12 February 2011

“သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု

“သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သေဆုံးသွားသော ရုပ်အလောင်းများအား မီးသင်္ဂြိုလ်မှု ပြုလုပ်ပေးရာတွင် ယခုဆိုလျှင် မီးသင်္ဂြိုလ်ခ (၂) ဆ တိုးမြှင့်၍ ရန်ကုန်မြို့တော် စည်ပင်သာယာဌာန သို့ ပေးဆောင်၍ နာရေးကူညီမှုလုပ်ငန်းများကို နေ့စဉ်နေ့တိုင်း ပျှမ်းမျှ (၄၅/၅၀) ဦးတို့ကို (အခမဲ့) ဖေးမကူညီသင်္ဂြိုလ်ပေးလျက် ရှိပါသည်။ ထို့အပြင် ရဲမှုခင်းများဖြစ်သော (ရေနစ်၊ ရထားကြိတ်၊ လမ်းဘေးသေ၊ ဆွဲကြိုးချ .... ) စသည့် နာရေးကိစ္စများကိုပါ ထမ်းရွက်ကူညီဖေးမ ပေးလျှက်ရှိသည်။ ယနေ့ ၁၁.၂.၂၀၁၁ (သောကြာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ရသော နာရေး ကိစ္စများတွင် ထူးခြားသော သံဝေဂရစရာ နာရေးလမ်းကြောင်း (၂) ခုကို တွေ့ကြုံခဲ့ရသည်။ 

ပထမဦးစွာ တောင်ဒဂုံမြို့နယ်နေ ဦးကျော်ဝင်း အသက် (၄၂) နှစ်သည် လောကဓံ၏ နှိပ်စက်ခြင်းဒဏ်ကို မခံနိုင်သည့်အဆုံး မိမိကိုယ်မိမိ သစ်ပင်တွင်ကြိုးဆွဲ၍ ဆွဲကြိုးချ အဆုံးစီရင် သွားခြင်းပင်ဖြစ်သည်။ နံနက်အစောပိုင်းတွင် ရပ်ကွက်လမ်းထိပ်သစ်ပင်၌ ဆွဲကြိုးချသေဆုံးနေ ကြောင်း ရပ်ကွက်နေ ရပ်မိရပ်ဖတို့မှတွေ့ရှိပြီး တောင်ဒဂုံရဲစခန်းမှတဆင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အကြောင်းကြား၍ သွားရောက်သယ်ဆောင်ပြီး စံပြဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ရသည်။ (သေဆုံးသူ ဦးကျော်ဝင်းသည် ညပိုင်းအချိန်၌ ဦးမောင်မောင် ဆပ်ကပ်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်ကို မြင်တွေ့ရသည်ဟု ရပ်ကွက်နေ ရပ်မိရပ်ဖများက ပြောကြားခဲ့သည်။)
ဒုတိယ ထူးခြားသော နာရေးလမ်းကြောင်းမှာ စိန်ပန်းမြိုင်(၁)လမ်း၊ ၃၃ ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ဒေါ်လေး (ကရင်ချောင်း)၏ နာရေးလမ်းကြောင်းဖြစ်သည်။ ဒေါ်လေး (ကရင်ချောင်း) သည် ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယိကာမကြီး ဖြစ်သည်နှင့်အညီ လောကဓံ၏ လှည့်စားခြင်း၊ နှိပ်စက်ခြင်းတို့ကို မြတ်စွာဘုရား ဟောကြားခဲ့သော တရားဓမ္မနှင့်အညီ နေထိုင်၊ ကျင့်ကြံ၊ အားထုတ်မှု တို့ကြောင့် အသက် (၁၀၀) နှစ်အထိ သက်တမ်းစေ့ နေထိုင်သွားနိုင်ခဲ့သော အမေကြီးတစ်ဦးပင် ဖြစ်တော့သည်။
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးစုစုပေါင်း (၁၂၅၈) ဦး ရှိခဲ့သည့်အနက် သံဃာတော် - (၂၂)ပါး၊ သီလရှင် - (၆)ပါး၊ ကျား - (၆၈၀)ဦး၊ မ - (၅၃၁)ဦး၊ ကလေး - (၁၅)ဦး၊ ရဲမှုခင်းဆိုင်ရာ - ကျား - (၄) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့သည်။

ထိုကဲ့သို့ နေ့စဉ်နေ့တိုင်း အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းတို့တွင် နာရေးကိစ္စများ အဆက်မပြတ် တွေ့ကြုံဖေးမကူညီမှုများကို လုပ်ဆောင်နေကြရာဝယ် ဦးမောင်မောင်ထွေး ရေးသားထားသော “အသုဘရှုကြွပါ” ဓမ္မဒါန စာအုပ်ငယ်ထဲမှ “လူသေကြီးက မြတ်ဓမ္မ ဟောပြနေ့ တိုင်းသာ၊ ငါသေသလိုလည်း သင်တို့လည်း သေမြဲဓမ္မတာ၊ မသေခင်က ကုသလ ပြုကြဖန်ခါခါ၊” ဟူသော အဖိုးတန်စာပိုဒ်လေးအား အဖန်ဖန်ပွားများ နေမိတော့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။