19 July 2011

ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များ ဂူသွင်းသင်္ဂြိုလ်ခဲ့ရာ မူလ အာဇာနည်ဗိမာန်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ မှာ အာဏာရူးလူတစ်စုရဲ့  လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ဆုံးရှူံးခဲ့ကြရပြီး တစ်တိုင်းတပြည်လုံး ၀မ်းနည်းပူဆွေးခဲ့ကြရပါတယ်။




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂုဏ်ပြု အောက်မေ့တမ်းတ လွမ်းဆွတ်ကြပြီး၊ လွတ်လပ်ရေးရရှိရေးအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဂုဏ်ကျေးဇူးကို အလေးထားသောအားဖြင့် နှစ်စဉ်နှစ်တိုင်း အာဇာနည်ဗိမာန်ရှိရာသို့  ပြည်သူပြည်သားများ သွားရောက် ဂါဝရပြုကြကာ အာဇာနည်ခေါင်းဆောင်ကြီးများ ရယူပေးခဲ့တဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်သွားကြမည်ဖြစ်ကြောင်း သံဓိဌာန်ပြုကြပါတယ်။



ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များ ဂူသွင်းသင်္ဂြိုလ်ခဲ့ရာ မူလ အာဇာနည်ဗိမာန်၏ သမိုင်းကြောင်းအကျဉ်းအား ဖေါ်ပြအပ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်တွင် အာဇာနည်ဗိမာန်တည်ဆောက်ရေးကော်မတီကို ဥက္ကဋ္ဌသခင်နုက ဦးဆောင်ဖွဲ့စည်းခဲ့ရာ၌ ဆာဘဦး (နိုင်ငံတော်တရားဝန်ကြီးချုပ်)၊ ဦးသိမ်းမောင် (လွှတ်တော်တရားဝန်ကြီးချုပ်)၊ ဦးစံလွင် (စာရင်းစစ်မင်းကြီး)၊ ဦးသန်းစိန် (ပါလီမန်အမတ်)၊ ဦးထွန်းတင် (မြို့တော်ဝန်)၊ ဦးစိန် (ကရင်နီ (ကယား) ရေးရာ ပါလီမန်အတွင်းဝန်)၊ ဒေါ်လှမေ၊ ဦးကျော်စိန်နှင့် ဦးအုန်းကြိုင်(အင်ဂျင်နီယာ) တို့ ပါဝင်ခဲ့ကြပါတယ်။

အာဇာနည်ဗိမာန်တည်ဆောက်ရေးအတွက် အာဇာနည်ဗိမာန်အက်ဥပဒေကို သတ္တမမြောက် တိုင်း ပြည်ပြုလွှတ်တော် (ပါလီမန်) အစည်းအဝေး၌ ၄ ရက်နေ့ ၊ ဖေဖော်ဝါရီလ၊ ၁၉၄၉ ခုနှစ်တွင် တင်သွင်းခဲ့ရာ ယင်းနှစ်၌ပင် ပါလီမန်က အတည်ပြုပေးခဲ့ပါတယ်။

သို့ဖြစ်၍ အာဇာနည်ဗိမာန်ပုံစံကြမ်းကို ပြည်သူပြည်သားများ၊ စေတနာရှင်များထံမှ ဖိတ်ခေါ်ကာ ရွေးချယ်အတည်ပြုပေးခဲ့တယ်လို့  သမိုင်းမှတ်တမ်းများက ဆိုကြပါတယ်။




အာဇာနည်ဗိမာန် တည်ဆောက်ပြီးစီးချိန်မှာ ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များကို ဂျူဗလီဟောမှနေ အာဇာနည်ကုန်းတည်ရှိရာ အာဇာနည်ဗိမာန်သို့  ပို့ ဆောင်ကာ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြပါတယ်။



မူလ အာဇာနည်ဗိမာန်ဟာ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  မြောက်ဘက်မုဒ်အရပ်ဘက်ရှိ အာဇာနည်ကုန်းတွင် တည်ရှိခဲ့တာ ဖြစ်ပါတယ်။