27 June 2013

မုံရွာမြို့ပေါ်တွင် လျှပ်စစ်မီးဖြတ်တောက်ထားမှုများကြောင့် အုပ်စုဖွဲ့၍ ရိုက်နှက်မှုများဖြစ်ပွားရာ တက္ကသိုလ် ကျောင်းသား တစ်ဦးသေဆုံး


မုံရွာမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်သည့် အချိန်ကိုရောက်ပြီဖြစ် သော်လည်း လျှပ်စစ်မီးပေးဝေဖြန့်ချီခြင်းမှာ စနစ်မကျသောကြောင့် အမှောင်ရိပ်ခိုကာ အုပ်စုဖွဲ့၍ ရိုက်ပွဲများဖြစ်ပွား လျက်ရှိကြောင်း သိရသည်။
“ မနေ့ကလည်း သလ္လာမြို့သစ်ရပ်ကွက် ကျောက္ကာလမ်းမှာ အမှောင်ရိပ်ခိုပြီး ရိုက်ပွဲတစ်ခုဖြစ်ပွားတယ်။ တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးပြီး နှစ်ဒဏ်ရာရရှိခဲ့တယ်။ အခုလည်း လျှပ်စစ်မီးတွေက ဖြတ်တောက် ထားပြန်ပြီ ဆိုင်ကယ်စီးပြီးသွားလာနေတဲ့ လူငယ်တစ်စုက တုတ်တွေနဲ့တဲ့..” ဟု အလုပ်ပြန်လာသူ ဘုန်းစိုးရပ် ကွက်သူတစ်ဦးက ဆိုသည်။
မှုခင်းဖြစ်ပွားရခြင်းဟာ လျှပ်စစ်မီးအလုံအလောက်မရရှိခြင်းနှင့်လည်း သက်ဆိုင်နေကြောင်း၊ မီးဖြတ် တောက်ထားခြင်းသည် မှုခင်းဖြစ်ပွားရန် အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်း စီးပွားရေး တက္ကသိုလ် ကျောင်းမှ ၀န်ထမ်းတစ်ဦးကလည်း ပြောဆိုသည်။
လျှပ်စစ်မီးပြတ်တောက်ထားခြင်းသည် ပြည်သူလူထုကအား အသိပေးအကြောင်းကြားထားခြင်းမရှိသည့် အတွက် စည်းကမ်းမဲ့ဖြတ်တောက်ရာရောက်ကြောင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် မရှိလျင်မရှိသကဲသို့ လက်လွတ် စပယ်ပြုလုပ်လေ့ရှိကြောင်း၊ ယခုလူသတ်မှုတွင်လည်း ပထမဆုံးတရားခံမှာ လျှပ်စစ်မီးဖြတ်တောက်ထားသည့်အ တွက်ဖြစ်ကြောင်း၊လူမှုကွန်ယက် အင်တာနက်စာမျက်နှာများပေါ်တွင် လျှပ်စစ်မီးမလာခြင်းကိစ္စနှင့် ပတ်သက်၍ အတန်တန် အကြံပြုခဲပသော်လည်း အပြန်အလှန်လေးစားလိုက်နာခြင်းမရှိသည့်အတွက် ဤကဲသို့ မှုခင်းများဖြစ်ပေါ်ခဲ့ရသည်ဟု မြိုကခံပြည်သူလူထုမှ လျှပ်စစ်ဝန်ကြီး သိရှိစေနိုင်ပါရန် ပေးပို့လိုက်သည်။
 
 Monywa Times

24 June 2013

အကူအညီလိုအပ်နေသူ









အကူအညီလိုအပ်နေသူ

Ready made ဘိနပ်၊ပုဆိုး၊စောင်၊အင်္ကျိ၊ဘယ်ဟာမှအဆင်မပြေပါ။


ကိုဝင်းဇော်ဦး အသက်(၃၆)နှစ် အရပ် ( ၇ ပေ ၁၁ လက်မ)

ဖ၀ါး(၁၃ခွဲ) အလှူရှင် လိုအပ်နေပါသည်။

မိတ်ဆွေများ Share လုပ်ပေးကြပါ။

အလှူရှင်များဆက်သွယ်ရန်

ဦးပေါဌေး ၊အုပ်ချုပ်ရေးမှူး ၊နတ်မောက်မြို့ နယ်

ထုံးပေါက်ချိုင်းကျေးရွာ (၀၉၄၀၁၆၄၀၇၅၂)

20 June 2013

“ဂုဏ်အယူရဆုံးခွဲစိတ်မှု”

2012 January 1965 batch IM 1 students reunion တွင် စာပေစိစစ်ရေးမတင်ဘဲ ပုံနှိပ်ထုတ်ဝေခဲ့သော အမှတ်တရစာအုပ်မှ OG Dr Daw Khin Win Kyu ၏ဆောင်းပါး

