24 February 2013

မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်

 အဆင့်မီ မော်တော်ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကားစက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ “အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် စက်ရုံတစ်ရုံကို တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ရလာပါတယ်။ ဂျပန်က ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရှိတယ်။ ခေတ်မှီတဲ့ ကားစက်ရုံကြီး ပေါ်လာဖို့အတွက် ဒီခရီးစဉ်ဟာ အလွန်တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်တယ်” ဟု ယင်းက ဆိုသည်။ ၁၀-၂-၂၀၁၃ ရက်က ဂျပန်နိုင်ငံသို့ မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များက ကမ္ဘာတွင် နှစ်ပေါင်း ၇၆ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော မြန်မာကြိုက် ဂျပန်တိုယိုတာ အမှတ်တံဆိပ် မော်တော်ကား ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီများကို သွားရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ၎င်းက အထက်ပါအတိုင်း သီးသန့် ပြောဆို လိုက်ခြင်း ဖြစ်သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်းကို မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီ ၇၂ ခု ဖွဲ့စည်းထားရာ ဂျပန်နိုင်ငံသို့ ဥက္ကဋ္ဌ၊ ဆာကူရာ မော်တော်ကား ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင် အပါအဝင် အဲဗားဂရင်း၊ ရွှေမြို့တော်၊ SSS၊ စကြာရွှေ၊ MGN စွမ်းမြင့်၊ အားမာန်သစ် စသည့် မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်များ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ “ကားစက်ရုံအပြင် မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် မော်တော်ကား ဆားဗစ်စင်တာကြီး တစ်ခုကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် ထုတ်လုပ်မည့် မော်တော်ကားစက်ရုံကို ထိုင်းနိုင်ငံနှင့်အပြိုင် အရည်အသွေး ယှဉ်ပြိုင်နိုင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မည်သည့် အမှတ်တံဆိပ်နှင့် ထုတ်လုပ်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီများကို စက်ရုံ တည်ဆောက်ပြီးပါက ဖိတ်ခေါ်ပြသမည် ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အကြောင်းအရာများကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကိုလည်း ရှင်းပြပေးသွားမည် ဖြစ်ကြောင်း  News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "