15 May 2010

စစ်အစိုးရကပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေပါပြီ ရန်ကုန်မြို့ရှိစက်မှုဇုံ၊ပုဂ္ဂလိကဆေးရုံ၊မောလ်များ၊စူပါမားကတ်၊များကို လျှပ်စစ်ဓာတ်အားဖြတ်တောက်လိုက်ပါပြီး

အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်၊ စူပါမားကတ်နှင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းစသည်တို့ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။


အဆိုပါညွှန်ကြားချက်အရ ဓာတ်အားဖြတ်တောက်ထားမည့် ကိစ္စရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများမှတစ်ဆင့် ဓာတ်အားဖြတ်တောက်ခံရမည့် လုပ်ငန်းများထံသို့ အကြောင်းကြားစာများပေးပို့ခြင်းနှင့် ဓာတ်အားဖြတ် တောက်ခြင်းများကို မေလ ၁၄ ရက် နေ့ညနေပိုင်းမှစတင်၍ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ "မြန်မာနိုင်ငံရဲ့ လျပ်စစ်ဓာတ်အားပေးတဲ့သမိုင်းမှာတော့ အဆိုးဝါးဆုံး ဖြစ်ရပ်လို့ဆိုရမှာပါ။ နာဂစ်တုန်းကပျက်တာကို လက်ခံခွင့်လွှတ်လို့ရပေ မယ့် အခုလိုလုံးဝဖြတ်တောက်မျိုးတော့ မဖြစ်သင့်ပါဘူး။ အချိန်အပိုင်းအခြားတစ်ခုနဲ့ ကန့်သတ်မှုမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒီလိုလွဲမှားတဲ့မူဝါဒမျိုးကတော့ မဖြစ်သင့်ဘူး။ စက်မှုဇုန်တွေတင်မဟုတ်ဘဲ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေပါ မီးမပေးတာက လည်း မဖြစ်သင့်ပါဘူး။ ထရန်စဖော်မာတပ်ဆင်ထားတဲ့ လုပ်ငန်းတွေကို ဖြတ်တာဆိုတော့ အခြားလုပ်ငန်းလုပ်မယ့်သူတွေအတွက်လည်း နောက်ဆိုရင် ငွေကုန်ကြေးကြခံပြီး ထရန်စဖော်မာတပ်ဖို့ကိုတောင် စဉ်းစားရတော့မယ်။ ဒီကိစ္စအတွက် စီး ပွားရေးလုပ်ငန်းတွေတင် မဟုတ်ဘဲ၊ ပြည်သူလူထုပါ ထိခိုက်နစ်နာမှာပါ" ဟု Eleven Media Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။



ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုနှင့်ပတ်သက်၍ "ကျွန်တော်တို့ တာမွေမြို့နယ်ထဲမှာတော့ Eleven Media Group ၊ စူပါဝမ်း စူပါမားကတ်၊ ILBC ၊ ရွှေဗဟို အထူးကုဆေးခန်း စတဲ့လုပ်ငန်းတွေ ပါတယ်လို့သိရပါတယ်"ဟု လျှပ် စစ်ဓာတ်အားဖြတ်တောက်မည်ဟု အကြောင်းကြားစာရရှိပြီး ဓာတ်အားဖြတ်တောက်ခံရသည့် တာမွေမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။




ထို့ပြင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု၏ နောက်ဆက်တွဲအနေဖြင့် ဈေးတက်ခြင်း၊ လုပ်ငန်းအချို့ရပ်ဆိုင်းသွားနိုင်ခြင်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်းကဲ့သို့ အများပြည်သူကို ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် အခက်အခဲများ တွေ့နိုင်ကြောင်း သုံးသပ်လျက်ရှိကြောင်း သိရသည်။ ''လျှပ်စစ်ဓာတ် အားဖြတ်တောက်မှုက ဘယ်လောက်ကြာမယ်ဆိုတာ တိတိကျကျမသိရ သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ နေ့စဉ် (၂၄) နာရီလုံးလုံး မီးစက်မောင်းဖို့ အခက်အခဲရှိပါတယ်။ ပုံမှန် အားဖြင့် တစ်နေ့ (၁၆) နာရီဝန်းကျင်ပဲ မီးစက်မောင်းနိုင်တာပါ။ ကျန်တဲ့ (၈)နာရီမှာ လူနာတွေကို ဒီအတိုင်းထားရမလိုဖြစ်နေတယ်။ ဒါပေမယ့် လက်ရှိရာသီဥတုအခြေအနေအပါအ၀င် လူနာတွေရဲ့အသက်အန္တရာယ်အတွက်တော့ ဒီအတိုင်းဆိုရင် အခက်အခဲရှိနေပါပြီ''ဟု စမ်းချောင်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။




