21 July 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရန် ဆွေးနွေး

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရန် အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ဂီတလောကသားများ တွေ့ဆုံ ဆွေးနွေးပွဲကို ၁၅-၇-၂၀၁၂ ရက်က Mr.Guitar တွင် ပြုလုပ်ခဲ့သည်။ ဂီတလောကသားများနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က “အခုလို ဂီတသမားတွေနဲ့ တွေ့တာက ကျွန်တော်တို့က ဒီလိုပွဲမျိုးနဲ့ ပတ်သက်ပြီး သိပ်မသိတော့ သူတို့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာပါ။


ဖျော်ဖြေပွဲကတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ လုပ်မှာပါ။ အနုပညာရှင်တွေရဲ့ သီချင်းတွေ အပါအဝင် ကျွန်တော်တို့ ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေလည်း ပါဝင်မှာပါ” ဟု ပြောကြားခဲ့သည်။ 

ထိုဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ MCC ခန်းမတွင် ခန်းမတွင် စက်တင်ဘာလ ၁ ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဖျော်ဖြေပွဲမှ ရရှိသော ရန်ပုံငွေများကို ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၏ ရန်ပုံငွေအဖြစ် ထားရှိမည်ဖြစ်ပြီး လိုအပ်သော နေရာများတွင်လည်း ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဂီတပွဲ ဖြစ်မြောက်ရေး အတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဆိုတော် မေခလာ၊ ကော်နီ၊ ကာကာ၊ သျှီ၊ စိုင်းထီးဆိုင် မိသားစုတို့မှ စုစုပေါင်း ကျပ် ၁၉ သိန်း လှူဒါန်းခဲ့ကြောင်း ထိုဖျော်ဖြေပွဲသို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းလူမှု ကွန်ယက်အဖွဲ့ ရန်ကျော်၊ မေခလာ၊ သျှီ၊ မျိုးကျော့မြိုင်၊ Rဇာနည်၊ ဇော်ပိုင်၊ အရိုး၊ အနဂ္ဂ၊ သံသာဝင်း၊ ကာကာ၊ ချမ်းအေးဝင်း အစရှိသည့် ဂီတသမား အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 သတင်း.... ပြည်မြန်မာသတင်းဂျာနယ်