20 July 2011

လူ့အခွင့်အရေး လှုပ်ရှားသူ ထောင်ထဲရောက်မှ ပြစ်ဒဏ်နှစ်ဆဖြစ်

သူတပါးအကျိုးဖျက်ဆီးမှု၊ ရာဇဝတ်မကင်းသော ကျုးကျော်မှုတို့ဖြင့် စွဲချက်တင်ပြီး ပုသိမ်မြို့၊ ကန်ကြီးထောင့် တရားရုံးမှ ဇူလိုင် ၈ ရက်နေ့တွင် ထောင်ဒဏ်သုံးလ ချမှတ်ခြင်းခံခဲ့ရသော လူ့အခွင့် အရေး စောင့်ကြည့် ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးထွန်းအေးအား အကျဥ်းထောင် ထဲ ရောက်မှ ထောင်ဒဏ်ခြောက်လ ချမှတ်ခြင်း ခံခဲ့ရကြောင်း ၎င်း၏သမီးဖြစ်သူ ဒေါ်တင်မျိုးအေးက ဆိုသည်။

ပုသိမ်မြို့ထိန်တောကြီး ကျေးရွာအုပ်စု ဗမာစုကျေးရွာနေ ဦးထွန်းအေးသည် မြေစာရင်းဌာနမှ ဝန်ထမ်းများနှင့် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ယင်းနေထိုင်ရာကျေးရွာအုပ်စုရှိ ရွာများမှ လယ်သမားများအား အကြောင်းပြချက်မရှိဘဲ ပုံမှန်သီးစားခထက် အဆပေါင်းများစွာပိုမို ကောက်ခံနေမှုအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့တို့အား တိုင်ကြားရန်ကြိုးပမ်းနေရာမှ အထက်ပါ ပြစ်မှု များဖြင့် အဖမ်းခံခဲ့ရသူဖြစ်သည်။

“တရားရုံးမှာ အမိန့်ချတုန်း သုံးလလို့ပဲ ကြားလိုက်ကြတာ။ ထောင်ဝင်စာသွားတွေ့တော့မှ အဖေက သူ့ကို ထောင် ခြောက်လ ချလိုက်တာ လို့ ထောင်ကဝန်ထမ်းတွေက ပြောတယ်ဆိုပြီး ပြန်ပြောပြတယ်” ဟု ဒေါ်တင်မျိုးအေး က ဆိုသည်။

အဆိုပါအမှု အမိန့်ချမှတ်သည့်နေ့တွင် တရားရုံးသို့ သွားရောက်နားထောင်ခဲ့သည့် လူ့အခွင့် အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ယက် အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် ကိုမြင့်နိုင်ကလည်း ထိုနေ့က ၎င်းတို့ လူ့အခွင့် အရေး စောင့်ကြည့် ကာကွယ်ရေး အဖွဲ့ဝင် ၁၅ ဦးခန့် တရားရုံးသို့ သွားရောက်ခဲ့ရာ အားလုံး ပင် ထောင်ဒဏ်သုံးလ အမိန့်ချမှတ်သည်ကို ကြား လိုက်ရကြောင်း ပြောကြားသည်။

“အခုလို သိလိုက်ရတာ တော်တော် အံ့သြသွား တယ်၊ဒီကိစ္စ္စကို သချာအောင်တရားရုံးအမိန့် ကိုရဖို့လုပ်နေတယ် ပြီးရင် အယူခံ ဝင်ဖို့လည်း လုပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

ထိုသို့ အယူခံဝင်နိုင်ရန်အတွက် ရှေ့နေငှားရမ်းမှုကို လူအခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ယက် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော် ကိုယ်စား လှယ် လောင်း ဒေါ်ဘောက်ဂျာ မှ ငွေကြေး အကုန် အကျခံ သွားမည်ဖြစ်ကြောင်း သိရသည်။

“ပိုက်ဆံ အရမ်းရှိလို့တော့ မဟုတ်ပါဘူး။ ဒီလိုမတရားလုပ်တာကို မခံနိုင်လို့ပါ”ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

အဆိုပါ ဦးထွန်းအေး၏ ဇနီးဖြစ်သူ ဒေါ်ထွန်းကြည်ကိုလည်း အလားတူအမှုဖြင့်ပင် တရားရုံးမှ ဝရမ်းထုတ်ထားသဖြင့် တိမ်းရှောင်နေရကြောင်း ၎င်းတို့၏သမီးဖြစ်သူ ဒေါ်တင်မျိုးအေးက ဆိုသည်။

“အိမ်မှာက မိသားစုငါးယောက်ရှိတာ၊အဖေက ထောင်ကျပြီး အမေက ရှောင်နေရတယ်၊ မောင် တစ်ယောက်က ရန်ကုန် မှာ ကျောင်းတက်နေ တယ်ဆိုတော့ ကျွန်မနဲ့ မောင်လေးတစ်ယောက်ပဲ အခြားသူတွေ အကူအညီနဲ့ လယ် လုပ်နေရတယ်”ဟု အသက် ၂၀ အရွယ်ရှိ ၎င်းက ဆိုသည်။

ယခုနှစ်တွင် ၎င်းတို့ပိုင် လယ်များအတွက် ရရှိထားသော စိုက်ပျိုးစရိတ်ချေးငွေများသည်လည်း ဖခင်၏အမှုအတွက် ကုန်ကျစရိတ်များ ဖြစ်သွား ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဦးထွန်းအေးအား သူတပါးအကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ရာဇ၀တ်မကင်းသော ကျူးကျော်မှု ပုဒ်မ ၄၄၇ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကန်ကြီးထောင့် မြို့နယ်တရားရုံး၊ တရာသူကြီး ဒေါ်ဖြူဖြူခိုင်က ဇူလိုင်လ ၈ ရက်နေ့တွင် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း..ပိုင်စိုး ( Transparency Myanmar )