10 April 2011

အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ..

အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ

မဟာသင်္ကြန်ပွဲတော်အပြီး ၂၃.၄.၂၀၁၁ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားအား နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။ ထိုသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ နာယကကြီး ဘဘ ဦးသုခအား ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ဘဘ ဦးသုခ၏ ကျောက်ရုပ်ဖွင့်ပွဲကိုပါ နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခအား နောင်လာနောင်သားများ သိရှိအမှတ်ရစေလိုသော ဆန္ဒဖြင့် ဘဘ ဦးသုခ၏ ရုပ်ထုအားထုလုပ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှေ့ မြက်ခင်း ပြင်တွင် ထားရှိမည်ဖြစ်ပါသည်။
နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားတွင် လူမှုရေး သမား ဂီတပညာရှင်များမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား တီးခတ်ဖျော်ဖြေပေးခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား ဖေးမ ကူညီမှုများကို လိုက်လံရှင်းလင်းပြသခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသမှုများကို လိုက်လံ ရှင်းလင်းပြသခြင်း၊ စားဖွယ်သောက်ဖွယ်များကို ရောင်းချပေးခြင်းတို့အပြင် မျိုးဆက်သစ် ကလေးငယ် များ၏ အကပဒေသာ၊ မြန်မာ/အင်္ဂလိပ် သီချင်းများဖြင့် ဖျော်ဖြေပေးခြင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အဆောက်အဦး အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။

မျိုးဆက်သစ်ကလေးငယ်များသည် ယခုအချိန်မှစ၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များ အား ဂီတသီချင်းများ၊ အကပဒေသာများနှင့် ပီပြင်စွာဧည့်ခံနိုင်ရေးအတွက် သီချင်းတိုက်ခြင်း၊ အက တိုက်ခြင်း၊ အကသင်ခြင်းတို့ကို ပြင်းထန်စွာလေ့ကျင့် နေပြီဖြစ်ပါသည်။ သီချင်းတိုက်ရာတွင် ဂီတ ပညာရှင် ကိုဇာနည်၊ အကသင်ကြားခြင်းကို ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမ ဒေါ်ချောအိအိငြိမ်းနှင့် အသင်းသူ/သားများ၊ အသင်းအုပ်ချုပ်သူများကပါ ၀ိုင်းဝန်းပံ့ပိုးကာ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သူငယ်တော် အက၊ နပန်းဆံ စသည့်အကပညာများကို သင်ကြားပေးလျှက်ရှိသည်။ မျိုးဆက်သစ် ကလေးငယ် များသည် အတတ်ပညာ၊ နည်းပညာများကို သင်ကြားပေးရာတွင် လျင်မြန်စွာ တတ်သိ နားလည် လွယ်ခြင်းတို့ကြောင့် အများပြည်သူတို့အပေါ် အကျိုးပြုမည့်၊ အကျိုးရှိမည့် အတတ်ပညာများ အသိဥာဏ်များ၊ လူမှုရေးစိတ်ဓါတ်များ မွေးဖွားရှင်သန်မှုရှိရန် အရေးကြီးလှသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ်ကလေးငယ်များ (၅၀၀) ဦးရေကျော်ခန့်တို့၏ အင်္ဂလိပ်စာ အခြေခံသင်တန်းကို ပို့ချပေးလျက်ရှိသလို ကလေးငယ်များ၏ ဘာသာ သာသနာ လူမှုရေးအသိ စိတ်ဓါတ်များ ယဉ်ကျေးလိမ္မာထက်မြက်စေရန်အတွက် အဖက်ဖက်မှ သင်ကြားပို့ချပေးလျှက်ရှိသည်။