04 November 2009

မလေးရှား UNHCR ၏ လုပ်ထုံးလုပ်နည်းအသစ်များအကြောင်း



မလေးရှား UNHCR ၏ လုပ်ထုံးလုပ်နည်းအသစ်များအကြောင်း

ကျနော်တို့မြန်မာနိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေက ချယ်လှယ်အုပ်စိုးပြီး ပြည်သူပြည်သား မြန်မာတိုင်းရင်း သား လူမျိုးစုအားလုံးကို ဖိနှိပ်ညဉ်းပန်းနေတဲ့အတွက် ကျနော်တို့ဟာ နိုင်ငံတကာကို နည်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပါတယ်။ ပြည်ပနိုင်ငံအားလုံးဟာ ကိုယ့်နိုင်ငံထက်စာရင်တော့ တရား မျှတမှုနဲ့ လူ့အခွင့်ရေးတွေရှိနေလိမ့်မယ်လို့ ယုံကြည်ချက်တွေထားပြီး စွန့်စွန့်စားစား ပြေးလာကြသူ တွေပါ။ ထိုင်း၊ မလေးရှား နဲ့ အခြားနိုင်ငံများကို ရောက်လာကြတဲ့ သိန်းပေါင်းများစွာသော မြန်မာပြည် သားတွေဟာ အဲဒီနိုင်ငံတွေမှာ နေထိုင်လုပ်ကိုင်ရင်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ဖမ်းဆီးထိမ်းသိမ်း မှု လူ့အခွင့်အရေးထိပါးနှောင့်ယှက်မှုတွေကို ဆက်လက်ကြုံတွေ့လာရတဲ့အခါ ကမ္ဘာပေါ်ကတရားအမျှ တဆုံး အဖွဲ့အစည်း UNITED NATION ရဲ့ UNHCR သည်သာ မြန်မာဒုက္ခသည်တို့ရဲ့တခုတည်းသော ခိုလှုံအားကိုးရာ ကယ်တင်ရှင်အဖြစ်လာခဲ့ရပါတယ်။ ကျနော်တို့မလေးရှားနိုင်ငံရောက် မြန်မာပြည်သား တွေအနေနဲ့ အဲဒီ ကယ်တင်ရှင်ကြီးအကြောင်းဖော်ပြလိုပါတယ်။


(၁) ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ မြန်မာပြည်သားတွေကို OPI စာရင်းတင်သွင်းပြီး အကူအညီတောင်းခံခွင့်
(၂) ကျန်းမာရေးဆိုးဝါးသူနဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် ခိုလှုံခွင့်။
(၃) သတ်မှတ်ထားတဲ့မူ(၅)ချက်နဲ့ ညီညွတ်သူများအတွက် ခိုလှုံခွင့်။
(၄) မြန်မာတိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးကို ဒုက္ခသည်အဖြစ် အလှည့်ကျခေါ်ယူ လက်ခံ ပေးနေတဲ့ ခိုလှုံခွင့်။

