19 April 2012

ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ

အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်းလေ့လာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက် ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကေကေအိုအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။

“သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာချထားပေးပေမယ့်ဟာကို ကျနော်တို့ဆီလာပြီး ဘယ်နေရာချထားပေးရင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေးတာပေါ့။ ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့ အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးပြီးမှ ဒါက လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။”

တွေ့ဆုံဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့အဖွဲ့ဟာ ဝေါ်လေကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် သွားရောက်မှာဖြစ်တယ်လို့ စောဂုဏ်အောင်က ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ် မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည် ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ မြင်လာမယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့ (တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

သတင်း...DVB TV News