19 February 2013

တပ်သိမ်း လယ်ယာမြေများ ပြန်ပေးမည်

  တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေများအား လယ်သမားများထံသို့ ပြန်လည်ပေးအပ်၍ စီမံကိန်း ဝင်နေသည့် လယ်ယာမြေများအား လျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြောကြားချက်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနား နိုင်ငံတော်သမ္မတ ဖိတ်ကြားသည့် ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုး သို့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောကြားသည်။ “ကျွန်တော်တို့ ပါတီကို ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တပ်က သိမ်းထားတဲ့ မြေယာတွေကို ပြန်ပေးနေပါပြီ။ ဒါကြောင့် နောက်တစ်ခါ အခက်အခဲတွေ ရှိတဲ့အခါကျရင် သူ့ဆီကို တိုက်ရိုက် အကူအညီတောင်းလို့ ရပါတယ်လို့ ပြောခဲ့ပါတယ်” ဟု ယင်းတို့ ပါတီဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျော်စွာက ပြောသည်။ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှလည်း “သူ့စိတ်ထဲမှာ ပြန်ပေးဖို့ ဆန္ဒရှိတာကို ကြိုဆိုပါတယ်။ လယ်သမားတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုပေါ့။ လိုအပ်တဲ့ အကူအညီတွေကိုလဲ ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးချင်ပါတယ်” ဟု ပြောသည်။ အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်တွင် ကျင်းပ၍ နိုင်ငံတော်သမ္မတနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံရေးပါတီမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ ကြောင်း   ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""