၁၉-၉-၂၀၀၃ခုနှစ်(သောကြာနေ့) ဒီရက်ကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှ မေ့နိုင်တော့မည် မထင်ပါ။ ကျွန်မအတွက် ထူးထူးခြားခြား ရင်တွေခုန်ရသောနေ့ စိတ်လှုပ်ရှားရသောနေ့လေးတစ်နေ့ဖြစ်ပါသည်။ မီးယပ်သားဖွား အထူးကုဆရာဝန်တစ်ယောက်အဖြစ် အနှစ်(၂၀)ကျော် လူနာများကို ခွဲစိတ်ပေးခဲ့ရသော သက်တမ်းတစ်လျောက် ဒီနေ့လောက် ခွဲရမည့်လူနာအရေးတွေးပြီး စိတ်မလှုပ်ရှားခဲ့ဖူးပါ။ သူမအား ခွဲပေးရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်မှု အောင်မြင်ဖို့ ကိုလည်း နေ့တိုင်း အချိန်ပြည့် ဆုတောင်းနေမိပါသည်။
အဘယ်ကြောင့်မူ ကျွန်မခွဲပေးရမည့်သူကတော့ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင် ပေးခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပါသည်။ ကျွန်မတို့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အစ်မဒေါ်အောင်ဆန်းစုကြည်ကို မခွဲစိတ်မီ တစ်ရက်အလိုမှ ကျွန်မက မမအား တွေ့ဆုံခွင့်ရခဲ့ပါသည်။ ကျွန်မတို့ ခွဲစိတ်မည့် team တစ်ခုလုံးနှင့် မမ တွေ့ဆုံခဲ့ရတာပါ။ မမက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်(၉)ထပ်ရှိ အခန်း(၉)တွင် တက်ရောက်ခဲ့ပါသည်။ ယခုကိုယ်တိုင်တွေ့ကာ စကားပြောခွင့်ရခဲ့ရာတွင် ကျွန်မ သတိထားမိသည်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်တူပြီး စကားပြောရာတွင် လိုရင်းတိုရှင်း ချက်ချက်ချာချာရှိကာ ပညာတတ် ပီသလှပါသည်။
တိုးတက်အောင်မြင်နေသော အနောက်နိုင်ငံကြီးများတွင် ဆေးကုသမှုခံယူလျှင် အစစအရာရာ သာလွန် ကောင်းမွန်မှန်းသိသော်လည်း မြန်မာပြည်အရေးအတွက် သူမမှာ သမိုင်းပေးတာဝန်များစွာရှိနေသဖြင့် ပြည်တွင်းမှာပင် ဆေးကုသမှုခံယူရန် မမက ဆုံးဖြတ်ခဲ့သည်ကိုလည်း ကျွန်မ နားလည်မိပါသည်။ ထို့အပြင် မြန်မာပြည်တွင် ကျွန်မထက် များစွာဆေးပညာရော၊ experience ပါ သာလွန်သော၊ ကျွမ်းကျင်စွာ ခွဲစိတ်နိုင်သော ဆေးပညာရှင် ပါရဂူကြီး အများအပြားရှိပါလျက် ကျွန်မကိုမှ ယုံကြည်စွာ ခွဲစိတ်ပေးပါရန် တောင်းဆိုခံရခြင်းအတွက် ကျွန်မမှာ လွန်စွာကြည်နူးဂုဏ်ယူခဲ့ရပါသည်။ ထိုခဏတွင်ပင် ကျွန်မ မိဘနှစ်ပါးနှင့် ဆရာသမား အားလုံးကိုလည်း သတိတရ ကျေးဇူးတင်မိပါသည်။ ကျွန်မကလည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည်ဟု သန်္နိဌာန် ချလိုက်ပါတော့သည်။ ရှေးရေစက်ကြောင့်သာ ကျွန်မက မမကို ခွဲစိတ်ကုသပေးခွင့်ရခြင်း ဖြစ်မည်ထင်ပါသည်။
Operation တိုင်း၌ Unexpected complications မမျှော်လင့်သော ခက်ခဲမှုဆိုတာ ရှိတတ် မှန်းသိနေသော ကျွန်မအဖို့ အထင်ကရ မမလို patient တစ်ယောက်ကို operation လုပ်ရတော့မှာ ဆိုတော့ ပိုပြီးစိတ်ပူ၊ ရင်ပူမိတာ အမှန်ပါ။ ထိုစဉ်က မမသည် “ဒီပဲယင်း” အရေးအခင်းအပြီး အကျယ်ချုပ်ကျ နိုင်ငံရေးသမားဘ၀၊ မည်သူနှင့်မျှ တွေ့ဆုံစကားပြောခွင့်မရ၊ မြန်မာနှင့်ကမ္ဘာကလည်း မမကို လွတ်မြောက်စေချင်သော ဆန္ဒအပြည့်နှင့် မမအား မျက်စိဒေါက်ထောက် ကြည့်နေကြသော အချိန်ကာလ၊
မမ တစ်ခုခုဖြစ်သွား၍မရ၊ မမကို သြဇာအာဏာရှိသော မျိုးချစ်ခေါင်းဆောင် ဖြစ်စေချင်နေတာက လူအများစုရဲ့ဆန္ဒ၊ ဒီလိုပုဂ်္ဂိုလ်မျိုးကို ခွဲစိတ်ကုသပေးရမည့်ကိစ်္စမှာ ကျွန်မအတွက် အလွန်ကြီးလေးသော တာဝန်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ခွဲစိတ်ရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်ကုသမှု ချောမောအောင်မြင်၍ မမကျန်းကျန်းမာမာရှိနေစေရန် နေ့စဉ်ဆုတောင်းပေးလျက် နေမိပါသည်။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့နံနက် မမကို အာရှတော်ဝင်ဆေးရုံ၌ ခွဲစိတ်ရန် အိမ်မှ မထွက်ခွာမီကပင်၊ MBBS နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲ ဖြေရစဉ်နှင့်ထပ်တူ ရင်တုန်နေမိခဲ့ပါသည်။ ခင်ပွန်းဖြစ်သူအားလည်း ခွဲစိတ်မှုအခက်အခဲမရှိ၊ ပြီးဆုံးအောင်မြင်ရန် ဆုတောင်းပေးနေပါဟု မှာခဲ့ပါသည်။ ကျွန်မအား မကြောက်မရွံ့ ခွဲစိတ်ကုသရန်၊ နိုင်ငံရေးစိတ်အပြည့်နှင့် အားပေးခဲ့သော ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား ခွဲစိတ်သည့်အချိန်က Asia Royal Operation Theatre အတွင်းရှိ ကျွန်မတို့ Surgical team အားလုံး ( Surgeon ကျွန်မ၊ First Assitant Surgeon ဒေါက်တာဦးတင်မျိုးဝင်း၊ Second Assitant Surgeon ဒေါက်တာပြုံးမိုအိ၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးဟုတ်ဝမ်၊ ဆရာကြီး၏သမီး မေ့ဆေးအကူ ဒေါက်တာကြည်ကြည်ထွန်း၊ သူနာပြုအုပ် အပါအ၀င် သူနာပြုများအားလုံး)၏ စိတ်တွင်း၌လည်း ကျွန်မနှင့်ထပ်တူ စိတ်ပူပန်၍ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းနေကြမည်မှာ မလွဲပါ။
