်္ကန်းဆီးခွင့် မရတော့ဘူးလို့များ အပိုင် တွက်ထားလေရော့သလား။ ကလေးတစ်ယောက် ရဲ့ရင်ထဲ တစ်ဘ၀လုံး အညွန့် ကျိုးသွားစေမယ့် သိမ်ငယ်တဲ့ ခံစားချက်မျိုး ကိန်းအောင်း မသွားစေချင် မိတာတော့ အမှန်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရည်မှန်းချက် တစ်ခုနဲ့ စုထားတဲ့ ငွေလေးထဲက သုံးထောင်ကျော်တန် သင်္ကန်း တစ်စုံ ဖိုးလောက်တော့ ကုသိုလ် ပြုလိုက်ဖို့ ဆုံးဖြတ်ချက်ချမိ တော့တယ်။

မလေးရှား သွားတဲ့ မောင်ရေ။ မောင့်ရဲ့ခင်လေး ရွာမှာ မြင်မြင်သမျှပေးကမ်း လှူဒါန်းမိလို့ တူနှစ်ကိုယ်နီးတဲ့ အခါ စီးပွားလုပ်ဖို့ စုထား တဲ့ ငွေလေးတွေ တတိတိနဲ့ ပြောင်တော့မယ်။ ကြိုးစားပါ မောင်ရေ။ မလေးရှားမှာ အလုပ်ရှင်နဲ့လည်း တည့် အောင်ပေါင်း။ သည်တစ်ခါ စာရေးရင် သေသေချာချာ ထည့်ပြောရမယ်။

“အစ်မကြီး ကျုပ်က လေ”

“အင်း ပြော”

“ကျုပ်က”

ကောင်လေးရဲ့ မျက် လုံးလေးတွေ အရောင်လက် ပြန်တယ်။ သူ ဘယ်လိုများ ဖြေမှာပါလိမ့်။ ကျွန်မကို ကယ်တင်ရှင်ကြီးလို့များ ထင်ရော့သလား မသိ။ ရွှန်းရွှန်း ကြီးကြည့်လို့။ ကျွန်မ လက်ထဲမှာလည်း ငွေ ၃၀၀၀ကျော် က အဆင်သင့်။“ကျုပ် ဆရာဝန်ကြီး ဖြစ်ချင်တာ။ ဘုန်းကြီး မ၀တ်ချင်ဘူး။ ငှက်ဖျား ရောဂါကို အထူး ကုပေးနိုင်တဲ့ ဆရာဝန်ကြီး ဖြစ်ချင်တာ”

“ဗုဒ္ဓေါ”

ကျွန်မလက်ထဲက တစ်ထောင်တန်လေး သုံးရွက် အောက်ကို လွတ်ကျသွား တယ်။ ကောင်လေးအဖြေ စကားက ကျွန်မ ခေါင်းကို ဖောက်ပြီး သံရည်ပူတွေ လောင်း ထည့်ခံလိုက်ရသလို ပဲ။ ကျွန်မ နားကြား လွဲသွား တာတော့ မဟုတ်တန်ပါဘူး နော်။
“ဒါပေမယ့် ကိုရင်ဝတ် ရမယ်ဆိုလည်း ကျုပ် ကျေနပ် ပါတယ်”

ကျွန်မဆီက ငွေ သုံး ထောင်ကျော်ကို မရတော့မှာ ကြောက်လို့ ပြောလေသလား။ တကယ်ပဲ ကိုရင်လေး ဘ၀ကို ကျေနပ်သလား ဆိုတာတော့ ကောင်လေးသာ အသိဆုံးဖြစ် တော့မှာပေါ့။ ကျွန်မ သိချင် ပေမယ့် မမေးရက်ဘူး။ ဘာ ကြောင့်မှန်း မသိ၊ ကောင်လေး တို့မြေးအဘွားကို အားနာနေ မိတယ်။သည်အကြောင်း အဖေ့ ကို ပြောပြရင် “သတ္တ၀ါ တစ်ခု ကံတစ်ခု” လို့များပြော လေမလား။ “ဘယ်သူမပြု မိမိမှု” လို့များဆိုလေမလား။“တောင်မင်း မြောက်မင်း မကယ်နိုင်” ဘ၀တွေကရော၊ ဘယ်တော့များမှ လွတ် မြောက်နိုင်မှာပါလိမ့်။ ကျွန်မ ငိုမိတယ်။

မြေးအဘွားတို့ လာသွားတဲ့ ညက မိုးတွေမှရွာလိုက် တာတအား။ ခေါင်မိုးသွပ်ချပ် ပေါ် မိုးပေါက်ကျတဲ့ အသံ တွေများ တဗြောင်းဗြောင်းကို မြည်လို့။ ဖားတွေ အော်နေ လိုက်ကြတာလည်း “အုံးအင် အုံးအင်” သံချင်းကို ထွေးလို့။ မိုးရွာပါစေ။ မိုးရွာပါ စေ။ သီးနှံတွေလည်း ကောင်းပါစေ။ လူတွေလည်း ကျန်း မာပါစေ။ ၀က်၊ ကြက်၊ တိရစ္ဆာန်တွေလည်း ကျန်းမာ ပါစေ။ ကမ္ဘာကြီးလည်း ကျန်းမာပါစေ။

ကျွန်မ မေတ္တာပို့က အဆီ အငေါ် မတည့်ပေမယ့် ပြန်တွေးရင်း ကြည်နူးရတာတော့ အမှန်။
ကျွန်မ မေတ္တာအပို့ ကောင်းလို့လားတော့ မသိ။ မနက်လင်းတော့ စာတစ် စောင် ရောက်လာတယ်။ ဖျင်(အထည်ကြမ်း)အလုပ်ပြန် ဖြစ်တော့မယ်တဲ့။ ၀မ်းနည်း ရမှာလား။ ၀မ်းသာရမှာလား မိသိန်းကြည်။ ကျွန်မတို့ ဖျင်သွား လမ်းကြောင်းရဲ့ ဂိတ်ဆုံး က ထိုင်းနိုင်ငံလေ။ မန္တလေး ပွဲစားလက်ပဲ ရောက်ရောက် တောင်ကြီးပွဲစား လက်ပဲ ရောက်ရောက် ထိုင်းမှာပဲ ဇာတ်သိမ်းရတာ ဆိုတော့ သိ ကြတဲ့အတိုင်း အလုပ်ကဖြစ် လိုက်၊ ပျက်လိုက်နဲ့ တကယ့် ကို တရားဓမ္မ အတိုင်း။

ရက်ကန်းသမ တချို့ကတော့ လန့်ကြတယ်။ ဖျင်တွေ ပိတ်သွားလို့ အလုပ် မဖြစ် ရင် လက်ကျန် အထည်တွေ ဆက်သိမ်းပေးမှာတဲ့လား။ အကြွေးနဲ့ ချည်အရင် ထုတ်ပေးတဲ့။ အရင်းလည်း အစိုက် ငြိမ်းအောင် ကျွန်မကပဲ ချည်ထုတ်ပေးပြီး အထည်ပြတ် ရက်ခနဲ့ ရက်ကန်း ငှားမယ်ဆိုတော့ လိုချင်တဲ့သူတွေများ လွန်းလို့ အိမ်တံခါးတောင် ပိတ်ထားရမလို ဖြစ်သွား သေး။ ပွဲစားတွေကတော့ မော့ မော့ပဲ။ အလိုချင်ကြီးမဟုတ် သေးဘူးလေ။ ငွေကိုတစ်လ ဆိုင်းစောင့်တဲ့။ ကျွန်မ သီလရှင် ၀တ်ချင်စိတ်တောင် ပေါက်သွားတယ်။ အဟုတ်။ဟိုတစ် လောက ဆရာလေးဆီက ငှားထားတဲ့ ၀ိနည်းစာအုပ် လေး ဘယ်နားထားမိပါ လိမ့်။ ပြန်ဖတ်ထားဦးမှ။ အဆင်ပြေရင် ခေါင်းတုံးတုံးပြီး ဘ၀ ပြောင်းပစ်ရအောင် လို့လေ။

မိုးထက်စံ(IR)

လမ်းပေါ်မှာ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတို့ဘဝ

ဗိုလ်ချုပ်အောင်ဆန်းဈေးအနီးရှိ ဇော်ဂျီစားသောက်ဆိုင်ရှေ့တွင် ပို့စကတ်ရောင်းနေသော မမိုးမိုးဝင်းကို တွေ့ရစဉ်။

