ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြားအဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာများသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါစစ်ဆေး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိသာရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင်ကြားမယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ်သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့်အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံကာ ပြည်ထောင်စုအစိုးရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြသွားမည် ဖြစ်သည်ဟု ဆိုသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "