ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ (ကသာ) တို့  ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ် လို့ သိရပါတယ်။
လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့  အခုလို အတည်ပြုပြောဆိုပါတယ်။
"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။
အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့ ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"
နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ ကိုးရက်နေ့ ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။
သတင်း.... RFA