"ဓာတ်အားဖြတ်တောက်ခံရတဲ့အတွက် (၂၄)နာရီ မီးစက်နဲ့ လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထုတ်ဝေနေတဲ့ ဂျာနယ်တွေကို လက်ရှိစောင်ရေထက် လျှော့ထုတ်မှရပါတော့မယ်"ဟု Eleven Media Group မှတာဝန်ရှိ သူတစ်ဦးက ပြောပါသည်။




ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးရုံးများမှ ပေးပို့သည့် အကြောင်းကြားစာတွင် (၁၄-၅-၂၀၁၀) မှစ၍ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် (၁၄-၅-၂၀၁၀) မှစတင်၍ ရန်ကုန်မြို့အား ရန်ကုန်မီးပေးပုံစံ (၁၂၉) အတိုင်းဖြန့်ဖြူးသွားရန်ဖြစ်ကြောင်း ပါရှိပါသည်။ ထို့ပြင် အများပြည်သူအား A ၊ B ၊ C အုပ်စု (၃) စုခွဲ၍ နံနက် (၅) နာရီမှ (၁၁) နာရီအထိအုပ်စုတစ်စု၊ နံနက် (၁၁) နာရီမှ ညနေ (၅) နာရီအထိလည်းကောင်း၊ ညနေ (၅) နာရီမှ ည(၁၁) နာရီအထိလည်းကောင်း၊ ည (၁၁) နာရီမှ နံနက် (၅) နာရီအထိလည်းကောင်း အုပ်စုအလှည့်ကျဓာတ်အားပေးသွားရန်နှင့် မြို့နယ်အတွင်းရှိ စက်မှုဇုန်များ၊ အ သေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်များ၊ စူပါမားကတ်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများစသည်တို့အား ဓာတ်အားဖြတ်တောက်ထားရှိရန် ညွှန်ကြားထားကြောင်း ဖော်ပြပါရှိသည်ဟု အဆိုပါစာအား လက်ခံရရှိသည့် လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။




"စက်မှုဇုန်တွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီး မပေးနိုင်တော့ဘူးဆိုပြီး ကျန်ခဲ့တဲ့ (၃)ရက်လောက်က အကြောင်းကြားလာပါတယ်။ စက်မှုဇုန်တွေ ပိတ်လိုက်တာတော့မဟုတ်ဘူး။ တကယ်လို့ လည်မယ်ဆိုရင်လည်း ကိုယ့်စရိတ်နဲ့၊ ကိုယ့်အစီအစဉ်နဲ့လည်ရမယ်။ ကြားတာတော့ ထားဝယ်ဘက်က ဂက်စ်ပိုက်လိုင်းပေါက်တယ်လို့ သိရတယ်။ အခုက မိုးမရွာတော့ ရေလည်းမရှိဘူး။ အဓိကကတော့ မိုးမရွာလို့ ရေမရှိတဲ့ပြဿနာပါ။ ဒါပေမယ့် (၂၄) လက်မပိုက်လိုင်းကတော့ ဆင်ပြီးသွားပြီလို့ သိရတယ်။ ပေးလို့ရတဲ့အဆင့်ရောက်ရင်တော့ ပြန်ရမယ်လို့သိရပါတယ်။ အခုတော့ ရန်ကုန်မြို့ကို အလှည့်ကျစနစ်နဲ့ (၄) သုတ်ခွဲပေးမယ်ဆိုတော့ လုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေကို ရပ်လိုက်ရတာပါ။ လူထုကိုတော့ နဂိုရတဲ့ လျှပ်စစ်မီးပမာဏရဲ့ သုံးပုံတစ်ပုံပေးသွားမယ်လို့ သိရတယ်"ဟု စက်မှုဇုန်တာဝန်ခံတစ်ဦးက ပြောပါသည်။




ရန်ကုန်မြို့အနေဖြင့် မိုးကာလကုန်ဆုံးသည့် နိုဝင်ဘာလမှ မိုးတွင်းမရောက်မီ ဇွန်လခန့်အထိ (၇) လခန့်မှာ နှစ်စဉ် အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အားပေးသည့် ကာလဖြစ်ကြောင်းလည်း သိရသည်။ဤသတင်းအား weeklyeleven တွင်ဖော်ပြ ထားပါသည်.။