16 April 2012

မနက်ဖြန် နှစ်ဆန်းတရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အလှူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် မွေးနေ့ နှစ် ၁ ရာပြည့် အထိမ်းအမှတ်အဖြစ် မနက်ဖြန် ကော့မှူးမြို့ကို သွားရောက်ပြီး ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ငွေ လှူဒါန်းမယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက် ဒီကနေ့ ကျရောက်တဲ့ ဒေါ်ခင်ကြည် နှစ် ၁ ရာပြည့် အထိမ်းအမှတ် အနေနဲ့ ကော့မှူးမြို့နယ် အတွင်းက ကျေးရွာအုပ်စုတွေကို မဲဖောက်ပြီး ငွေလှူဒါန်းမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆု ကျပ် ၁၇၅ သိန်း၊ ဒုတိယဆု ၇၅ သိန်းနဲ့ တတိယဆု သိန်း ၅ဝ လှူဒါန်းမှာ ဖြစ်ပါတယ်။ ကံစမ်းမဲ ပေါက်တဲ့ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေး ခေါ်ယူပြီး ကျေးရွာရဲ့
လိုအပ်ချက်တွေကို တခါတည်း စီစဉ်ခဲ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ လိုက်ပါ ကူညီခဲ့တဲ့ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


By: RFA Burmese