ကောင်းကင်က မိုးတိမ် မည်းမည်းတွေ ဆီ လှမ်းမျှော်ကြည့်လိုက်ရင်း မမိုးမိုးဝင်းတစ်ယောက် သက်ပြင်းရှည်ကြီး ချပြီးနှုတ်ကလည်း "ဒီနေ့ တော့ ရောင်း ကောင်းဖို့မျှော်လင့်ချက် မရှိတော့ပါဘူး" လို့ ခပ်ညည်း ညည်း ဆိုလိုက်ပါတယ်။

"မနက်ကတည်းကမိုးမည်းနေလို့နေ့လယ် ၁၂ နာရီလောက်ကမှ အိမ် ကထွက်လာတာ။ ဈေးဦး တောင် မပေါက် သေးဘူး"လို့ နောက်ဆက် တွဲစကားကို ပြောလိုက်စဉ် မှာပဲ သူ့အသံကို ဖုံး သွား လောက်အောင် မိုးက သဲသဲမဲမဲရွာချလိုက်ပါတယ်။

အသက်၂၀အရွယ်၊ ကလေးတစ်ယောက်မိခင် မမိုးမိုးဝင်းဟာရန်ကုန် မြစ်တစ်ဖက်ကမ်း၊ အလယ်ချောင်းရွာ ကနေ နေ့စဉ် ရန်ကုန်မြို့ထဲကို လာ ရောက် လို့ နိုင်ငံခြားသား ဧည့်သည်တွေ အလာများတဲ့ ဗိုလ်ချုပ် ဈေးနဲ့ ဈေးနားက ဇော်ဂျီစားသောက်ဆိုင်ဝန်းကျင်တို့မှာ ပို့စကတ်တွေရောင်းပြီး အသက် မွေးသူပါ။

သူတို့လို ပို့စကတ်ရောင်းသူတွေ အတွက် နွေဦးနဲ့ ဆောင်းရာသီလို ဧည့်ဝင်ချိန် တွေဟာ ရွှေရောင်ကာလ တွေဖြစ်ပြီး တစ်နေ့ကို ငါး ထောင်ကျော်၊ ခြောက်ထောင်လောက် အမြတ်ကျန် တတ်ပေမယ့် အခုလို မိုးရာသီတွေမှာ တော့ ဧည့်သည် အလာနည်းတာမို့ တွက် ခြေသိပ်မကိုက်လှဘူးလို့သိရတယ်။

"ခုချိန်မှာတော့ ၀င်ငွေကောင်းဖို့မပြောနဲ့။ အသွားအပြန်ခရီးစရိတ်တောင် မနည်းကျစ်ထားရတာ။ နေ့လယ်စာ၊ ညစာဆိုတာ ဝေးဝေးမှာ ထားတယ်"ဒါပေမယ့် သူအရင်က လုပ်ခဲ့တဲ့ ဇီးထုပ်ထုပ်တဲ့အလုပ်နဲ့ယှဉ်ရင် ခုလို ပို့စကတ်ရောင်းတဲ့အလုပ်က အများ ကြီး ၀င်ငွေသာတယ်ဆိုပဲ။"ကျွန်မယောက်ျားက စစ်သားဆို တော့ အဝေးမှာနေရတာများတယ်။ဒါပေမယ့် ကျွန်မစိတ်ဓာတ်မကျပါဘူး။ သမီးလေးအတွက် ပိုက် ဆံရှာရမယ်" လို့ သူ့ကိုယ်သူ အားတင်းစကားဆိုပါ တယ်။

မိုးမိုးဝင်းတို့လို ပို့စကတ်ရောင်းသူ တွေအများစုဟာ ဗိုလ်ချုပ် ဈေးက ၀ယ် လို့ တစ်ဆင့်ပြန် ရောင်းကြတာဖြစ်ပြီး ၀ယ်ဈေးတစ်ကတ် ကျပ်ခုနစ်ရာကို နှစ်ထောင်နဲ့ ပြန်ရောင်းကြတယ်လို့ သိရ တယ်။ သူတို့အတွက် တစ်နေ့ငါးကတ် လောက်ရောင်းရတယ်ဆိုရင် တွက် ခြေ ကိုက်ပါပြီတဲ့။ဒါပေမယ့် တစ်နေကုန် ဧည့်သည် တွေ ရှိတတ်တဲ့နေရာတွေ လှည့်ပတ်ပြီး ဈေးရောင်းကြရတဲ့ သူတို့အဖို့ တွေ့ကြုံရ တဲ့ အခက်အခဲ တွေကလည်း ပြော မကုန်ဘူးဆိုပဲ။

