
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Right Watchက ကျင်းပပြုလုပ်ပေးတဲ့ ဆုပေးဂုဏ်ပြုတဲ့ အခမ်းအနားတွေကနေ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အရေးကြီးကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို ထိထိရောက်ရောက် ပြောခွင့်ရခဲ့တယ်လို့ ဆုရရှိသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။ ကိုဘိုကြည်ဟာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ချီးမြှင့်တဲ့ Alison Des Forges Award ဆုကို ဒီနှစ်အတွက် ရရှိခဲ့ပြီး ဒီဆုအတွက် ဂုဏ်ပြုအခမ်း အနားကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အင်္ဂလန်၊ ဂျာမဏီနဲ့ ဆွစ်ဇလန် ဥရောပ ၃ နိုင်ငံမှာ ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ ဆုအခမ်းအနားကျင်းပပုံနဲ့ သူ ဆုရရှိတဲ့အပေါ် ကိုဘိုကြည် က ပြောပါတယ်။
“လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ၂ဝဝ၉ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူဆုကို ဆက်ပြီး ကျနော့်ကို ပေးပါတယ်။ ၂ဝဝ၈ ကလည်း ကျနော်ရတယ်။ ဒီနှစ်ပေးတဲ့ဆုက ထူးထူးခြားခြား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှာ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ အယ်လီဆန်ဒီဖို့ဆိုတဲ့ အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို ထုတ်ဖော် ပြောကြားတဲ့အတွက်ရော၊ လူ့အခွင့်အရေးတွေကို စွမ်းစွမ်းတမံ စွမ်းဆောင်တဲ့အတွက်ရော ဒီဆုကို ပေးပါတယ်။

“ဆုပေးပွဲအခမ်းအနားက နိုဝင်ဘာ ၈ ရက်နေ့မှာ ဂျာမနီနိုင်ငံ ဟားဗတ်မြို့ မှာ ပထမဆုံး စလုပ်တယ်။ နောက် မြူးနစ်မှာ လုပ်တယ်။ လန်ဒန်မှာ နိုဝင်ဘာ ၁၂ ရက်နေ့က လုပ်တယ်။ မနက်ဖြန်ဆိုရင် ဂျနီဗာမှာ လုပ်ပါမယ်။ သူတို့ ဆုပေးပုံက နည်းနည်းထူးဆန်းတယ်။ အခမ်းအနားကို တနေရာတည်းမှာ လုပ်ပြီး ဂုဏ်ထူးဆောင် ကတ်ပြားပေးတာ မဟုတ်ဘဲ အဲဒီမှာ ရှိနေတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ပြီး ကျနော့်ရဲ့ လုပ်ဆောင်ချက်တွေ ပြောမယ်၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောမယ်။ ဘာကြောင့် ဆုပေးရတယ် ဆိုတာကို ရှင်းပြမယ်။ ပြီးရင် အဲဒီလူတွေအကုန်လုံးက ဂုဏ်ပြုတဲ့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ ပေးရက်စပက် ပုံစံမျိုးနဲ့ လုပ်မယ်။”
Alison Des Forges Award ဆုဟာ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကို ဦးဆောင် လုပ်ကိုင်ခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီမှာ လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့သူ Alison Des Forges Award ကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံးနှစ်အဖြစ် စတင် ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ ကိုဘိုကြည် ဟာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ချီးမြှင့်တဲ့ ဆုတွေကို ၂ နှစ် ဆက်တိုက် ထူးထူးခြားခြား ချီးမြှင့်ခံရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို တက်ရောက်တဲ့သူတွေဟာ ထူးထူးခြားခြား ချမ်းသာတဲ့သူတွေ များပြီး မြန်မာနိုင်ငံအကြောင်း ပိုမိုစိတ်ဝင်စားလာကြကာ မြန်မာနိုင်ငံကို သွားလည်ဖို့ အစီအစဉ် လုပ်တာတွေတောင် ရှိတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။
“ပွဲတပွဲမှာ အနည်းဆုံး ၃ဝဝ၊ ၄ဝဝ လောက် တက်တာတွေ ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့တွေ ကျနော်ထိတွေ့ခွင့်ရတယ်။ဂျာမန်မှာဆိုရင် ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိတွေ့ခွင့်ရမယ်။ လန်ဒန်မှာဆိုရင် အမေရိကန်စစ်တပ်က စစ်ဗိုလ်တယောက်ပါ လာတက်တာ ကျနော်တွေ့ရတယ်။ အဲဒီမှာ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးက အရေးကြီးကြောင်းနဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဘာကြောင့် လုပ်ဆောင်နေရတယ်ဆိုတဲ့ အကြောင်းတွေ သေသေချာချာ ရှင်းပြနိုင်တယ်။ သူတို့အနေနဲ့ သူတို့ အစိုးရပိုင်းတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက အရေးကြီးတယ် ဆိုပြီး ပိုပြီး ဖိအားတွေ ပေးလာလိမ့်မယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။”


ကိုဘိုကြည် နှင့် ဇိုရာဖန်း ( ဖဒို မန်းရှာ ၏ သမီးငယ်)
သတင်း..DVB...။ဓာတ်ပုံ.....မြတ်လေးငုံ အားပေးပို့ပေးသောသူငယ်ချင်း ကိုလူချော..။