01 March 2012

တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ



၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI) ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင် အားဖြည့် မည်ဖြစ်ကြောင်းသိရသည်။

ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။

မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။

-------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား



နက်ဖြန် နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကလောမြို့သို့ အဲမန္တလေးလေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောင်ပန်း ဟိုင်ဒရိုကွင်းတွင် နံနက် ၁၀ နာရီ ၁၂ နာရီထိ လူထုအား ဟောပြောမည်ဖြစ်သည်။

ထို့နောက် မွန်းတည့် ၁၂ နာရီမှ ၂ နာရီတွင် ကလောမြို့ ဒီချုပ်ရုံးတွင် ဟောပြောမည်ဖြစ်သည်။
မွန်းလွဲပိုင်း၌ အောင်ပန်း၊ ကလော၊ ဟဲဟိုးသို့သွားရောက်ကာ ၂ နာရီမှ ၄ နာရီအကြား ကျောက်တိုင်ကွင်း၌ ဟောပြောမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်း မြန်မာ့လေကြောင်း လေယာဉ်ဖြင့် မန္တလေးသို့ သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပန်း၊ ကလောခရီးစဉ်များအတွင်း သရုပ်ဆောင်ရဲတိုက်က လိုက်ပါကူညီမည်ဟုလည်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့ ညကို မန္တလေးမြို့တွင် ညအိပ်တည်းခိုကာ ၃ ရက်နေ့တွင် မန္တလေးမြို့၌ လူထုဟောပြောပွဲပြုလုပ်မည် ဖြစ်သည်။ ၄ ရက်နေ့၌ စစ်ကိုင်းမြို့သို့ စည်းရုံးရေး သွားရောက်မည်ဖြစ်ကာ လူထုဟောပြောပွဲပြုလုပ်ရန် ဘောလုံးကွင်း နေရာမရသဖြင့် ဧရာဝတီမြစ်ကမ်းနဘေး သဲသောင်ပြင်တွင် ပြုလုပ်မည်ဟု အန်အယ်လ်ဒီပါတီ စည်းရုံးရေး ကော်မတီဝင်တဦးကပြောသည်။ ။


-------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သောစာ ဖြန့်ဝေနေမှု NLD ကန့်ကွက်အသိပေး


ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်သောစာများ ဖြန့်ဝေနေမှုကို ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာရဲစခန်းထံ အကြောင်းကြားစာ ပေးပို့ထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

အစိုးရသတင်းစာများတွင် အတိုက်အခံများကို ငါးမင်းဆွေ ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါး များ ရေးသားခဲ့သူ ဦးမင်းဆွေက ယင်းစာကို ရန်ကုန်တိုင်း၊သုံးခွမြို့နယ်က လူထုထံဖြန့်ဝေနေခြင်း ဖြစ်သည့် အတွက် အရေးယူပေးပါရန် သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကပြောသည်။

“သူဝေတဲ့စာဟာ စာပေဆိုင်ရာခွင့်ပြုချက်တွေ ဘာမှမပါဘူး။ ပုံနှိပ်ဥပဒေနဲ့ ငြိနေတယ်။ အန်ကယ်တို့က ဘာလုပ်ပါလို့မပြောဘူး။ လိုအပ်တဲ့ဟာ ဆောင်ရွက်ပေးပါလို့ သက်ဆိုင်ရာရဲစခန်းနဲ့ အုပ်ချုပ်ရေးမှုးကို တင်ပြလိုက်ပါတယ်။”ဟု ၄င်းက ပြောသည်။

ယင်းစာတွင် နိုင်ငံတကာကစီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး လူထုဆင်းရဲရခြင်း သည် ဒေါ်အောင်ဆန်းစုကြည် ကြောင့်ဖြစ်ကြောင်း စွပ်စွဲရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းကိစ္စအတွက် မှားသည်ဟု ၀န်ခံရန် အဓိကရေးသားထားသည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလအတွင်း၌ပင် နေပြည်တော်တွင် NLD ပါတီဆိုင်းဘုတ်နှစ်ခုအား ဖျက်ဆီးခံခဲ့ရခြင်းကိုလည်း ကော်မရှင်နှင့် နေပြည်တော်ရဲစခန်းထံ ပါတီက အကြောင်းကြားထားသည်။ ယင်းကိစ္စအား မည်သူက ဆောင်ရွက်ခဲ့ခြင်းကိုမူ ယခုအချိန်အထိ မသိရှိရသေးကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

NLD ပါတီစည်းရုံးရေးဆင်းနေသည့် နှစ်လအတွင်းတွင် နှောင့်ယှက်မှုလေးကြိမ် ထက်မနည်း တွေ့ကြုံ့ ခဲ့ရပြီး အဖွဲ့အစည်းများက နှောင့်ယှက်မှုထက် ပုဂိုလ်တစ်ဦးတစ်ယောက်ချင်း၏ နှောင့်ယှက်မှုများသာ ကြုံနေရ ကြောင်း ၄င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့် ကိုက်ညီမှုမရှိကြောင်း ၄င်းနှင့်အတူ ကော့မှုးမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီကလည်း ကန့်ကွက်စာ တင်ခဲ့သည်။ သို့ သော် တိုင်းရွေးကောက်ပွဲကော်မရှင်က၂၈ရက်နေ့တွင် ယင်းကန့်ကွက်စာကို ပယ်ချခဲ့သည်။

ထို့ပြင် NLD ပါတီ၏ စည်းရုံးဟောပြောရေးခရီးစဉ်များတွင် ဘောလုံးကွင်းနေရာများအား ဟောပြောပွဲအတွက် အသုံးပြုရန် လျောက်ထားရာတွင်လည်း အခက်အခဲများနှင့်ကြုံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ NLD ပါတီအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာ ၄၈ နေရာလုံးကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ။

သတင်း.....Yangon Press International