"ဧည့်သည်တွေရဲ့အကြိုက်က ပြောင်း နေတာ။ ကျွန်မတို့များ ပို့စကတ်လေး ပြပြီး အနားမကပ်လိုက်နဲ့။ ချက်ချင်း သူတို့ဝယ်ပြီးသား ပန်းချီကား တွေ ထုတ် ပြကြတာ။ တချို့ကျ တော့လည်း သူတို့ မ၀ယ်ချင်တာကို ယဉ်ယဉ်ကျေးကျေး ပြောပြတယ်။ တချို့ကျတော့ ကင်မရာလေးတွေထုတ်ပြပြီး ကိုယ်တိုင်ဓာတ်ပုံရိုက်ချင်တဲ့အကြောင်း ပြောကြတယ်။ ဒါပေမယ့် တချို့ကအရမ်းကို အော်ထုတ်တာ။ လန့်ပြီးစိတ်ထဲမှာ တော်တော် မကောင်းဖြစ်တယ်"လို့ သူ့ရဲ့အတွေ့ အကြုံစုံကို ဖောက်သည်ချပါတယ်။

ပြီးတော့ သူလို အသက်ငယ်ငယ်၊ သွက်သွက် လက်လက် နဲ့ အင်္ဂလိပ်စကား နည်းနည်းပါးပါး ပြောတတ်သူအတွက် မရိုးမသားချဉ်း ကပ်တဲ့ဧည့်သည်တွေ လည်း ကြုံရဖူးပါတယ်တဲ့။"လမ်းဘေးမှာပဲ နေတာဆိုတော့ တချို့က အထင်သေးတာပေါ့။ သူတို့နဲ့လိုက်ခဲ့ဖို့လာခေါ်တာတွေရှိတယ်။ အဲဒီအခါကျရင် ယဉ်ယဉ် ကျေးကျေး လေးနဲ့ နိုက်ကလပ်ကိုသွားပါ။ အဲဒီမှာ အများကြီး ရှိတယ်လို့ ညွှန်ပေးလိုက် တယ်။ ကိုယ်က ရိုင်းလို့မကောင်းဘူး လေ။ မြန်မာအချင်းချင်းသာဆိုရင်တော့ အော်ဟစ်ရန်တွေ့လိုက်ပြီ။

"အဲဒီလိုမျိုးတွေ ကြုံရပြီဆိုရင် စိတ် ဓာတ်ကျ ဆင်းရပေမယ့် အိမ်ပြန်ရောက် လို့ သမီးလေး ကို မြင်လိုက်ရင် နောက် နေ့ ဈေးဆက် ရောင်းဖို့ ခွန်အားတွေ ရှိလာတယ်။"မိုးမိုးဝင်းလိုပဲ ဆူးလေဘုရားပတ် ၀န်းကျင်တစ်လျှောက်မှာ ပို့စကတ် ရောင်းပြီး မိသားစု အတွက် ၀င်ငွေရှာ သူနောက်တစ်ဦးက စိုး သက်ပိုင်ဆိုတဲ့ ကောင်လေးပါပဲ။

အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ မိဘတွေကြားမှာ အဘွားနဲ့ ညီလေးနှစ်ယောက် ကို ပို့စကတ်ရောင်းကျွေးနေတာ ရှစ်နှစ်ကျော်ပြီလို့သိရပြီး "မပျော်ဘူးလို့ ပြော လို့မရတော့ ဒီအလုပ်ကိုပျော်တယ်လို့ပဲ ပြောရမှာပေါ့"လို့ အသက် ၁၇ နှစ် သာ ရှိသေးပေမယ့် လူကြီးလေးတစ် ယောက်လို ရင့်ကျက်စွာပြောတယ်။

"ညီလတ်ကလည်း ကျွန်တော်နဲ့လိုက်ပြီးပို့စကတ်ရောင်းတယ်။ အငယ်ကောင်လေးကိုတော့ ဘယ်တော့မှ ပို့စကတ်မရောင်းခိုင်းဘူး။ သူ့ကို ပညာ တတ်ကြီးပဲ လုပ်ခိုင်းမှာ။ အဘွားနဲ့ ညီလေးတွေကို လုပ်ကျွေးနေတယ်ဆို တော့ ကြည်နူးတယ်"တဲ့။

