ပြည်တွင်းထုတ်
 ဂျာနယ်အချို့ တရားစွဲဆိုခံနေရခြင်းနှင့် တိကျရှင်းလင်းသည့် ထုတ်ပြန် 
အသိပေးမှုများမရှိဘဲ ဂျာနယ်ထုတ်ဝေခွင့်အား အချိန်ကာလကြာမြင့်စွာ 
ရပ်ဆိုင်းခံရခြင်းများအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ 
ဖြစ်မြောက်ရေးကော်မတီ(ယာယီ)က ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် သဘောထား 
ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်၌ လျှပ်တစ်ပြက်ဂျာနယ်အား ထုတ်ဝေဖြန့်ချိခွင့် 
ပိတ်ပင်ထားမှုမှာ ယခုအခါ ရက်သတ္တပတ် ၇ ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး 
အယ်ဒီတာချုပ် ဦးမြတ်ခိုင်မှာလည်း ပုဒ်မ-၅၀၀ (ခ)(ဂ)တို့ဖြင့် 
တရားစွဲဆိုခြင်းခံထားရပါသည်။ ဤသို့သော အခြေအနေ များတွင် ဂျာနယ်ထုတ်ဝေခွင့် 
ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်၍ 
မည်သည့်ဥပဒေဖြင့် မည်ကဲ့သို့ အရေးယူမှုများ ပြုလုပ်ထားသည်ဟု တိတိကျကျ 
တရားဝင် ထုတ်ပြန် အကြောင်းကြားခြင်းမပြုဘဲ ယခုကဲ့သို့ အချိန်ကာလကြာမြင့်စွာ
 ရပ်ဆိုင်း ထားခြင်းမှာ လုံးဝ သင့်လျော်ခြင်း မရှိကြောင်း 
ကန့်ကွက်အပ်ပါသည်။ ထိုသို့ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းနှင့်အတူ 
အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များ အပါအ၀င် 
ဝန်ထမ်းအသီးသီး၏ ဘ၀ရပ်တည်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ရာ ယခုကဲ့သို့ 
ပွင့်လင်းမြင်သာမှုမရှိဘဲ လက်ရှိ ခေတ်စနစ်နှင့် လိုက်လျောညီထွေခြင်းမရှိသော 
လုပ်ဆောင်ချက်အပေါ် ကန့်ကွက်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ထို့အပြင် 
ယခုကိစ္စသည် ဥပဒေပါအတိုင်း ဆောင်ရွက်ခြင်း ရှိ မရှိ 
စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ဂျာနယ်လစ်များ၊ စာနယ်ဇင်း မီဒီယာများ၏ 
မိမိတို့ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များအတိုင်း လွတ်လပ်စွာ ရေးသား 
ဖော်ထုတ်မှုများအတွက် မိမိတို့မှ အပြည့်အ၀ ရပ်တည် 
ကာကွယ်ပေးသွားမည်ဖြစ်ပါသည်ဟု သဘောထား ထုတ်ပြန်ချက်၏ အမှတ်စဉ်(၄)တွင် 
ဖော်ပြထားသည်။
လျှပ်တစ်ပြက်သတင်းဂျာနယ် မှာ အတွဲ(၃)၊ အမှတ်(၉၁)၊ 
စာမျက်နှာ(၈)တွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းမြဲမြို့နယ် 
ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေး၏ ဓာတ်ပုံအား 
ဖော်ပြခဲ့ခြင်းကြောင့် ဂျာနယ်ထုတ်ဝေခွင့်အား တစ်လ ယာယီပိတ်ပင် 
ခံခဲ့ရပြီးနောက်တွင် အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်မှာလည်း 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား  ပုဇွန်တောင် 
မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀- (ခ)(ဂ)တို့ဖြင့် 
တရားစွဲဆိုခြင်းခံခဲ့ရသည်။
ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက
 လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
 ၅၀၀-(ခ)(ဂ)ဖြင့် အရေးယူပေးပါရန် ဇွန်လ ၂၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် 
တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ရုံးချိန်းအထိ 
လေးကြိမ် ကြားနားခဲ့ပြီးဖြစ်သည်။
