12 February 2011

(Weekly Eleven News သတင်းပါ ) ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းခံရပြီး တောင်ကိုရီးယားရေတပ် ကွန်မန်ဒိုများ ၀င်ရောက်တိုက်ခိုက် ကယ်တင်၍ လွတ်မြောက်လာသူတစ်ဦး၏ ကိုယ်တွေ့ပြောပြချက်များ..

34611
မြန်မာသင်္ဘောသား ၁၁ ဦးအပါအ၀င် သင်္ဘောသား ၂၁ ဦးပါဝင်သော M.V SAMHO JEWELRY  သည် အာရပ်စော်ဘွားများနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဦးတည်ထွက်ခွာလာစဉ် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက် နေ့က ဆိုမာလီပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယင်းသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် တောင်ကိုရီးယားရေတပ်ကွန်မန်ဒိုများမှ ၀င်ရောက်တိုက်ခိုက်ကယ်တင်နိုင်ခဲ့သဖြင့် ဆိုမာလီ ပင်လယ်ဓားပြများလက်တွင် ခြောက်ရက်ခန့်သာ ကြာမြင့်ခဲ့ပြီး သင်္ဘောသား ၂၁ ဦးစလုံးမှာ အသက်အန္တရာယ် ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပင်လယ်ဓားပြများလက်မှ လွတ်မြောက်ခဲ့ကြသည်။  အဆိုပါ မြန်မာသင်္ဘောသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ချိန်တွင်တော့ ဆိုမာလီပင်လယ်ဓားပြများ သင်္ဘောအား စတင်ဖမ်းဆီးခဲ့ပုံ၊ လွတ်မြောက်ခဲ့စဉ် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား M.V SAMHO JEWELRY  သင်္ဘောမှ မြန်မာသင်္ဘောသားတစ်ဦးဖြစ်သည့် ကိုထွန်းလင်းက ယခုလိုပြန်လည်ပြောပြခဲ့ပါသည်။
ဆိုမာလီတွေရဲ့ ဖမ်းဆီးခြင်းအစ
ဇန်န၀ါရီလ၁၅ ရက်နေ့နံနက် ၇ နာရီ ၄၅ လောက်မှာအချက်ပေး ခေါင်းလောင်း မြည်လာပါတယ်။ ပထမတော့ ကျွန်တော်တို့က မီးလောင် တယ် မှတ်နေတာ။ နောက်မှ ဆိုမာ လီဓားပြတွေ တက်လာမှန်းသိတာ။ အဲဒီနေရာက ဆိုမာလီပင်လယ်ဓား ပြတွေရှိတတ်တဲ့နေရာ မဟုတ်တော့ Chief Officer တစ်ယောက်ပဲ ပုံမှန် ဂျူတီယူထားပါတယ်။ ဆိုမာလီ ရေပိုက်နက်ကို ဖြတ်တုန်းက သုံး ယောက်အထိ ဂျူတီယူရပါတယ်။ ကံဆိုးတယ်လို့ပဲ ပြောရမယ် ထင် တယ်။ ဂျူတီကျတဲ့အရာရှိက ပင်လယ်ဓားပြတွေ သင်္ဘောပေါ် တက် လာမှပဲသိပါတယ်။ ပင်လယ်ဓားပြ တွေရဲ့ စပိဘုတ်လာနေတာကို မိနစ် ၃၀ လောက်သာ ကြိုတင်သိခဲ့မယ်ဆိုရင် အစစကြိုတင်ပြင်ဆင်လို့ ရနိုင်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ ကို ကြိုတင်အသိပေးနိုင်မှာပါ။ သိသိချင်းပဲ ဖရိုဖရဲနဲ့ ပင်လယ်ဓားပြနဲ့ ကြုံခဲ့ရင် ၀င်နေရမယ့်အခန်း (Rope Store) ထဲကို ၀င်ပုန်းခဲ့ရတယ်။ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား အကုန်လုံးပေါ့။ အဲဒီအခန်းထဲက နေပဲ စကားပြောစက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူး။