အထက်ပါအချက်(၄) ချက်အတိုင်း ၂၀၀၃ / ၂၀၀၄ /၂၀၀၅ ခုနှစ်တွေဟာ တရားမျှတစွာ လူသားချင်းစာနာဆောင်ရွက်ပေးတဲ့အတွက် UNHCR ဌာနကို ထိစပ်ဆက်သွယ်လာတဲ့ မြန်မာနိုင်ငံ သားတိုင်း လူမျိုးမရွေး ဘာသာမရွေး ဒုက္ခသည်ခိုလှုံခွင့်တွေ ရခဲ့ကြပါတယ်။ဒီလိုဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူတွေဟာ လုံခြုံမှုကင်းမဲ့ခြင်းတွေ အထိုက်အလျောက် လျော့ပါးသွားတဲ့အတွက် စိတ်ဖိစီးမှုဒဏ်တွေကနေ လွတ်မြောက်လို့ မိမိကိုယ်ကိုမိမိ ယုံကြည်စွာ နေထိုင်ခွင့်များ ( ဒုက္ခသည် သိန်းပေါင်းများစွာထဲမှ သောင်းဂဏန်းတချို့) ရရှိခံစားခဲ့ကြရပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး UNHCR အသိုင်းအ၀ိုင်းမှာ ‘မင်းတို့ဗမာလူမျိုးတွေကို စစ်တပ်ကမနှိပ်စက် ပါဘူး’ ဆိုတာတွေနဲ့ ‘ နိုင်ငံရေး အတ္ထုပ္ပတ္တိဆိုရင် UN လက်မခံဘူး ‘ ဆိုတဲ့ အသံတွေ စတင်ကြားလာရ ပါတယ်။ တဆက်တည်းသလို ၂၀၀၈ မှာတော့ လူမျိုး / ဘာသာခွဲခြားမှုတွေကို ထင်ထင်ပေါ်ပေါ်ကြီး ကို သူတို့ UN အရာရှိတို့ကို ကိုယ်တိုင်မဟုတ်ရင်တောင် စကားပြန်တွေကတဆင့် လုပ်ဆောင်လာကြ ပါတော့တယ်။ ဖမ်းဆီး ထိမ်းသိမ်းခံထားရတဲ့ မြန်မာလူမျိုးတွေကို ကန့်တွေထဲကလာကယ်ထုတ်တဲ့ အခါ ဗုဒ္ဓဘာသာဝင် မြန်မာတွေကို စစ်ဆေးပြီး ချန်ထားခဲ့ခြင်းနဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်နဲ့ ရိုဟင်ဂျာ တချို့ကိုသာ ရွေးထုတ်ခေါ်ယူပါတော့တယ်။ NLD, BRO, ALD,DPNS အစရှိတဲ့ နိုင်ငံရေးနဲ့ မြန်မာဒုက္ခသည်အဖွဲ့အစည်းဝင်တွေကို UNHCR ဌာနမှာ ဘယ်နှစ်ကြိမ်ပဲတင်တင် ဘယ်လိုပဲလျောက် ထားလျောက်ထား ဖုန်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ပါဘူး။

ကျန်းမာရေးနဲ့လျောက်ထားသူတွေဆိုရင်လည်း HIV လိုရောဂါသည်မျိုးကိုတောင် လူမျိုး / ဘာသာခွဲခြားမှုတွေရှိလာပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ဒုက္ခသည်မူ(၅)ချက်ဟာ နိုင်ငံရေး၊ စစ်ရေး၊ လူ့အခွင့်အရေး လူမျိုးရေး ဘာသာရေးဆိုတာတွေ ဖြစ်ပါလျက်နဲ့ နိုင်ငံရေးသမားတွေကို REJECT လုပ်တာမျိုးတွေနဲ့ MOBILE လို့ခေါ်တဲ့ အဖွဲ့လိုက်နယ်မြေ ဆင်းပေးနေတဲ့ မှတ်ပုံတင်ခွင့်တွေမှာလည်း မြန်မာအဖွဲ့အစည်းတွေ တခုမှ မပါဝင်သေးပါဘူး။

ကြာလာတော့လည်း အမှားတွေကို အမှန်မထင်မခံနိုင်တဲ့အတွက် UNHCR ( မလေးရှား) ရဲ့လုပ်ထုံးလုပ်နည်းအသစ်များ ကမ္ဘာသိဖို့ လိုအပ်နေပြီထင်ပါတယ် ။ လူသားအားလုံး မျော်လင့် တောင့်တနေတဲ့ ငြိမ်းချမ်း၍တရားမျှသော ကမ္ဘာသစ်ကြီးကိုတည်ဆောင်ရာမှာ ဦးဆောင်နေတဲ့ UNHCR လိုအဖွဲ့အစည်းမျိုးရဲ့ ရိုးသားတဲ့နွေးထွေးမှုများကို ကျနော်တို့မြန်မာဒုက္ခသည်များက တောင့်တ မျှော်လင့်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင့်နီ (မလေးရှား)