23 July 2011

အာဏာရှင်အစိုးရအဖွဲ့ဝင်တို့၏ သမီးများက ပြည်သူ ကို စော်ကားသည့်မှတ်ချက်များပြောဆို

ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော နိုင်ငံရေးပါတီ ၆ ပါတီမှ လူငယ်ကိုယ်စားလှယ်အဖွဲ့၏ ပူးပေါင်းသတင်းစာရှင်းလင်းပွဲကို တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီး ၃ ဦး၏ သမီးများလည်း ပါဝင် တက်ရောက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သာမန်ပြည်သူ တစ်ယောက် အိမ်မက်မမက်နိုင်သော ဆယ့်ငါးသိန်းကျော် Mac Bookကို ရှေ့တွင်ချထားသည့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီ၏ သမီးဖြစ်သူက ပြည်သူလူထုကို စော်ကားပြောဆိုသဖြင့် အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ဖာဖာထေးထေး ၀င် ရောက်ပြောဆိုပေးခဲ့ရကြောင်း တက်ရောက်ခဲ့သူအားလုံးက တညီတညွှတ်တည်း ပြောဆိုသည်။

မြန်မာနိုင်ငံအစိုးရက ပြည်သူများ၏ ကောင်းကျိုးများကို ဆောင်ရွက်သော်လည်း ပြည်သူများက စည်းကမ်းပြည့်ဝခြင်း မရှိသည့်အတွက် မြန်မာ နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံများ အလယ်တွင် ခေတ်နောက် ကျနေရခြင်းဖြစ်ကြောင်း အစချီကာ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေးခရီး သွားခဲ့သူတို့၏ အတွေ့အကြုံများကို ပြန်လည်ရှင်းပြရန် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် အထက်ပါ အချက်များ ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးက “အစိုးရတွေကကောင်းတယ်၊ ပြည်သူတွေရဲ့ အခြေခံစိတ်မှာသာ ကွာခြားနေတာပါ။ ကိုယ့်ဆီမှာက အပြစ်တင်ဖို့ များနေ တာပါ၊ ကျွန်မတို့သွားခဲ့တဲ့ ဂျပန်မှာက ပြည်သူကော၊ အစိုးရကောကောင်းတယ်။ နှစ်ဦးနှစ်ဘက် ဘာမှပြောဖို့ကိုမလိုဘူး။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာက ဒီလိုအခြေအနေတွေ မရှိသေးဘူး။ အသေးအဖွဲတွေကအစ လိုက်နာမှု အားနည်းနေတာကို တွေ့ရတယ်၊ အမှိုက်ပစ်တဲ့ကိစ္စကအစ ကြည့်ရင်ပေါ့။ အမှိုက် မပစ်ရလို့ ပြောတဲ့နေရာမှာ အမှိုက်ပစ်တယ်၊ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေကို မဆင်ခြင်နိုင်ဘဲ လူတွေက အကြီးကြီးတွေ လျှောက်ပြောနေတာ”ဟု ဆို သည်။

ပြည်သူတွေရဲ့ အခြေခံစိတ်အားနည်းပါးနေသည့်အတွက် ဝေဖန်မှုများ များပြားနေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ယင်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြည်သူနှင့်အစိုးရ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်ကတာဝန်ခံရန် လစ်ဟင်းမှုများကို လစ်လျှုရှုပြီး၊ ယခင်အစိုးရ အဆက်ဆက်၏ အမှားကြောင့် ပေါ်ပေါက်ခဲ့ရသော ပြည်သူတို့၏ အဘက်ဘက်ကနိမ့်ကျမှုများကိုသာ အပြစ်ပုံချနေခြင်း ဖြစ် ကြောင်း ဆိုသည်။

“အမှိုက် ပစ်တဲ့ကိစ္စကို ပြောတဲ့အခါမှာလည်း အစိုးရက လုပ်ပေးသင့်သလောက် မလုပ်ပေးတာကို ပြည်သူတွေ စည်းကမ်းမရှိလို့ ဆိုပြီး၊သူတို့ ဖြတ်သန်းလာတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ပြီး၊ ပြည်သူတွေ ကို စော်ကားသွားတာတော့ လွန်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းခရီးစဉ်ကိုလိုက်ပါသွားသူ NDFပါတီမှ ပါတီဝင်တစ်ဦးကလည်း “ကျွန်တော်တို့အစိုးရက အခြေခံအဆောက်အဦး နည်းနေလို့ပါ၊ အခြေခံ အဆောက်အဦး ကောင်းမွန်တဲ့ ဂျပန်နိုင်ငံမှာက ဒီလိုကိစ္စတွေကို ခဏလေးဖြေရှင်းနိုင်တယ်” ဟု သုံးသပ်သွားသည်။

ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူ သတင်းထောက် များနှင့် ပြည်ခိုင်ဖြိုးပါတီမှ လူငယ် အမျိုးသမီးပါတီဝင်များကြား အပြန်အလှန်ပြောကြားချက်များ ပြီးဆုံးပြီးနောက် တွင် ဦးဌေးဦးမှ သတင်းထောက်များအား ယင်းကဲ့သို့ ပြန်လည်ဖြောကြား ချက်များအား သတင်း မီဒီယာများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရေးကြရန် ပြောကြားခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ဦးဌေးဦးနှင့်အတူ အတိုက်အခံဟုပြောရမည့် နိုင်ငံရေးပါတီများမှ ထိပ် ပိုင်းခေါင်းဆောင်များလည်း တက်ရောက် ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီသည် များစွာအပြုသဘောဆောင်ခဲ့သည်ဟု တက်ရောက်သူ နိုင်ငံရေးပါတီမှ ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ လူကြီးလူငယ်အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခုကဲ့သို့ မဲလိမ်ရန် ညွှန်ကြားမည့် ဗိုလ်ချုပ်မှုးကြီး၏ အကူ အညီမပါဘဲ ယှဉ်ပြိုင် ရမည်ကို မေ့လျော့၍ ပြည်သူလူထုနှင့်တပြေးတည်း ခံစားပေးနိုင်ရန်ကိုလည်း သတိမပြုနိုင်သေးဘဲ ရှိနေသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံက ဖိတ်ကြားခဲ့သည့် ပါတီစုံလူငယ် ကိုယ်စားလှယ်များထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီး ဦးခင်ရီနှင့် ဦးဇော်မင်း၊ ဝန်ကြီးဟောင်း ဦးသိန်းဆွေတို့၏ သမီးများ လိုက်ပါသွားခဲ့သည်။

သတင်း....YC..Transparency Myanmar