19 February 2013

ရန်ကုန်တွင် ပထမဆုံး ပုဂ္ဂလိက မိုဘိုင်းဖုန်းစက်ရုံ တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေ

 မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်မည့်စက်ရုံ မတ်လအတွင်း၌ စတင်တည်ထောင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်က ပြောသည်။ အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် ရန်ကုန်တွင် မြေနေရာများ ရွေးချယ်ထားပြီးဖြစ်ကာ ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် စီးပွားရေး ကြေညာချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းစက်ရုံ တည်ထောင်ဖို့အတွက် မြေနေရာ ရွေးချယ်တာတွေတော့ လုပ်ပြီးသွားပါပြီ။ နေရာကိုတော့ ပြောလို့ မရသေးလို့ပါ။ ဒီစက်ရုံကနေ Branded တစ်ခုရှိတဲ့ စမတ်ဖုန်းတွေကို အဓိကထားပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းကိုလဲ တခြားနိုင်ငံက ဖုန်းတွေထက် သက်သာအောင် ရောင်းမယ်လို့တော့ စီစဉ်ထားပါတယ်” ဟု ဦးလွင်နိုင်ဦးက ပြောသည်။ ယင်းသို့ ဖုန်းစက်ရုံ တည်ထောင်ရန်အတွက် ဂျာမနီမှ နည်းပညာ ပံ့ပိုးမှုများလည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါစက်ရုံ စတင်တည်ဆောက်ရန် အချိန်ကာလ တစ်နှစ်ခန့် ပြင်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။ “ဖုန်းရဲ့ ဆော့ဖ်ဝဲလ်၊ Application တွေကအစ ပြင်ဆင်ပြီးသွားပါပြီ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ အိုင်တီတတ်ကျွမ်း နားလည်တဲ့ လူငယ်တွေရဲ့ နည်းပညာ ပံ့ပိုးကူညီမှုတွေလဲ အများကြီး လိုအပ်ပါတယ်” ဟု ယင်းက ထပ်မံပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဖုန်းစက်ရုံ တည်ဆောက်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် ကြေညာချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာသွားရန် အစီအစဉ်များ ဆောင်ရွက်ထားကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ABCIT & Mobile မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးလွင်က “ပြည်တွင်း ကုမ္ပဏီတစ်ခုက ပြည်တွင်းဖြစ်ဖုန်း ထုတ်လုပ်နိုင်တော့မယ် ဆိုတော့ အင်မတန် ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်။ မြန်မာပြည် ဈေးကွက်က အင်မတန် ရင်းနှီးမြှုပ်နှံလို့ ကောင်းပြီး လုပ်သားများအတွက် ကုန်ကျမယ့်စရိတ်လဲ သက်သာနိုင်တဲ့ အားသာချက်တွေ ရှိတယ်။ လူတန်းစား မရွေး ကိုင်နိုင်တဲ့ ဟန်းဆက်တွေ ထုတ်ပေးမယ်ဆိုရင် မြန်မာပြည် ဈေးကွက်မှာ အောင်မြင်မှာပါ” ဟု ပြောသည်။ လက်ရှိတွင် အစိုးရသစ်၏ စီးပွားရေးမူဝါဒ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုသူများ အများအပြားရှိနေပြီး ပြည်ပနိုင်ငံများမှလည်း မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများကို တရားဝင် တင်သွင်းခွင့်များ ရရှိနေသည့် ကာလဖြစ်ကြောင်း သိရသည်။ ရွှေပြည်တံခွန် ကုမ္ပဏီသည် တန်ဖိုးနည်းဖုန်းများ မရောင်းချမီ ၂၀၁၂ နှစ်ဆန်းပိုင်း ကာလတွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားရာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် အတွက်လည်း လျှောက်ထားကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "