29 February 2012

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်မှု တိုင်းကော်မရှင် မှ ပလပ်


ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုယ်စားလှယ်လောင်း ဖြစ်ရန် သတ်မှတ်ချက်မကိုက်ညီဟု ရန်ကုန်တိုင်း ကော်မရှင် ရုံးသို့ တင်ပြထားသော အယူခံမှာ ယနေ့ပလပ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ၏ ပါတီအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကပြောသည်။

“ဒီညနေ ၃ နာရီခွဲလောက်ဖြစ်မယ် ကော်မရှင်ရုံးမှာ နို့တစ်ဘုတ်မှာကပ်တယ် အယူခံကိုပယ်လိုက်တယ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာသွားပါပြီ ” ဟု၎င်း ကဆိုသည်။

ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီက သူမကို ကိုယ်စားလောင်း သတ်မှတ်ချက် နှင့် မကိုက်ညီကြောင်း ပြီးခဲ့သည့် လ ၆ရက်နေ့က တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကောင်မရှင်ရုံးသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

အဆိုပါ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးက ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ပလပ်လိုက်ပြီးနောက် တဖန် ဦးတင်ရီက တိုင်းကော်မရှင်သို့ အယူခံထပ်ဝင်ရာမှ ယနေ့ တိုင်းကော်မရှင်ရုံးက ထပ်မံ ပလပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ပါတီမှ ဒေါ်အောင်ဆန်းစုကြည် ကိုကိုယ်စားလှယ်လောင်းအဖြင့် ကန့်ကွက်ရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ခုနှစ်ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့အရကန့်ကွက်ခြင်းဖြစ်သည်ဖော်ပြထားသည်။

ကန့်ကွက်ခဲ့သည့် အချက်အချို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိခြင်းတွင် ပုဒ်မ၁၂၁ ပုဒ်မခွဲ(င) အရ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူ စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသားဖြစ်သော ဆိုသော အချက်ဖြင့်လည်းကောင်း

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ် အဲရစ်နှင့် အိမ်ထောင်ကျခဲ့ပြီး ဗြိတိန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ အဖြစ်လည်းကောင်းအစရှိသည့် ဥပဒေပါ ကန့်ကွက်နို်င်သည် ဆိုသော အချက်ပေါင်းများစွာဖြင့် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကန့်ကွက်လွှာနှင့်ပတ်သတ်၍ ဦးညဏ်ဝင်းက “သူထောက်ပြတဲ့အထဲက နိုင်ငံခြားမှာ ပိုင်ဆိုင်တဲ့ ပစ္စည်းရှိတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ခင်ပွန်းဆုံးတုန်းက အမွေရတာမရှိဘူး။ ဗြိတိန်မှာ Green card ရထားတယ်ဆိုတာ လုံးဝမှားတယ် အဲဒိစနစ်မရှိဘူး သူပြောထားသမျှက မသိနားမလည် သက်သေအထောက် အထားမရှိဘဲ ကြားဖူးနားဝနဲ့ ပြောတဲ့စွပ်စွဲချက်ပါ ဒေါ်အောင်ဆန်း စုကြည် ကိုဂုဏ်သိက္ခာ ထိခိုက်အောင် တမင်စွပ်စွဲချက်သာဖြစ်တယ်” ဟု True News အတွဲ ၄ အမှတ် ၂၁ တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ တိုင်းကော်မရှင်ရုံးကအမှု ပလပ်လိုက်ခြင်းနှင့်ပတ်သတ်၍ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ မှတာဝန်ရှိသူတဦးဖြစ်သူ ဦးစောသန်းမြင့်ကတော့ “ ဒါက ဥပဒေ မှာ သတ်မှတ်ထားတဲ့ အတိုင်း စွဲကြတယ်ဆိုတော့ ကြည့်ရတာ တိုင်းရုံးက အမှုကိုပလပ်လိုက်တာဟာ ဒေါ်စုကိုရွေးကောက်ပွဲ ၀င်စေချင်လို့ ဖြစ်မယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

အဆိုပါ အမှုပလပ်ခံရသည်နှင့် ပတ်သတ် ၍ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီမှ အတွင်းရေးမှူး ဦးထွန်းရွှေအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည် ဖုန်းပိတ်ထားသောကြောင့်ဆက်သွယ်၍ မရရှိခဲ့ပေ။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်ခဲ့သည့် ကိုယ်စားလှယ်လောင်းဦးတင်ရီက တိုင်းကော်မရှင်မှ ပယ်ချရင်ဗဟိုကို တင်မည်ဖြစ်ပြီး ဗဟိုမှထပ်မံပယ်ချခဲ့ရင် လွှတ်တော်သို့တင်သွင်းမည်ဟု ဖြေကြားခဲ့သည်။

သို့ရာတွင် လက်ရှိတည်ဆဲ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေများအရ ယခုတိုင်းကော်မရှင်သို့ အယူခံခြင်းသည် နောက်ဆုံး အခွင့်အရေးဖြစ်သည်ဟု သိရသည်။

သတင်း....Yangon Press International