ဆိုမာလီတွေရဲ့လက်ထဲမှာ
ပင်လယ်ဓားပြတွေက သင်္ဘောပေါ်ကို တက်လာပြီးတာနဲ့ သင်္ဘော အင်ဂျင်စက်ကို ရပ်လိုက်ပါတယ်။ ပြီးတော့ အခန်းတွေထဲကို ၀င်ပြီး သူတို့ယူချင်တာတွေကို စိတ်ကြိုက်ရှာပြီး ယူပါတယ်။ ကျွန်တော်တို့ ပုန်းနေတာ သုံးနာရီလောက်ထိ ကြာပါတယ်။ သူတို့ ရှာမတွေ့ဘူး။ နောက်တော့မှ ကျွန်တော်တို့ကို ရှာတွေ့သွားပါတယ်။ ရှာတွေ့တာ နဲ့လူစုခိုင်းပြီး ဘယ်နှစ်ယောက် ပါသလဲဆိုတာ ရေတွက်ပါတယ်။ သင်္ဘောသားတွေကို ပဲ့စင် Bridge ပေါ်မှာထားပါတယ်။ ပြီးတော့ ကျွန်တော်တို့သင်္ဘောပေါ်က ဖုန်းနဲ့ပဲ သူ တို့ ဆိုမာလီနိုင်ငံက ခေါင်းဆောင်ဆီကို ဖုန်းဆက်ပါတယ်။ ကျွန်တော် တို့ကို ဖမ်းမိသွားပြီဆိုတာကိုပေါ့။ နောက်တော့ ကပ္ပတိန်ကို ဖုန်းခဏ ဆက်ခိုင်းပါတယ်။ အဲဒီနေ့မနက်ကတော့ ထမင်းမစားရပါဘူး။ ညနေကျမှ ထမင်းချက်စားခိုင်းပါတယ်။ ပင်လယ်ဓားပြတွေကတော့ သူတို့ အစီအစဉ်နဲ့ သူတို့ချက်စားပါတယ်။ ပင်လယ်ဓားပြတွေက ကျွန်တော်တို့ ကို ပြောထားတယ်။ သူတို့ မသင်္ကာတာ မလုပ်နဲ့၊ ခုခံဖို့မကြိုးစားနဲ့ပေါ့။ စဖမ်းပြီး သုံးရက်မြောက်မှာ တောင်ကိုရီးယားစစ်သင်္ဘောက နောက်က လိုက်လာပါပြီ။ ကျွန်တော်တို့ သင်္ဘောကပ္ပတိန်နဲ့လည်း စစ်သင်္ဘောနဲ့ အဆက်အသွယ်ရှိပါတယ်။ ကပ္ပတိန်ကတော့ ပြောပါတယ်။ သူတို့စစ်သင်္ဘော က ရအောင်ကယ်မှာပေါ့။ ကျွန်တော်တို့ကတော့ မယုံဘူး။ ဒီလောက် လက်နက်တွေကိုင်ပြီး စောင့်ကြည့်နေကြတာ။ စစ်သင်္ဘောသာ ကပ်လာရင် ဓားပြတွေက ပစ်သတ်မှာပဲ လို့ ထင်ထားခဲ့တာပါ။
တောင်ကိုရီးယား ရေတပ်စစ်သင်္ဘော လိုက်လာပြီးတဲ့နောက်မှာတော့ . . .
ပင်လယ်ဓားပြတွေက ကျွန်တော်တို့သင်္ဘောရဲ့နောက်မှာ စစ်သင်္ဘောလိုက်လာတယ်ဆိုတာ အစက မသိသေးဘူး။ ကပ္ပတိန်ကလည်း အမေရိကန်သင်္ဘောလို့ပဲ ပြောထားတာ။ နောက်တော့ ဆိုမာလီတွေက တောင်ကိုရီးယား ရေတပ်ကစစ်သင်္ဘော ဆိုတာသိသွားတော့ သင်္ဘောပေါ်က ကိုရီးယားလူမျိုးတွေကို ပဲ့စင်ပေါ်က နေ အောက်ကို လုံးဝမဆင်းခိုင်းတော့ဘူး။ သင်္ဘောပေါ်မှာက ကပ္ပတိန်အပါအ၀င် ကိုရီးယား ရှစ်ယောက် ပါတယ်။ စစ်သင်္ဘောနဲ့ဆက်သွယ်နေတဲ့ ကပ္ပတိန်က စစ်သင်္ဘောကပြောတဲ့ အတိုင်း ဆိုမာလီတွေကိုပြောပါတယ်။ လက်နက်ချဖို့၊ သင်္ဘောသားတွေကို အန္တရာယ်မပေးဖို့။ ဒါပေမယ့် ဆိုမာလီတွေက နားလည်း မလည်ဘူး၊ နားလည်း မထောင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့သင်္ဘောက စက်ပျက်တယ်ဆိုပြီး သင်္ဘောကို မမောင်းဘဲနဲ့ မျောထားတာပေါ့။ တောင်ကိုရီးယားစစ်င်္ဘောလိုက်လာတာကို သိပြီးတဲ့နောက်မှာ ဆိုမာလီတွေက မသင်္ကာတော့ဘူး။ ငါးရက်မြောက်နေ့မှာ ကပ္ပတိန်နဲ့ Chief Officer ကို အရက်ပုလင်းနဲ့ရိုက်ပြီး သင်္ဘောကို သူတို့ရေပိုင်နက်ထဲရောက်အောင် မောင်းခိုင်းပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့သင်္ဘောလည်း အရှိန်နည်းနည်းတင်ပြီး မောင်းပြရတယ်။
