12 February 2011

၁၈ ရက်ကြာ ဆန္ဒပြပွဲများ ဖြစ်ပွားအပြီး အီဂျစ်သမ္မတ မူဘာရတ် ရာထူးက နှုတ်ထွက်သွား...

Egyptians toss a boy in the air as they celebrate the news of the resignation of President Hosni Mubarak, who handed control of the country to the military, at night in Tahrir Square in downtown Cairo, Egypt Friday, Feb. 11, 2011. Fireworks burst over Tahrir Square and Egypt exploded with joy and tears of relief after pro-democracy protesters brought down President Hosni Mubarak with a momentous march on his palaces and state TV.

မြင့်လှိုင်။ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၁

အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်အဖြစ် အုပ်စိုးခဲ့တဲ့ စစ်ခေါင်းဆောင် ဟော့စ်နီ မူဘာရတ်ဟာ အီဂျစ်သမတရာထူးက နှုတ်ထွက်သွားကြောင်း အီဂျစ် ဒု သမတ အိုမာ စူလေမန်က အီဂျစ်အစိုးရ ရုပ်သံမှတဆင့် ထုတ်ပြန် ကြေညာသွားပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ (အမေရိကန် အရှေ့ဘက်စံတော်ချိန် နံနက် ၁၁ နာရီ) တွင် ထုတ်လွှင့်တဲ့ အီဂျစ် ဒု သမတ အိုမာ စူလေမန် (Omar Suleiman) ရဲ့ ကြေညာချက်မှာ မူဘာရတ် ရာထူးက နှုတ်ထွက်သွားကြောင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

မူဘာရတ်ဟာ အခုအခါမှာ ဆိုင်းနိုင်းဒေသက ရှမ်အယ်လ် ရှာ့ (Sharm el-Sheikh) မြို့မှာ နေထိုင်လျက်ရှိပြီး အီဂျစ်နိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ အီဂျစ်သမတ မူဘာရတ်ရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညက မိန့်ခွန်းမှာ သူ ရာထူးက နှုတ်ထွက်မယ့်အကြောင်း အရိပ်အယောင်တခုကိုမှ မပြောကြားခဲ့ဘဲ စက်တင်ဘာလတွင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘူးဆိုတာကိုပဲ ပြောကြားခဲ့ပါတယ်။ အီဂျစ်ကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ မူဘာရတ်ဟာ စစ်ခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်က အီဂျစ်သမတ အန်န်ဝါ ဆာဒတ် (Anwar El Sadat) လုပ်ကြံခံရပြီးနောက် အီဂျစ်နိုင်ငံ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ စစ်ခေါင်းဆောင် အာဏာရှင် မူဘာရတ် ရာထူးက နှုတ်ထွက်သွားခဲ့ပေမယ့် လက်ရှိ အီဂျစ်နိုင်ငံရဲ့ ဒု သမတ အိုမာ စူလေမန်ဟာ ထောက်လှမ်းရေးအကြီးအကဲ ဖြစ်နေသလို အီဂျစ်ကို စစ်ကောင်စီက ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။
aljazerrra live တိုက်ရိုက်လွှင့်ထုတ်ချက် Play နှိပ်ကြည့်ပါ...

