06 April 2011

ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ၊ ဘဘဦးဝင်းတင်ရဲ့ ကဗျာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ပြည်သူများသို့ ပေးပို့တဲ့ ကဗျာစာအုပ်ပါ အမှာစာ...

ဂျပန်ပြည်သူများသို့..

၁၁.၃.၂၀၁၁ သောကြာနေ့က ဂျပန်နိုင်ငံတွင် ငလျင်နှင့် ဆူနာမီလှိုင်း လှုပ်ခတ်တိုက်ခိုက်မှုကြောင့် ဂျပန်ပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးသွားသည်သာမက နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ ကြရပါသည်...။

ဂျပန်ပြည်သူ ပြည်သားများ ခံစားရသော စိတ်ခံစားမှုနှင့်အတူ ကျွန်မတို့ NLD အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်သူ ပြည်သားများကလည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်..။

သဘာဝဘေးအန္တရာယ်သည် ဂျပန်နိုင်ငံတွင်သာမက.. မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၄)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်းရှိ လွယ်မွေ တာချီလိတ် ဒေသကို အခြေပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွားသည့် အတွက် လူဦးရေ (၂၀၀)ခန့် သေကြေ ပျက်ဆီးခဲ့ပါသည်..။

ဤသို့သော အဖြစ်မျိုးကို မိမိတို့နိုင်ငံသားများ ကိုယ်တိုင် ခံစားရပါသဖြင့် ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်များ၏ ဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူ ပြည်သားများအတွက် ပိုမို၍ ကိုယ်ချင်းစာခဲ့မိပါသည်..။

ဤဖြစ်ရပ်များ အပေါ်တွင်  စိတ်ဓာတ်၊ သတ္တိ၊ ဇွဲ၊ ဝိရီယများဖြင့် တွန်းလှန် အံတုနိုင်သော ဂျပန်နိုင်ငံသားတို့၏ အားမာန်များကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်..။

ဤသို့ ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြင့် သဘာဝဘေးအန္တရာယ် ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသည့် ဂျပန်ပြည်သူ ပြည်သားများကို ရည်စူး၍ ဤကဗျာစာအုပ်ငယ်ကို ထုတ်ဝေအပ်ပါသည်...။


အောင်ဆန်းစုကြည်
၂၇.၃.၂၀၁၁
ဒီကဗျာလေးကတော့ ကမ္ဘာ့ကဗျာနေ့ မှာ ဟံသာဝတီ ဘဘဦးဝင်းတင်မှ မြန်မာနှင့် ဂျပန်ပြည်က ပြည်သူ/သားတွေအတွက် ရေးလိုက်တဲ့ ဂျပန် ဟိုက္ကူကဗျာလေးပါ။

လူ-စက်-မြို့-မြိုဝါး

ဟီရိုရှီးမား ဗုံးဝင်စား

ဆူနာမီ နဂါး

ငတ်-မွဲ-ကန်း ပိပြား

ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား

ဘိရုမာ ခြောက်ခြား

ဘ၀တူတွေပဲ

အာဏာငရဲ လှိုင်းငရဲ

ဒို့ စာနာ ကြေကွဲ။

ဒီကနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ သတင်းဓာတ်ပုံတွေပါ..။ အမေစုရဲ့ ဂျပန်ပြည်သူတွေအတွက် စာကိုတော့ ပြန်လည် ရေးသား တင်ပြလိုက်ပါတယ်..။ ဘဘဦးဝင်းတင် ကဗျာကို ပေးပို့လာသူ ညီငယ်နဲ့ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