မမက တိုင်းပြည်ပေါ်ထားသောစေတနာ၊ ကျွန်မတို့က မမအပေါ်ထားသော စေတနာရောင်ပြန်ဟပ် သည်ဟု ထင်မိပါသည်။ ထို့နေ့က ခွဲစိတ်ကုသမှု အခက်အခဲမရှိ ချောမောစွာအောင်မြင်ခဲ့ပါသည်။ ကျွန်မတို့ တစ်ဖွဲ့လုံးသာမက ဆေးရုံတစ်ခုလုံး ၀မ်းသာပျော်ရွှင်ခဲ့ကြပါသည်။ Biopsy result အသားစ စစ်ဆေးမှုကလည်း Malignancy ကင်ဆာမဟုတ်သည့်အတွက် မမဒေါ်အောင်ဆန်းစုကြည် အလွန် ကံကောင်းသည်လို့ ဆိုရပါမည်။
မမဒေါ်အောင်ဆန်းစုကြည်က ခွဲစိတ်မှုမပြုမီကတည်းက အများတန်းတူ ခွဲစိတ်ခကိုယူပါရန် တောင်းဆို ခဲ့ပါသည်။ ခွဲစိတ်ပြီးသည့်အခါလည်း ဒေါက်တာပြုံးမိုအိက Opertion fee ခွဲစိတ်ခဟု ဆိုကာ စာအိတ် တစ်အိတ်ကိုပေးရန် ကြိုးစားခဲ့ပါသည်။ ကျွန်မဘယ်လိုမှ အခကြေးငွေယူရန် စိတ်ကူးထဲမှာပင် မပေါ်ခဲ့ပါ။ ကျွန်မဘက်က မမလို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တိုင်းပြည် အကျိုးဆောင်ရွက်နေသည့်သူထံမှ ငွေတစ်ပြားတစ်ချပ်မှ ရယူလိုစိတ်မရှိပါ။ ယခုကဲ့သို့ ကုသပေးခွင့်ရသည်ကိုပင် ဂုဏ်ယူဝမ်းသာလှပြီဖြစ်ရာ ထိုစာအိတ်ကို လက်မခံခဲ့ပါ။ နောက်ထပ် မည်သို့ကူညီပေးနိုင်ဦးမလဲဟုသာ စေတနာအပြည့်အ၀နှင့် တွေးဆမိပါသည်။
ထို့နေ့ ည(၉)နာရီခန့်တွင် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ အာရှတော်ဝင်ဆေးရုံတွင် မမကို သွားကြည့်ရာ ကျွန်မမှာ မမအား များစွာကရုဏာသက်မိပါသည်။ မမအနားတွင် သွေးချင်းသားချင်းလည်း တစ်စုံတစ်ယောက်မျှမရှိပါ။ ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းနေသော မမကို ကျွန်မက နေကောင်းပါရဲ့လားဟု မေးရာတွင် I feel very uncomfortable ဟုပြန်ဖြေပါသည်။ လက်မှာ drip တန်းလန်း ရှိနေသကဲ့သို့ ဆီးပိုက်တန်းလန်းနှင့်ဖြစ်ပြီး တစ်နေကုန် အစာမစားထားရလျက် အိပ်ဆေးများဒဏ်ကြောင့် မူးဝေနေသည့်အပြင် ခွဲစိတ်ခံထားရသဖြင့် နာကျင်နေမည်မလွဲပါ။ မှန်ပါသည်။ မမခံရခက်နေမှာ အသေအချာပင်။ မမက နာသည်ဟု တစ်ခွန်းမျှ မဆိုပါ။ ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာနာမိပါသည်။ ခင်ပွန်းနှင့်သားများ အနားမှာ မရှိသကဲ့သို့ ဆွေမျိုးများပင် အနားမှာ မရှိချေ။ ကျွန်မသာဆိုလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျလောက်ပေပြီ။ မမကမူ မျက်စိမှိတ်မှိန်းနေရုံသာ ညည်းလည်းမညည်းချေ။ ဒေါက်တာ တင်မျိုးဝင်းနှင့်တိုင်ပင်ကာ အနာလည်းသက်သာ စိတ်ဖိစီးမှုလည်းမရဘဲ အိပ်ပျော်နိုင်ရန် Injection pethidine ကို ထိုးပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။
ထိုညက ကျွန်မအိမ်သို့ ညီအစ်ကိုမောင်နှမများ အပြေးအလွှားရောက်လာကြပါသည်။ ကျွန်မက သူတို့ အား ဘာမျှတင်ကြိုမပြောထားသော်လည်း ပြင်ပမှသတင်းများကြောင့် ကျွန်မက မမဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပေးမှန်းသိသွားကြသဖြင့် ကျွန်မအတွက်လည်း ဂုဏ်ယူဝမ်းသာ၊ မမဒေါ်အောင်ဆန်းစုကြည်အတွက် လည်း စိတ်ပူပန်ပြီး ရောက်လာကြခြင်း ဖြစ်ပါသည်။ ကျွန်မသည်လည်း ခွဲစိတ်မှုအားလုံးအနက် မမအား ခွဲစိတ်ပေးသော ခွဲစိတ်မှုသည် ဂုဏ်အယူရဆုံးခွဲစိတ်မှု ဖြစ်ပါသည်။ အသံလွှင့်သတင်းဌာနအချို့၏ ကြေငြာချက်ကြောင့် ၄င်းသတင်းကို သိရှိကြသည့် ဆွေမျိုးတစ်ချို့နှင့် သူငယ်ချင်းတစ်ချို့ကလည်း တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ပါသည်။
ခွဲစိတ်မှုအပြီး (၇)ရက်တိတိ တစ်နေ့လျှင် တစ်နာရီမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ရခဲ့ပါသည်။ ခွဲစိတ်မှုအပြီး First post-op day တွင်ပင် မမမှာ အားတက်သရော စကားပြောနိုင်နေပါပြီ။ ဆီးပိုက်၊ drip ပိုက်များဖြုတ်လိုက်ကာ ရေပတ်တိုက်အပြီးတွင် မမမှာ လန်းဆန်းပြီး လူကောင်းပတိအသွင်ဖြင့် ထထိုင်ကာ စကားများပြော၊ အစာများ စားနိုင်လာပါသည်။ ဆေးရုံမှ သူနာပြုက (Sponging) ကိုယ်ပတ်တိုက် ပေးရန် လာသည့်အခါတွင်လည်း “မမက sponging တို့ nursing care တို့ ကောင်းကောင်းလုပ်တတ်တယ်။ မမခင်ပွန်းနဲ့ ကလေးတွေ နေမကောင်းရင် ကိုယ်တိုင်လုပ်ပေးတာ။ မေမေ့ကိုလည်း မမက လုပ်ပေးခဲ့တာပဲ။ ဆရာမတို့ လုပ်ပေးဖို့မလိုပါဘူး” ဟုပြန်ပြောခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းရော ကျွန်မတို့အားလုံးကပါ မမမှာ လူနာဖြစ်နေသဖြင့် ကိုယ်တိုင် လုပ်ရန် မသင့်ကြောင်းပြောမှ Sister မှ Sponging လုပ်ပေးသည်ကို လက်ခံပါသည်။ နောက်နေ့မှစကာ တစ်စစ မမ တိုးတက်ရွှင်လန်းလာခဲ့ပါသည်။
ဆေးရုံပေါ်မှာ ရှိနေစဉ်အတွင်း နိုင်ငံခြားသံရုံးများနှင့် စေတနာရှင်များက သစ်သီးခြင်း၊ မုန့်ပုံး စသည်ဖြင့် လက်ဆောင်များပေးပို့ကြပါသည်။ ဆေးရုံအတွင်း ၀င်ခွင့်မရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ လူငယ်များ၊ ကျောင်းသားကျောင်းသူများက ဆေးရုံပြင်ပတွင်စောင့်ကာ မေတ္တာပို့သကြသကဲ့သို့ စက္ကူငှက်ရုပ်လေးများချိုးကာသီပြီး မမဆီ ပေးပို့ကြပါသည်။ မမမှလည်း သူ့ကိုပေးသော မုန့်များကို ဆေးရုံအပြင်မှ ပရိသတ်အတွက် ပြန်လည်ဝေငှပေးခဲ့ပါသည်။ သူ ဆေးရုံ တက်နေရသည့်အခန်းမှာ သာမည ဆရာတော်ကြီး တက်ရောက်သီတင်းသုံးခဲ့ဖူးသည့် အခန်းလည်းဖြစ်ကာ ရွှေတိဂုံစေတီတော်အားလည်း မြင်တွေ့ ဖူးမြော်နိုင်သည့်အတွက် သဘောကျကြောင်းလည်း ပြောပြခဲ့ပါသည်။
မမ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပြီး နောက်ပိုင်းတွင် ကျွန်မမှာ အလွန်မျက်နှာပွင့်လန်းခဲ့ရပါသည်။ ပုဂ္ဂလိကဆေးရုံများသို့ ကျွန်မခွဲစိတ်ထားသော မွေးလူနာများအား ကြည့်ရန်ရောက်သည့်အခါ အခြားသော သားဖွားမီးယပ်ဆရာဝန်ကြီးများအပါအ၀င် ဆရာဝန်ကြီးငယ်များ၏ ၀မ်းပန်းတသာ ချီးကျူးဂုဏ်ပြုမှုများကို ကြုံရပါသည်။ အသက်ဝါကြီးသော ဆရာ၊ ဆရာမကြီးများ၏ ချီးကျူးမှုခံရသကဲ့သို့ ရွယ်တူဝါတူများမှလည်း နောင်ကို ယခုကဲ့သို့ ကူညီစရာလိုလျှင် သူတို့အားလည်း အသိပေးစေလိုကြောင်း စသဖြင့် ပြောဆိုကြသကဲ့သို့ မမ၏ရောဂါ အတိမ်အနက်အတွက် စိုးရိမ်ပူပန်စကားများ ဆိုခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်မတို့ကို စာသင်ပေးခဲ့ကြသည့် ကျွန်မလေးစားရသော ဆရာကြီး ပါမောက္ခဦးလှမြင့်(အဘ)နှင့် ဆရာမကြီး ပါမောက္ခ ဒေါ်မြမြတို့ကိုယ်တိုင်က ပခုံးဖက်ကာ လက်ဆွဲ နှုတ်ဆက်ကာဖြင့် ချီးကျူးကြသည်ကို ခံရသည့်အခါ ကျေနပ် ဂုဏ်ယူရသကဲ့သို့ များစွာလည်း ပီတိဖြစ်ရပါသည်။ ထို့ပြင် ကျွန်မတို့ ပညာတတ်ဆရာဝန်များ၏ ရင်ထဲတွင်လည်း မမဒေါ်အောင်ဆန်းစုကြည်အား မည်မျှယုံကြည်လေးစား အားကိုးကြောင်းကိုလည်း သတိထားမိရပါသည်။
ခွဲစိတ်မှုအပြီး တစ်လအကြာတွင် မမကို သူမ၏ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် ထပ်မံပြီးတွေ့ဆုံခွင့် တစ်ခါရခဲ့ပါသည်။ မမ၏ဧည့်ခန်းတွင် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကြီး၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ ခင်ပွန်း၊ သား(၂)ယောက်၊ ချွေးမ(၁)ယောက်၊ မြေး(၂)ယောက်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပါသည်။ စာအုပ်များ ပြည့်နှက်နေသည့် စာအုပ်ဗီဒိုကြီးကိုလည်း တွေ့ခဲ့ရပါသည်။ မမက နေ့စဉ် အချိန်ဇယားဖြင့် အလုပ်လုပ်သူ ဖြစ်ပါသည်။ နံနက်အရုဏ်ဦး အိပ်ရာထချိန်မှစကာ ညအိပ်ရာ ၀င်ချိန်အထိ ဘုရားရှိခိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာရေးစာဖတ်ခြင်းတို့အပြင် စားချိန်အိပ်ချိန်ကိုပါ တိတိကျကျပြုလုပ်သူဖြစ်ပါသည်။ မမက ၀လို့လည်းမဖြစ်ဘူး။ ပိန်လို့လည်းမဖြစ်ဘူး။ ၀ရင်ဝမှာပေါ့။ တစ်နေ့တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစား၊ နားနေရတာကိုး၊ ပိန်ရင်လည်းပိန်မှာပေါ့။ နိုင်ငံရေးလုပ်ပြီး စားမ၀င် အိပ်မပျော် မိသားစုနဲ့ဝေး နေတာကိုးလို့ အပြောမခံနိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး Balance diet ပဲစားတာ” ဟု ရှင်းပြဖူးပါသည်။
မမသည် စကားအလွန်ပြောကောင်းကာ ပြောသမျှစကားများကိုလည်း ပညာတတ်ပီပီ ပြန်လည် ချေပပြောဆိုနိုင်ပါသည်။ စိတ်ဓာတ်ကလည်း တည်ကြည်ဖြောင့်မတ်ပြီး အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ကြောင်း မမနှင့်စကားပြောခွင့်ကြုံရမှ ထင်ထင်ရှားရှား တွေ့မြင်လာရပါသည်။ ယနေ့တိုင် ကျွန်မလေးစားရပါသော မမဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်း၍ လိုရာပန်းတိုင်သို့ အမြန်ဆုံးရောက်ရန် ဆုတောင်းလျက်သာ ရှိပါသည်။
ဒီခွဲစိတ်မှုကြောင့် ရရှိတဲ့ ကျွန်မရဲ့ ပီတိခံစားချက်များကို ကျွန်မရဲ့ ၁၉၆၅ batch မှ သူငယ်ချင်း ရောင်းရင်းများ မျှဝေခံစားနိုင်ရန် “ဂုဏ်အယူရဆုံးခွဲစိတ်မှု” ဆောင်းပါးလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
သူငယ်ချင်းများအားလုံး ပီတိနှလုံး ရွှင်ပြုံးနိုင်ကြပါစေ ...........

ဒေါက်တာခင်ဝင်းကြူ
(Winne)  

13 June 2013

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို ကူညီမည်

 မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ ယင်းသို့ မထွက်ခွာမီ ဒုတိယဝန်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမ၌ တွေ့ဆုံကာ ယင်းတို့၏ အမြင် သဘောထားများကို မေးမြန်းခဲ့ရာတွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က-  မလေးရှားနိုင်ငံကို သွားရတဲ့ ရည်ရွယ်ချက်က မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အကြမ်းဖက် တိုက်ခိုက်မှု ခံနေရတယ်။ အဲဒီကိစ္စအတွက် မလေးရှား အစိုးရနဲ့တော့ ပူးပေါင်း ဆောင်ရွက်နေတယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့မှ တွေ့ဆုံပြီးတော့ ပိုပြီးထိရောက်တဲ့ အကာအကွယ်ပေးမှုတွေ ရရှိနိုင်ဖို့ သွားရောက်ခြင်း ဖြစ်ပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ မြန်မာနိုင်ငံသား တွေရှိတယ်။ သူတို့ကိုလည်း ဝင်ပြီး အားပေးချင်တယ်။ အဲဒီမှာရောက်နေတဲ့ နိုင်ငံသားတွေအနက် တရားမဝင် လာရောက်ပြီး အလုပ်လုပ်ကိုင်တယ် ဆိုလို့ရှိရင် သူတို့ဖမ်းပြီးတော့မှ စိစစ်နေတာပေါ့၊ စိစစ်နေတဲ့အခါမှာ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ သူတို့တွေအတွက် ရှေ့ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လောက်ထိ ဒုက္ခရောက်နေသလဲ။ ကူညီနိုင်မလဲ။ ဒါတွေကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၊ မလေးရှား အလုပ်သမားဝန်ကြီးဌာန စသည်ဖြင့် သွားရောက်ပြီး တွေ့ဆုံပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုက နေပြီးတော့ ရရှိလာမယ့် အချက်အလက်တွေ နောက် တကယ်လက်တွေ့ တွေ့ကြုံမှုတွေကိုမြင်ပြီး အဖွဲ့ဝင်အဖြစ် အတူလိုက်ပါမယ့် မြန်မာအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့အတူ မလေးရှားမှာ ရှိနေတဲ့ မြန်မာသံအမတ်ကြီး၊ မလေးရှားမှာ ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်း အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ အကောင်းဆုံး အခြေအနေဖြစ်အောင်ပေါ့ ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီအတိ ဒုက္ခရောက်နေတယ် ဆိုတာကို သိရဲ့သားနဲ့ နိုင်ငံတော် အစိုးရအနေနဲ့ ပစ်ထားခြင်း မရှိပါဘူး။ ယခင်တုန်းကလည်း ရရှိတဲ့ သတင်းတွေအပေါ် ဖြစ်ခဲ့တာတော့ အရင်လ ၂၉ ရက်နေ့ထဲက စတာပေါ့၊ ပြီးတော့မှ အကြမ်းဖက် တိုက်ခိုက်မှု ခံရတာတွေ ရှိတယ်။ ခဏ ရပ်ဆိုင်းသွားတယ်၊ အဲဒီ့နောက်ပိုင်းမှ မလေးရှားနိုင်ငံကို အကူအညီပေးဖို့ ပြောတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပြောလိုက်တဲ့အခါမှာ သူတို့အနေနဲ့လည်း ခွဲခြားတာပေါ့၊ ခွဲခြားတယ် ဆိုတဲ့ အကြောင်းရင်းကတော့ တရားဝင် လာတာလား၊ တရားမဝင် လာတာလား၊ ခွဲခြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီးတော့ ယနေ့ထိ ဖြစ်နေတဲ့ အခြေအနေကတော့ ဆက်ပြီးတော့ ခွဲခြားမယ့် အခြေအနေတွေ ရှိနေသေးတယ်။ နောက်အလားတူ ကိစ္စမျိုးတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် ဒီဟာတွေကိုပဲ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ တရားမဝင် ရောက်ရှိနေတဲ့ သူတွေအတွက် စာရင်း ကောက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လိုပါက ဆောင်ရွက်ပေးနိုင်မယ့် အစီအစဉ် ရှိပါတယ်။ သံရုံးနဲ့ညှိမယ်။ တရားမဝင်သည် ဖြစ်စေ၊ တရားဝင်သည် ဖြစ်စေ၊ ကိုယ့်နိုင်ငံသား အားလုံးကို ကူညီပါမယ်။ တရားဝင် အထောက်အထားရှိတဲ့ သူတွေရော၊ မရှိတဲ့သူတွေရော ပြန်ချင်ရင် ပြန်နိုင်အောင် အကူအညီပေးမယ်။ ပြန်ဖို့အတွက်ကိုလည်း လုပ်ပေးမယ်။ စာရင်းကတော့ ကောက်မယ်။ မကောက်လို့လည်း မဖြစ်ဘူး။ တကယ်တမ်း ရောက်နေတယ်ဆိုတဲ့ တရားဝင် စာရင်းထက် တရားမဝင် ရောက်နေတာတွေက အရမ်းများတယ်။ အဲဒါတွေကလေ မှန်တာပြောရင် ရေရှည်မှာ လူမှုရေးပြဿနာ မသေးရင် ကြိုတင်ကာကွယ် တာက ပိုကောင်းတယ်။ သူပြန်ချင်တဲ့ ဆန္ဒရှိရင် ပြန်ဖို့လုပ်ပေးမယ်ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

08 June 2013

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်းအပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များ လှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။ ငလျင်ကြီးများ စစ်ကိုင်းပြတ်ရွေ့ကြော ပေါ်တွင် မြေပြင်ရွေ့များအရ ဒေသ အပိုင်းအခြားအလိုက် လှုပ်ခတ်ခြင်းသာ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိ နှစ်ပေါင်း ၂၀ အတွင်း အင်အား ရစ်ခ်ျစတာ စကေး ၇ အဆင့်ရှိ အင်အားပြင် ငလျင်လှုပ်ခတ်မှု များပြားနေသည်ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့ အပိုင်းအချို့သည် လှုပ်ခတ်ထားခြင်း မရှိသေးသောကြောင့် အဆိုပါ မြို့နယ်များသည် အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ငလျင်လှုပ်ခတ်ရာတွင် နောက်ဆက်တွဲ အခြေအနေအဖြစ် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံနိုင်ခြင်းကြောင့် သစ်တောများ ထိန်းသိမ်းပြီး တောင်ယာ တိုးချဲ့မှုများကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ တာလေငလျင် ကွင်းဆင်းအစီရင်ခံစာတွင် ဖော်ပြရေးသား ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်က အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြော အပေါ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်များမှာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးတွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၁၊ ၁၉၉၁ ခုနှစ်တွင် တကောင်းမြို့ အနီး၌ ၇ ဒသမ ၀၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီး၌ ၆ ဒသမ ၇ နှင့် ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းမြို့ အနီး၌ ၆ ဒသမ ၈ တို့ဖြင့် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါအသင်း မှတ်တမ်းများအရ သိရှိရသည်ဟု The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

06 June 2013

“ KL ကိုတာယာယာဝန်းကျင် မြန်မာဆိုင် အားလုံးကို မလေးရဲများ Operation ၀င်နေကြစဉ် ”(ရုပ်သံမြင်ကွင်း)

“ KL ကိုတာယာယာ ဝန်းကျင် မြန်မာဆိုင် အားလုံးကို အော်ပရာစီ ဝင်နေပါသည်။ပါမစ်ရှိသူ မရှိသူအားလုံးဖမ်းဆီးသဖြင့် ဂရုစိုက်သွား လာကြပါ။ ”

မြန်မာများ အကြမ်းဖက်ခံရမှု သတိပေးအပြီး မလေးရှားတွင် စတင်အရေးယူ

 
 
 မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန် မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော ရက်ပိုင်းက ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရ မှုများနှင့် ဆက်စပ်နေကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်း ဌာနတွင် ဖော်ပြထားချက် အရမူ မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ကို ဖမ်းဆီးထား ကြောင်း သိရသည်။

ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ စားသောက်ဆိုင်များ အများအပြား တည်ရှိသည့် Kota Raya အဆောက်အအုံ တွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့် ဆာလာယန်းနှင့် မြန်မာ အများစု နေထိုင်သည့် နေရာများ တွင်လည်း ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို မေးမြန်းချက်များ အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို တရားဝင် ပြုလုပ် ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပထမ ဆုံး တရားမဝင် နိုင်ငံခြားသား များကို ပြန်လည် ဖမ်းဆီးသည့် စစ်ဆင်ရေး ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ဇွန်လ ၄ ရက် နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ အကြမ်းဖက် မှုများကို ချက်ချင်း စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ် မဖြစ်ပွားရေး လုပ်ဆောင် ပေးရန် သတိထောက်လွှာ ပေးအပ်ခဲ့သည်။

မလေးရှားနိုင်ငံ ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် လွန်ခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ ထားသူများ အနက် လေးဦးမှာ အရေးပေါ် ကုသမှု ခံယူနေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး တရားမဝင် လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရကြောင်း
The Voice Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်.။

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းတစ်စုံတည်း ဖြေရမည်

 ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံနှင့် နိုင်ငံခြား စာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

