21 April 2012

အိမ်ကထွက်သွားတဲ့ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရ

  • အဓမ္မစစ်မှုထမ်းနေရတဲ့ အသက် ၁၅ နှစ်ကျော် ၁၀ တန်းကျောင်းသားမောင်ဆန်းယုနိုင်ကို မိဘအပ်ထိန်းသူတွေက စစ်လေ့ကျင့်ရေးကျောင်းမှာ ရှာလို့တွေ့ပေမယ့် အိမ်ပြန်ခေါ်တာကို စစ်တပ်က ခွင့်ဘူးလို့ သိရပါတယ်။

    မောင်ဆန်းယုနိုင်ဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လေ့ကျင့်ရေး ကျောင်း အမှတ် ၇ စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်နေရပြီး မိဘအုပ်ထိန်းသူတွေက သွားခေါ်တဲ့အခါမှာတော့ ဒီကလေးကို စလက်ခံကတည်းက မိဘမဲ့ကလေးအဖြစ် စာရွက်စာတမ်းနဲ့ လက်ခံခဲ့တာကြောင့် တွေ့ခွင့်သာပေးပြီး အိမ်ပြန်မထည့်ဘူးလို့ စစ်သင်တန်းကျောင်း တာဝန်ကျအရာရှိက ပြောလွှတ်တယ်လို့ သူ့ရဲ့ အဖိုးဖြစ်သူ ဦးအောင်ငြိမ်းက ပြောပါတယ်။

    "ကျနော်တို့ကလေးဟာ ၁၀ တန်းကျောင်းသားလဲဖြစ်တယ်။ အသက်လည်း မပြည့်သေးတဲ့အတွက် ကျနော်တို့ ပြန်ခေါ်ချင်တယ်လို့ ပြောတဲ့အခါကျတော့ ခင်ဗျားကလေးက မှန်တယ်။ သို့သော်လည်း လာပို့တဲ့အရာရှိက စာရွက် စာတမ်းအပြည့်အစုံနဲ့ မိဘမဲ့ကလေးဆိုပြီး လာပို့သွားတယ်တဲ့။ ကျနော်တို့ဆီ ကိုလာရင် တွေ့လို့တော့ရမယ်၊ ခေါ်လို့မရဘူးလို့ ပြောလိုက်တယ်။"

    မောင်ဆန်းယုနိုင်ဟာ ရန်ကုန်မြို့ တာကေတမြို့နယ် ၂/မြောက် ရပ်ကွက်မှာနေထိုင်တာဖြစ်ပြီး အထက (၁) တာကေတ အထက်တန်းကျောင်းက ၁၀ တန်းကျောင်းသားတဦး ဖြစ်ပြီး စစ်တပ်ထဲ ဝင်လိုက်ရလို့ စာမေးပွဲဖြေဆိုခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၃ ရက်နေ့ည ၁၀ နာရီလောက်မှာ စလောင်းကလာတဲ့ ဘောလုံးပွဲ သွားကြည့်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရတာပါ။

    သူ့ကို စစ်တပ်အရာရှိ ကိုဟန်လင်းက တပ်မတော် လေ့ကျင့်ရေးကျောင်း ကို ခေါ်သွားတာလို့ နောက်ပိုင်းမှာ သိရကြောင်း ဦးအောင်ငြိမ်းက
    ပြောပါတယ်။

    အစိုးရက စစ်တပ်မှာ ကလေးစစ်သား မသုံးပါဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ
    တုန်းက သတင်းစာရှင်းပွဲ လုပ်ထားပြီး နိုင်ငံပိုင် သတင်းစာမှာလည်း
    ဖော်ပြထားပါတယ်။

    ဒီအချက်ကိုကိုင်ပြီး မြေးဖြစ်သူကို ပြန်ခေါ်ဖို့ကြိုးစားမယ်၊ ကာကွယ်ရေး ဝန်ကြီးဌာနကိုလည်း အသနားခံစာ ပို့မယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကိုလည်း တိုင်တန်းထားတယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။

    (ဓာတ်ပုံ- Shan Herald News Agency)
  • သတင်း.... RFA