09 April 2011

ဒေါ်အောင်ဆန်းစုကြည် အား ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆု ချီးမြှင့်



၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။(ဓာတ်ပုံ.AFP)


အမေရိကန် ပြည်ထောင်စု အခြေစိုက် Vita Voices Global Partnership အဖွဲ့က သူတို့ရဲ့ ၁၀ကြိမ်မြောက် Global Leadership Award ဆုရှင် ၆ ဦးထဲက တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။

ဆုရှင် ၆ ဦးထဲမှာ ၁၀ ကြိမ်မြောက် အထူးဆုအဖြစ် Trail-Blazerလို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရသူ Ms. Flavia Draganus က အခုလို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖော်ဆောင်ဖိှု့ကြိုးစားနေတာကြောင့်မို့ စွန့်ဦးတည်ထွင်သူအမျိုးသမီးဆု ချီမြှင့်ဖို့ ရွေးချယ်ခဲ့ရတာပါလို့ သူက ပြောပြသွားပါတယ်။

ဒီဆုဟာ အမျိုးသမီးတွေကိုပဲ နှစ်စဉ်ရွေးချယ် ချီးမြှင့်နေတဲ့ဆုဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Global Leadership Award ဆုကို ရတဲ့ အမျိုးသမီး ၅ ဦးကတော့ အိန္နိယနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းဆောင် အမျိုးသမီး မစ္စဆုနီသာ ခရစ္ဆနမ် ၊ အစ္ဆရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂ ဦး၊ ကင်မရွန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခါ ဝေါ်လာ ၊ အာဖဂန်နစ္စတန် နိုင်ငံက စီးပွားရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူ ဖာတမာ အက်ခ် ဘာရီတို့ ဖြစ်ကြောင်း သိရပါတယ်။

ဆုပေးပွဲကို ဧပြီလ ၁၂ ရက်နေ့ အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ ဂျွန်အက်ဖ် ကနေဒီ စင်တာမှာ ကျင်းပမှာ ဖြစ်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝနှ်ကီး ဟီလာရီ ကလင်တန် ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်၊ ဒါ့အပြင် လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးတွေနဲ့ CNN လို ရုပ်သံဌာနက နာမည်ကျော် ပုဂ္ဂိုလ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...လွတ်လပ်တဲ့ အာရှအသံ (RFA)