ညဥ့်နက်တဲ့ အထိရောင်းတယ် လို့သိရပြီး ဈေးဦးမပေါက်တဲ့ရက်တွေဆို ရောင်းကောင်းတဲ့ ရက်တွေက စု ထားတဲ့ ပိုက်ဆံ လေးတွေ ကို ထုတ် သုံးရတယ်လို့ ဆိုပါတယ်။"ကျွန်တော် ပရိ ဘောဂဆိုင်ပိုင်ရှင် ကြီးဖြစ်ချင်တာ။ အဘွားဆီမှာ ပိုက် ဆံ စုတယ်။ ဒါပေမယ့် စုလိုက်၊ ရောင်း မကောင်းလိုက်၊ ကုန် သွားလိုက်နဲ့ ချာလည်နေတာပါပဲ။

"တစ်ခါတလေဘုရားကျောင်းတို့၊ ဆိပ်ကမ်းတို့ကို လမ်းညွှန်လိုက်လုပ်ပေး ရင်တော့ မြိုးမြိုးမြက်မြက်လေး ရတတ်ပါတယ်။ အဲဒီအခါ ကျရင်လည်း ဒီ အလုပ်ကိုချစ်တဲ့စိတ် ဖြစ်တယ်ဗျ"လို့ လူငယ်အတွေးနဲ့ စိုးသက်ပိုင်က ပြောတယ်။စိုးသက်ပိုင်လိုပဲ အရင်က ပို့စကတ် ရောင်းပြီးခုတော့ ပန်းချီကားတွေ ပြောင်းရောင်းနေ သူတစ်ဦးကတော့ ချိုင်းထောက်နှစ်ဖက်အား ပြုလို့ ကမ္ဘာ လှည့်ခရီးသည်တွေကို ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၉ နှစ်အရွယ် ကိုအောင်စိုးလင်းပါ။

"ပန်းချီ ကျတော့ မြန်မာ့ လက်မှုထဲမှာ ပါ တယ်။ အနုပညာ လည်း ဖြစ်တော့ ခရီးသည်တွေ ပိုကြိုက်လာကြတယ်။အဲဒါကြောင့်လည်း ကျွန်တော် ပန်းချီ ကား ပြောင်းရောင်းတာပါ"လို့ ဗိုလ်ချုပ် ဈေးထဲမှာ ပုံမှန်ရောင်းလေ့ရှိတဲ့ ကိုအောင်စိုးလင်းက ပြောပါတယ်။

ပန်းချီကားတစ်ကားကို အရင်း ကျပ် ၄,၀၀၀ ရှိပြီး ကျပ် ၆,၀၀၀ နဲ့ ပြန်ရောင်းကြတဲ့ ပန်းချီအရောင်းသမားတွေရဲ့ တစ်နေ့ဝင်ငွေဟာ လည်း မခေလှပါ ဘူး။ စီးပွားရေးအမြင်ရှိတဲ့ ကိုအောင်စိုး လင်းက ပန်းချီကားအရောင်းဆိုင်ကြီး ကတစ်ဆင့် ပန်းချီကားတွေဖောက် သည် ယူပြီး သူလိုဘ၀တူ အရောင်းဈေးသည် ဆီ ပြန်လည်ရောင်းချပေးတာမို့ ၀င်ငွေပိုကောင်းတယ်လို့ သိရတယ်။

"ဒီအလုပ်ကိုကျွန်တော်ချစ်တယ်။ ကျွန်တော်လိုဒုက္ခိတတစ်ယောက်အတွက်အကောင်းဆုံးပဲ။ မိသားစုအတွက်လည်း လုံလုံ လောက် လောက် ရှာပေးနိုင်တယ်။ ရောင်းကောင်းတဲ့နေ့ များဆို တစ်နေ့ကို ပန်းချီကား ၄၀၊ ၅၀ လောက် အထိရောင်းရပြီး မရောင်း ရတဲ့နေ့ ဆိုရင်တောင် အနည်းဆုံး ငါးကားလောက် ရောင်းရတယ်" လို့ ကိုအောင် စိုးလင်းက ပြောပြပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ဈေးထဲရောက်တယ်ဆိုရင် ပန်းချီကားတွေပိုက်လို့ အားကြိုးမာန်တက်ဈေးရောင်းနေတဲ့ ကိုအောင်စိုးလင်းကို တွေ့ မြင်နိုင်မှာလို့။


ငြိမ်းအိအိထွေး

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အလွန်အားနည်း နေသည့်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ပြောကြား