အီဂျစ်နိုင်ငံဟာ ကမ္ဘာမှာ နံပါတ် ၁၀ ခုမြောက် အကြီးဆုံး စစ်တပ် ပိုင်ဆိုင်ထားပြီး အီဂျစ်စစ်တပ်ဟာ နှစ်စဉ်အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကို ရရှိနေပါတယ်။ အီဂျစ်နိုင်ငံမှာ ကမ္ဘာ့ကုန်သွယ်မှုမှာ အဓိကကျတဲ့ စူးအက်တူးမြောင်း တည်ရှိပြီး အာရပ်ကမ္ဘာ၊ အာဖရိကတိုက်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မြေထဲပင်လယ်တို့နဲ့ ထိစပ်နေကာ ပထ၀ီအနေအထားအရ အရေးကြီးတဲ့နေရာတွင် တည်ရှိနေပါတယ်။ ထို့အပြင် အာရပ်ကမ္ဘာက အလေးထားစောင့်ကြည့်ရတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သုံးလအတွင်း ဆက်တိုက်လို ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများကြောင့် တူနီးရှားသမ္မတနဲ့ အီဂျစ်အာဏာရှင်တို့ ရာထူးက နှုတ်ထွက်သွားခဲ့ရခြင်းဟာ အာရတ်ကမ္ဘာနဲ့ နိုင်ငံတကာ နိုင်ငံရေးဖြစ်စဉ်များရဲ့ အဓိကကျတဲ့ အပြောင်းအလဲများ ဖြစ်ပါတယ်။ တူနီးရှားမှာ ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အီဂျစ်တက်ကြွလှုပ်ရှားသူများက အီဂျစ်နိုင်ငံ ပြုပြင်ပြောင်းလဲဖို့၊ အာဏာရှင် မူဘာရတ် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ စတင်ခဲ့ပြီး အီဂျစ် ရဲတပ်ဖွဲ့နေ့ (၂၀၁၁ ဇန်န၀ါရီ ၂၅ ရက်နေ့) မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စည်းရုံး လှုံ့ဆော်ခဲ့ပါတယ်။ အီဂျစ်က လှုပ်ရှားမှုများမှာ လူမှုမီဒီယာများဖြစ်တဲ့ ဖေ့စ်ဘွတ် (Facebook) နဲ့ တွစ်တာ (Twitter) တို့ရဲ့ ကဏ္ဍဟာ အထူး အရေးပါခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အီဂျစ်အစိုးရဟာ ရက်အတန်ကြာအောင် အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့ပါတယ်။ 

ထို့အပြင် စစ်ထောက်လှမ်းရေးများဟာ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဖမ်းဆီးခံရသူများထဲမှာ ဂူဂယ်လ် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဈေးကွက် အကြီးအကဲ ၀ီရယ်လ် ဂိုနင်မ် (Wael Ghonim) လည်း ပါဝင်ခဲ့ပါတယ်။ ၀ီရယ်လ်ဟာ အင်တာနက်ကို အသုံးပြုပြီး အီဂျစ်တော်လှန်ရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်တဲ့ တက်ကြွလှုပ်ရှားသူ ဖြစ်ပါတယ်။ အခု သတင်း ရေးသားနေစဉ်အချိန် စီအန်အန်သတင်းဌာနက ၀ီရယ်လ်ကို တိုက်ရိုက် မေးမြန်းခဲ့ရာ “သူ့အနေနဲ့ အီဂျစ်လွတ်မြောက်ရေး လှုပ်ရှားခဲ့သူတဦး ဖြစ်ကြောင်း၊ အခုအချိန် အီဂျစ်နိုင်ငံဟာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ကြောင်း၊ သူ့အနေနဲ့ သူ့အလုပ်ကို ပြန် လုပ်မှာဖြစ်ကြောင်း၊“ ပြောဆိုခဲ့ပါတယ်။ အီဂျစ်ပြည်သူတွေဟာ တိုင်းပြည်ကို အုပ်ချုပ်မယ့် စစ်ကောင်စီကို ယုံကြည်မှုရှိနေပြီး တိုင်းပြည် အပြောင်းအလဲတခု ဖြစ်ပေါ်လာအောင် အဲဒီ စစ်ကောင်စီကနေ ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

အီဂျစ်နိုင်ငံမှာ အာဏာရှင် မူဘာရတ် ပြုတ်ကျသွားပြီ ဖြစ်သော်လည်း ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ဆက်လက် လုပ်ဆောင်စရာ အများကြီး ရှိနေဦးမှာတော့ အမှန် ဖြစ်ပါတယ်။ အာဏာရပါတီက လွဲပြီး အခြား နိုင်ငံရေးပါတီများ ရှင်သန်ခြင်း မရှိတဲ့ နိုင်ငံ၊ အစ္စလာမ် အစွန်းရောက်များ အင်အားကြီးထွားလာမှာကို အနောက်နိုင်ငံက စိုးရိမ်တဲ့နိုင်ငံ၊ အာရပ်ကမ္ဘာက အရေးကြီးတဲ့ အမေရိကန်ရဲ့မိတ်ဆွေနိုင်ငံ၊ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အဓိကကျတဲ့ တူးမြောင်း တည်ရှိတဲ့နိုင်ငံ၊ အစ္စရေးနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေဟာ ဆက်လက် လေ့လာဖို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)