 လက်ရှိတွင် တိုင်းဒေသကြီး၊ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနတို့အတွက် တက္ကသိုလ် ၁၀ ခုက မေးခွန်း ၁၀ စုံ ထုတ်ဝေစစ်ဆေးလျက် ရှိနေပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်တွင် မေးခွန်း ထုတ်ဝေမည့်ပုံစံပြောင်းလဲရန် ရည်ရွယ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူကပြောသည်။ “ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှုကို စစ်ဆေးတဲ့စနစ်ကိုပြောင်းလဲဖို့ အချိန်ကောင်း အခါကောင်း ဖြစ်ပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါ ၂၀၁၅-၂၀၁၆ ခုနှစ်ကစပြီး တက္ကသိုလ် စာမေးပွဲကို တိုင်းဒေသကြီး၊ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် ရည်ရွယ်ထားပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကူးပြောင်းရန်၊ ကျောင်းမိသားစုအလိုက်၊ အခြေခံပညာ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ ကူးပြောင်းရန် မြို့နယ်/ခရိုင်အလိုက် နှစ်ဆုံးစာမေးပွဲများ ကျင်းပပြီး ကျောင်းသားများ တတ်မြောက်မှုကို စိစစ်အကဲဖြတ်သွားမည် ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိရန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်အပေါ် အခြေခံနေခြင်းကိုပြောင်းလဲပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကျောင်းသားများ၏ ဝါသနာနှင့် စိတ်ဝင်စားမှုအပေါ် မူတည်၍ ဝင်ခွင့်များ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ပြင်ပပညာရှင်များက ဆွေးနွေးတိုင်ပင်နေကြကြောင်း သတင်းရရှိသည်ဟု  7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

04 June 2013

ဒေါ်လာအစား ကျပ်ငွေဖြင့်သာ အခွန်ဆောင်ရတော့မည်

 အစိုးရ ၀န်ကြီးဌာန/ အဖွဲ့အစည်းများသို့ အခွန်အခများအား နိုင်ငံခြားငွေဖြင့် ပေးချေရန် မလိုတော့ဘဲ မြန်မာကျပ်ငွေဖြင့်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။ 

 နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခ များ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ သည်ပြည်တွင်းဈေးကွက် တွင် ဒေါ်လာလိုအပ်ချက် ပမာဏမြင့်မားစေသည့်အပြင်ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်၏ မေ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ “အခုလို မြန်မာကျပ်ငွေနဲ့ ပေးရတော့မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ လုပ်ရကိုင်ရတာ တော်တော် အဆင်ပြေသွားမယ်” ဟု ဆိုသည်။ ယင်းသို့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ စနစ်တစ်ခုပြောင်းလဲလိုက်ခြင်းကပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားငွေကို တစ်ဆင့်ပြန်ဝယ်ပြီး အခွန်ဆောင်းခြင်း အခက် အခဲတစ်ခုကို ပြေလည်စေသည့်အပြင် အခွန်ဆောင်ရန်အတွက် နိုင်ငံခြားငွေ ကို တရားဝင် ငွေလဲကောင်တာ များအပြင်ပြင်ပဈေးကွက်မှ လုပ်ငန်းရှင်များက ၀ယ်ယူနေ ရသဖြင့် နိုင်ငံခြားငွေ ၀ယ်လို အား မြင့်လာသဖြင့် နိုင်ငံခြားငွေ တန်ဖိုး တက် လာပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်း သွားခြင်း ပြဿနာ ကို ဖြေရှင်းရာ ရောက်သည်။ နိုင်ငံခြားငွေ ကိုင်ဆောင်ထားသော လုပ်ငန်းရှင်များအနေဖြင့်မြန်မာငွေနှင့်ပြည်လဲ ရသည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း စီးပွားရေး လေ့လာသူ တချို့က သုံးသပ်သည်။ ယင်းသို့ ပြည်သူ့ရေးရာ ၀န်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်ရာတွင်မြန်မာငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော် သမ္မတကပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း သာသာနာရေး ၀န်ကြီးဌာန မပါဝင်ကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်မည်

 မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူသိများပြား ကျော်ကြားလှသော လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ကြရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် Facebook မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သော်လည်း အချိန်ကာလကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ “သူတို့လာရင် အကျိုးရှိအောင် တစ်ခုခုတော့ လုပ်ရမှာပဲ။ လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့မှာပဲ။ အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမယ် ဆိုတာမျိုးတွေလည်း ပညာပေးမယ်။ ဒီအချိန်က မြန်မာနိုင်ငံကို လူတိုင်းလာချင်နေကြတဲ့ အချိန်ပါ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ Facebook သည် လူဦးရေ ၁.၁၁ ဘီလီယံခန့် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများအနေဖြင့် နေ့စဉ် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်လည်း ဖြစ်သည်ဟု  Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook တွင် Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်

 Facebook စာမျက်နှာတစ်ခုအား Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ် တစ်ရပ်ကို ပြုလုပ်လိုက်ကြောင်း သိရသည်။ ရန်ကုန်အခြေစိုက် Web Development၊ Hosting နှင့် Design များ ဖန်တီးရေးဆွဲသော Mspiral Creative Media မှ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း CEO ဖြစ်သူ ကိုကျော်ကျော်ထွန်းက ပြောသည်။ Mspiral Facebook Page အား Like ပြုလုပ်သူတိုင်းအတွက် Like တစ်ခုလျှင် သုံးရာကျပ်နှုန်းဖြင့် Mspiral Creative Media မှ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ “Like အစီအစဉ်ကို မေလ ၁၂ ရက်နေ့ကနေပြီး နှစ်လတာ ကြာမြင့်တဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်” ဟု ကိုကျော်ကျော်ထွန်းက ပြောသည်။ ဂေဟဟိတ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လူငယ်များအသင်း) သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေ မြှင့်တင်ရေးအတွက် Facebook Application တစ်ခု ဖန်တီးပြုလုပ်ခဲ့ပြီး Green Like Drive ဟု အမည်ပေးထားကြောင်း၊ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ငွေများအား မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဂေဟဟိတသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်း Green Like Drive Application ကို ဇူလိုင်လ ၁၂ ရက်နေ့အထိ www.facebook.com/mspiral တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်လအတွင်း Like စုစုပေါင်း သုံးထောင်အထိ သတ်မှတ်ထားကြောင်း သိရသည်။ Mspiral ကုမ္ပဏီ၏ ဦးတည်ချက်မှာ အကျိုးအမြတ် ရရှိရန်အတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအတွက် အကျိုးပြုသည့် ကုမ္ပဏီအနေဖြင့် ရပ်တည်မည်ဟု ဆိုသည်။ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ဂေဟဟိတမှာ Spectrum, Green Way, Simplicity Circle, Lovers of Myanmar Environment နှင့် အလင်းအိမ် စသည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသင်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်တစ်ခုဖြစ်ကြောင်း   Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

30 May 2013

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း..

