03 April 2011

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနနှင့် ဓမ္မလမ်းကို လျှောက်ကြမယ် (နာရေးကူညီမှုအသင်း ရန်ကုန်)

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး

ပြည်တွင်း/ပ သာသနာပြု မွန်ဆရာတော်ကြီး ဘဒ္ဒန္တသီလ၀န္တသည် ၁၉၅၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ သွားရောက်ပြီး တရားပို့ချခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ စေတီများ တည်ထားခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ဆရာတော်ကြီး တည်ထားခဲ့သော ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဘုရားစေတီများမှာ - World Peace Pagoda (Byailone Chanda Zedi) NW Corner, Shwedagon Yahu Corner, Yangon (November 2, 1941)၊ Aung Mingaung Pagoda Windermere, Yangon (January 13, 1949)၊ Benares Pagodas(4) Varanasi. India (1958)၊ American Shwedagon Allegany, New York State, USA May 30, 1958 – June 6, 1958 – August 27, 1982 – September 6, 1982 (reconstruction)၊ Cakkavala Universal Pagoda Boise, Idaho State, USA (May 22, 1982 – June 11, 1982)၊ Canada Shwedagon Kinmount, Ontario, Canada (August 4, 1982 – August 22, 1982)၊ Crystal Mountain Peace Pagoda Galiano Island, BC, Canada (September 9-18, 1982)၊ New Zealand Shwedagon Wangapeka Valley, Nelson, S.Island, New Zealand (January 2 – 9, 1983)၊ Australia Shwedagon Adelaide, Australia (January 28, 1983 – February 9, 1983)၊ England Shwedagon Warwickshire, England, UK (July 28 – August 14. 1988) စသည့် စေတီတော်မြတ်များ ဖြစ်ကြသည်။

ဆရာတော်ကြီးသည် ရန်ကုန်မြို့ အမှတ် (၁၀) ရပ်ကွက် ၀င်ဒါမီယာ၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ “အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်” တွင် သာသနာပြုလုပ်ငန်း များ ဆောင်ရွက်တော်မှုစဉ် ၁၈.၃.၂၀၁၁ (သောကြာနေ့) နံနက် (၅း၅၀) နာရီ အချိန်တွင် တစ်ဘ၀ ဇာတ်သိမ်းခန္ဓာဝန်ငြိမ်းတော်မူခဲ့သည်။ သို့ဖြစ်ပါ၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စတီးရွှေကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အသုဘကမ္မဋ္ဌာန်း ရှုမှတ်ပွားခြင်း အခမ်းအနားကို (၁၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့သည်။ ၁.၄.၂၀၁၁ (သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိဈာပနသဘင် ဆင်ယင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများသည် အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံ ကျောင်းတိုက်မှ ရုပ်ကလာပ်တော်အား ပြည်တွင်း/ပမှ တပည့်ဒါယကာ ဒါယကာမများ၊ ဆရာတော် သံဃာတော်များ နှင့်အတူ ရေဝေးသုဿန်သို့ ပင့်ဆောင်လောင်တိုက်သွင်း၍ မီးသင်္ဂြိုလ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဓမ္မလမ်းကို လျှောက်ကြမယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအတွက် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အကသင်တန်း စသည်တို့ ကို သင်ကြားပေးလျှက်ရှိသလို လူလတ်ပိုင်း၊ လူကြီးပိုင်းများအတွက် အင်္ဂလိပ်စာ အဆင့်မြင့် (4 Skill) သင်တန်းများ၊ ပင်အိုရွက်နု ပန်းချီသင်တန်း၊ နာရေးကူညီမှု လူမှုရေးသင်တန်းများအပြင် “ဓမ္မလမ်းကို လျှောက်ကြမယ်” ဟူသောခေါင်းစဉ်ဖြင့် ၀ိပဿနာသင်တန်းကိုလည်း စတင်မျိုးစေ့ချ သင်ကြားပေး နေပြီ ဖြစ်ပါသည်။ လူမှုရေးသမားများ လူမှုရေး ပရဟိတလုပ်ငန်းများကို မြတ်စွာဘုရား၏ ဒေသနာ အဆုံးအမနှင့်အညီ ပေးဆပ်နိုင်ကြစေရန် ရည်ရွယ်၍ ဆရာဒေါက်တာ-စိုးလွင်(မန္တလေး)မှ ဗြဟ္မစိုရ် တရားလေးပါး လက်ကိုင်ပြု၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအား ကုသိုလ်ဖြစ် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။

မြတ်စွာဘုရား၏ အဆုံးအမအနှစ်ချုပ်သည် “မကောင်းမှုရှောင် ကောင်းမှုဆောင် … ဖြူအောင် စိတ်ကိုထား” ဟူ၍ ဖြစ်သည့်အတိုင်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်၍ ကောင်းမှု ကုသိုလ်များ ကို အတတ်နိုင်ဆုံး ပေးဆပ်နေကြသော၊ လုပ်ဆောင်နေကြသော ပရဟိတသမားများ၏ စိတ်ဓါတ်များ ကို သတိပဋ္ဌာန်၊ ၀ိပဿနာပညာ၊ မဂ်ဉာဏ်တို့ဖြင့် မည်ကဲ့သို့အဖြူစင်ဆုံး ထားရှိကြရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။