04 June 2013

Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်မည်

 မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူသိများပြား ကျော်ကြားလှသော လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ကြရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် Facebook မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သော်လည်း အချိန်ကာလကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ “သူတို့လာရင် အကျိုးရှိအောင် တစ်ခုခုတော့ လုပ်ရမှာပဲ။ လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့မှာပဲ။ အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမယ် ဆိုတာမျိုးတွေလည်း ပညာပေးမယ်။ ဒီအချိန်က မြန်မာနိုင်ငံကို လူတိုင်းလာချင်နေကြတဲ့ အချိန်ပါ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ Facebook သည် လူဦးရေ ၁.၁၁ ဘီလီယံခန့် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများအနေဖြင့် နေ့စဉ် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်လည်း ဖြစ်သည်ဟု  Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။