မောင်ပြည့်စုံ၏ ပြတ်ရှ၊ ဒဏ်ရာများ
 
 ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား
အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း


အားကစားနှင့် ကာယပညာကြီးကြပ်မှု
 ကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်
28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ
ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည်။

 ပွဲပြီးချိန်တွင် ကွင်းအပြင်မှ အော်ဟစ်အားပေးသည်ဆိုကာ မောင်ပြည့်စုံအား ခရမ်းမြို့နယ်
ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ
လက်သီးဖြင့်ထိုးခြင်း၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် မောင်ပြည့်စုံမှာ ခရမ်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ
ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည်။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း၊ လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး၊ မတရားသဖြင့်
နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည်။ အဆိုပါ လူမှုရေး ဆောင်ရွက်နေသည်ဟု အမည်ခံထားသည့် ကြက်ခြေနီဆိုသူများမှ ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ
ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် မိမိအများအကျိုးပြု ပြည်သူလူထုအတွက်ဟု ခံယူထားသော ပြည်သူ့ ကြက်ခြေနီဆိုသူများမှ ပြည်သူတဦးအား နိုင်ထက်စီနင်း လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်မှုအား ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင်၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ
ရမ်းကားသော ကြက်ခြေနီများအား စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
 
မရမ်းကားတဲ့ ခရမ်းသား

28 May 2013

ဦးသန့်နေအိမ်ပြတိုက်မကြာမီဖွင့်မည်

ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းဦးသန့်မိသားစု  နေထိုင်ခဲ့သော ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ ပန်းဝါလမ်း၊ အမှတ် (၃) အဆောက်အဦကို ဦးသန့်နေ အိမ်ပြတိုက်ဖွင့်လှစ်ရန် ရည်ရွယ် ၍ ဦးသန့်၏သမီးဖြစ်သူဒေါ်အေး   အေးသန့်ဦးဆောင်ပြင်ဆင်မွမ်းမံ လျက်ရှိရာ ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်   လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း က ဦးသန့်၏မြေးဖြစ်သူဦးသန့်မြင့်  ဦးအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဦးသန့်မိသားစု  နေထိုင်ခဲ့သော နေအိမ်ကို အများပြည်သူကြည့်ရှုလေ့လာ   အသုံးပြုနိုင်ရန် မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ၍ ပြတိုက်ပြုလုပ်ခွင့်  ကို လျှောက်ထားတင်ပြခဲ့ရာ နိုင်ငံ  တော်သမ္မတကခွင့်ပြုခဲ့ပြီး ၂၀၁၃ ဧပြီ (၆) ရက် ညနေပိုင်းတွင် ပြတိုက်အကြိုဖွင့်ပွဲအခမ်းအနား  ကျင်းပခဲ့ပြီးဖြစ်သည်။

“ဦးသန့်နေအိမ်ပြတိုက်ကို အလှူငွေတွေနဲ့ ပြုပြင်မွမ်းမံနေ တာဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့လည်း ပန်းဝါလမ်း ထိပ်ကနေဦးသန့်အိမ်ရောက်တဲ့ အထိ လျှပ်စစ်ဓာတ်မီးတိုင် (၁၅) တိုင်နဲ့ လျှပ်စစ်မီးရဖို့ကို လျှပ်စစ်  ၀န်ကြီးဌာနရန်ကုန်စရိတ်နဲ့သွယ် တန်းပေးပါတယ်။ အဲဒီကုန်ကျ စရိတ်က သိန်း (၁၅၀) နဲ့ (၂၀၀) ကြားကုန်တယ်လို့ကြားသိရပါ တယ်။  လျှပ်စစ်ဝန်ကြီးဌာအနေ နဲ့ အခုလိုဆောင်ရွက်ပေးတဲ့အတွက်   ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်   ရပါတယ်။ ကျွန်တော်တို့အနေနဲ့  သာမန်အတွင်းပိုင်းလျှပ်စစ်မီးဆက်  သွယ်တာပါဝါမီတာ၊ ရိုးရိုးမီတာ  တို့ကို သိန်း (၃၀) (၄၀) အကုန် ခံဆောင်ရွက်ရပါတယ်။ ရေသွယ်  တာလည်း ကိုယ့်စရိတ်နဲ့ ကိုယ် ဆောင်ရွက်ပါတယ်။ ကျန်တဲ့ပြင်  ဆင်မှုတွေကို ဒေါ်အေးအေးသန့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဦးသန့်နေအိမ်ပြတိုက်ကြီးတဲ့ အဖွဲ့ကလိုအပ်သည်များကို ဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိက ဘဏ်များနဲ့ ပုဂ္ဂလိကအလှူရှင်များ  က စေတနာထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြပါတယ်။ မှန်းထားတာကတော့ အကြီးစား  ပြင်ဆင်မှုတွေပြီးရင်တော့ ပွင့်လင်း  ရာသီမှာ အမြဲဖွင့်ဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကိုဘယ်ရက်တွေ မှာဖွင့်မယ်။ လာရောက်လေ့လာ နိုင်ဖို့နိုင်ငံခြားသား၊ နိုင်ငံသားများ  အတွက် သင့်တော်တဲ့ ၀င်ကြေး  နှုန်းထားများ သတ်မှတ်ပြီး ပြတိုက်  မှူး၊ လုံခြုံရေးဝန်ထမ်းများနဲ့ စနစ်   တကျဖွင့်မှာပါ။ နေအိမ်ရဲ့ အခန်း တိုင်းမှာ ဦးသန့်ဘ၀ဖြစ်စဉ်အား လုံးကို Awdio Visual များတပ်ဆင်  ပြီး အလိုအလျောက်ရှင်းလင်းပြ သလေ့လာနိုင်ဖို့စီစဉ်ထားမှာပါ”ဟု  ဦးသန့်နေအိမ်ပြတိုက်ကြီးကြပ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး  ဦးသိန်းရွှေကရှင်းပြခဲ့သည်။






ရင်းမြစ်... Hot News Weekly