ဆိုမာလီပင်လယ်ဓားပြတွေနဲ့ တိုက်ပွဲစပြီ
ဆိုမာလီပင်လယ်ဓားပြတွေ ဖမ်းထားပြီး ခြောက်ရက်မြောက်နေ့ပေါ့။ ဇန်န၀ါရီလ ၂၁ ရက်နေ့မနက် အစောကြီး နံနက် ၄ နာရီကျော်လောက်မှာ ရဟတ်ယာဉ်က ကျွန်တော်တို့ သင်္ဘောရဲ့ရှေ့တည့်တည့်ကနေ ဆင်းလာပြီး စပစ်ပါတယ်။ အဲဒီအချိန်မှာ နောက်ကစစ်သင်္ဘောကလည်း ပစ်နေပါတယ်။ သင်္ဘောပေါ်ကလူတွေအကုန်လုံး ကြမ်းပြင်မှာ ၀ပ်နေကြရတယ်။ ရဟတ်ယာဉ် က ရှေ့ကနေဆီးပြီး ပစ်နေတုန်းမှာ စစ်သင်္ဘောက ကွန်မန်ဒိုသုံးယောက် က သင်္ဘောရဲ့နောက်ကနေ တက်လာပါတယ်။ ဒီကွန်မန်ဒိုသုံးယောက်က တက်လာတာနဲ့ ဆိုမာလီတွေကို စပြီး ပစ်ပါတယ်။ ဒီတော့မှ ဆိုမာလီတွေ က အရမ်းကြောက်ပြီး မပစ်ဖို့ ပြောပေမယ့် မရတော့ပါဘူး။ ဓားပြတချို့ သေသွားတော့ တချို့ဆင်းပြေးကြတယ်။ ကွန်မန်ဒိုတွေက လိုက်ရှာပြီး ဖမ်းတဲ့အခါ ငါးယောက်ကို အရှင်မိပါတယ်။ ဓားပြရှစ်ယောက်ကတော့ အသေမိတယ်ပေါ့။ တိုက်ပွဲ ပြီးသွားတော့ သင်္ဘောသားတွေ လူစုတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကျွန်တော် တို့သင်္ဘောကပ္ပတိန်ကို သေနတ်မှန်သွားပါတယ်။ မသေပေမယ့် ဒဏ်ရာတော့ ပြင်းတယ်ပြောပါတယ်။ တိုက်ပွဲဖြစ်နေတုန်းမှာပဲ သေနတ်မှန်တဲ့ ကပ္ပတိန်ကို ရဟတ်ယာဉ်နဲ့ဆေးရုံ ကို ခေါ်သွားပါတယ်။ တိုက်ပွဲပြီး သွားတော့ အလောင်းတွေကို ဆေးဖြန်း၊ သင်္ဘောကို သန့်ရှင်းရေးလုပ်တယ်။ အသက်ရှင်လျက်မိတဲ့ဓားပြ ငါးယောက်ကိုတော့ စစ်သင်္ဘောပေါ်ကို ခေါ်သွားပါတယ်။ အဲဒီအချိန်မှာပဲ သင်္ဘောပေါ်ကို စစ်သင်္ဘော က သတင်းထောက်တွေ၊ ဓာတ်ပုံ ဆရာတွေ တက်လာပြီး အရင်ဆုံး သတင်းယူကြပါတယ်။

ဆိုမာလီပင်လယ်ဓားပြတွေ လက်က လွတ်ခဲ့ပေမယ့် . . .
ဆိုမာလီပင်လယ်ဓားပြတွေ လက်ကလွတ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ သင်္ဘောအိုမန်နိုင်ငံကို ဆက်မောင်းသွားပါတယ်။ ဒါပေမယ့် အိုမန်ကိုရောက်တော့ ကမ်းက အကပ်မခံဘူးဗျ။ အလောင်းတွေ ရော၊ တရားခံတွေရောပါလို့ဆိုပြီး တော့ပေါ့။ တစ်ပတ်လောက်ကြာပြီးတော့မှ သင်္ဘောကပ်လို့ရတယ်။ သင်္ဘောကမ်းကပ်လို့ ရတာနဲ့ တောင်ကိုရီးယားက တာဝန်ရှိသူတွေလာ ပြီး သူတို့လူမျိုးတွေကို လာခေါ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ အစားထိုးမယ့်သူတွေ ရောက်လာပြီး နောက်ဆုံးမှပဲ သင်္ဘောပေါ်က ဆင်းခဲ့ရပါတယ်။ ရန်ကုန်ကို ဖေဖော်ဝါရီလ ၅ ရက် နေ့မှာပြန်ရောက်တယ်။

ရင်းမြစ်.. (Weekly Eleven News )