14 May 2010

နာရေး ကူညီမှု အသင်း(ရန်ကုန်) ၏ ဆယ့်တစ်မီး ငြိမ်းအေးစေမည့် ရေအလှူ

ဆယ့်တစ်မီး ငြိမ်းအေးစေမည့် ရေအလှူ






















နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့သို့ သွားရောက်ပြီး ဦးစွာ ပဲခူးမြို့ နယ်ခံဖြစ်သော ဦးကျော်ကျော်တို့၏ အစီအစဉ်ဖြင့် ပဲခူးမြို့ပေါ်ရှိ ရေလှူဒါန်းသော နေအိမ်များရှိ သောက်ရေကန်များနှင့် စက်ရေတွင်းများမှ သုံးရေ သောက်ရေများကို အသင်းမှ ငှားရမ်းထားသော ၂၂ ပေ အရှည်ရှိ ဟီးနိုးကားကြီးဖြင့် မိမိတို့ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများဖြင့် ရေဂါလံပေါင်း ၂၀၀၀ ကျော်ကို ဖြည့်ဆည်းပြီး ယင်းနေ့ နံနက်ပိုင်းတွင် က၀မြို့နယ် ကျေးရွာများရှိ ရေဘေးဒုက္ခသည်များဆီသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ နေ့လည်ပိုင်းတွင်လည်း ရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ထပ်မှန် သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရေဘေး ဒုက္ခသည်များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ၁၁ မီး ငြိမ်းအေးစေရန် ရည်ရွယ်ပြီး ၁၁၀၀,၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ် တိတိ)ကို မတည် လှူဒါန်းငွေအဖြစ် စတင်ပြီး အလှူရှင်များ မှလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်တို့ ဦးဆောင်ပြီး အသင်းသူ အသင်းသားများနှင့် နယ်ခံ လုပ်အားပေး လူငယ်များမှလည်း တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။

ပဲခူးမြို့ပေါ်တွင် ခရီးတစ်ထောက်နားစဉ် မြို့ခံပြည်သူလူထု များမှလည်း လှိုက်လှဲစွာ ကြိုဆိုပြီး ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်၊ နယ်ခံတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သံဃာတော် တစ်ချို့မှလည်း လာရောက်ပြီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပါသည်။

(ရေလှူဒါန်းခြင်း အတွေ့အကြုံများနှင့် ခံစားချက်များကို ထပ်မံ တင်ပြသွားမည် ဖြစ်ပါသည်။)

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။