29 June 2011

အာဏာပိုင်ရဲ့သတင်းဌာန တခုဖြစ်တဲ့ကြေးမုံ သတင်းညာက ဗုံးပေါက်ကွဲ မှုနဲ့ပါတ်သက်ပြီးလုပ်ချလိုက်ပြန်ပြီး..

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ဇွန် ၂၄ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ အသီးသီးဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ဗုံးဖောက်ခွဲသူ တရားခံအား ဖမ်းဆီးရမိရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် စုံစမ်းစစ်ဆေး ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုကြောင့် နေပြည်တော်တွင် ပေါက်ကွဲသော နေအိမ်မှာ မန္တလေးမြို့မဟာအောင်မြေမြို့နယ်နေ ဒေါ်သန်းမြင့်၏ နေအိမ်ဖြစ်ပြီး ဧပြီ ၂၄ရက်က စိုင်းဆမ်နှင့် စိုင်းအိုက်ဆိုသူတို့ကတစ်လလျှင် ငွေကျပ် ခြောက်သိန်းငါးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်း ထားခြင်းဖြစ်ကြောင်း၊ထို့အတူ ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်သောအိမ်မှာ ဒေါ်စောစန္ဒာပိုင် နေအိမ်ဖြစ်ပြီး စိုင်းဆမ်နှ င့် စိုင်းအိုက်ဆိုသူတို့ကပင် မေ ၅ရက်က တစ်လလျှင် ငွေကျပ်တစ် သိန်းလေးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်းနေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

မန္တလေးတွင် ပေါက်ကွဲခဲ့သည့် ကားနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပေါက်ကွဲသည့် SURF ကားအမှတ် ၃ခ/၁၉၀၄ (လိုင်စင်မဲ့) ယာဉ်မှာ ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်တို့ထံမှ တစ်ဆင့် ဇွန် ၂၁ရက်တွင် အမျိုးသားသုံးဦးက ငွေကျပ် သိန်းခြောက်ဆယ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးမှာ ငွေထုပ်ကို ကိုင်ဆောင်လာကြောင်း၊ ကားဝယ်သူများသည် ယင်းကားအမှတ် ၃ခ/၁၉၀၄ ဖြင့် မန္တလေးမြို့ ပစ္စဖိတ်ဟိုတယ်သို့ ဇွန် ၂၃ရက်က တစ်ညလာရောက် တည်းခိုသွားကြောင်း၊ ဆက်လက်စုံစမ်း ဖော်ထုတ်ချက် အရ မဟာအောင်မြေမြို့နယ် ၈၃လမ်း၊ ၃၅နှင့် ၃၆လမ်းကြားရှိ အားဝေ(ခ)စိုင်းလှအောင်၏ နင်ဂျာဆိုင်ကယ် အပိုပစ္စည်းဆိုင်တွင် လုပ်ကိုင်နေသူ မူဆယ်မြို့နယ် တိန်လုံရွာနေ စိုင်းမိုးဟိန်း ၁၉နှစ် (အဘ ဦးအိုက်စိုင်း)၏ အစ်ကို စိုင်းကျော်မြင့်ဦးမှာ ကားလာဝယ်စဉ် ငွေထုပ်ကိုင်လျက် ပါလာသူဖြစ်ကြောင်း ပေါ်ပေါက်သိရှိရပြီး စိုင်းမိုးဟိန်းထံမှ ရရှိသည့် စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့၏ ဓာတ်ပုံများကို ပြသစုံစမ်းရာ ဟာရှင်နှင့် ကျော်ကျော်ထက်တို့က ကားလာဝယ်သူများမှာ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ဖြစ်ကြောင်း အတည်ပြုထွက်ဆိုခဲ့ကြောင်း သိရသည်။

အထက်ပါ ပေါ်ပေါက်ချက်များအရ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ သုံးဦးသည် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် တစ်ပြိုင်တည်း ဗုံးဖောက်ခွဲရန် ကြိုတင်ကြံစည်၍ ပြည်သူများ ထိခိုက်သေကျေစေရန်၊ ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်စေရန် ရည်ရွယ်၍ ဖောက်ခွဲမည့်ကားကိုလူစည်ကားရာမန္တလေး ဈေးချိုတိုက်တန်း ရှေ့တွင်ထား၍ ဖောက်ခွဲခဲ့ခြင်းဖြစ်
ကြောင်း တွေ့ရှိရသည်။

ဖောက်ခွဲမှုသုံးခုကို ပူးပေါင်းကြံစည် ကျူးလွန်ခဲ့သည့် တရားခံ သုံးဦး၏ ပုံပန်းသဏ္ဌာန်မှာ စိုင်းဆမ်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၅လက်မ၊ အသားဖြူ၊ ၀ဲမျက်စိဘေးတွင် အမာရွတ် တစ်ခုရှိ၊ စိုင်းအိုက်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၃လက်မ၊ ဆံပင်ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များရှိ၊ စိုင်းကျော်မြင့်ဦး- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၄လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ။ အဆိုပါ တရားခံသုံးဦးအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်သိပြည်သူများအနေဖြင့် မသင်္ကာသူ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပေးပို့ကြပါရန် ဇွန်လ ၂၉ရက်နေ့ထုတ် ကြေးမုံ သတင်းညာတွင် ဖော်ပြထားပါသည်။


အာဏာရှင်တို့ ရဲ့  ကြိုးပေးသတ်ဖြတ်မှုကို မတရားခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်။

ဒါလား တရားဥပဒေ....မျှတမှု မရှိရင် တည်မြဲမှု ဆိုတာ ဘယ်ရှိ နိုင်တော့မှာလဲ..။

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ။


၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖ အာဏာ ရူးတွေရဲ့ မတရား အကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့ ယနေ ကျရော က် သော မွေးနေ့  အမှတ်တရ အနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည် တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက်လွတ်လပ်သော ဘ၀များ ပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်။

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။




ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -

ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။




နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။

28 June 2011

အမျိုးသမီးများ ပြည်ပ သွားရောက် လုပ်ကိုင်ခွင့် ပိတ်ထားချိန် ၊ အလည်အပတ် ဗီဇာ ဖြင့် လာရောက် လုပ်ကိုင် ရန် ပွဲစားများ ဆွဲဆောင်

မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ မလေးရှား သို့ အမျိုးသမီးများ တရားဝင် အလုပ် သွားရောက် လုပ်ကိုင်မှုကို တားမြစ်ထား ပြီးနောက်ပိုင်း ပွဲစား အချို့မှာ အလည်အပတ် ဗီဇာ (visit visa) ဖြင့် အမျိုးသမီးများ အားပို့ ဆောင်ပေးမှုများ ရှိလာကြောင်း သိရသည်။

ပြည်ပသို့ အလည်အပတ်ဗီဇာ (VISIT VISA) ဖြင့် သွားရောက် အလုပ်ရှာဖွေ သူများ အနေဖြင့် အလုပ်အကိုင် ရရှိပါက ၄င်းအလုပ် မှာ တရားဝင် မဟုတ်သောကြောင့် အလုပ်သ မား ရပိုင်ခွင့်၊ အကျိုးခံစားခွင့်များ ရရှိနိုင်မည် မဟုတ်ကြောင်း ပြည်ပ အလုပ်အကိုင် ကျွမ်း ကျင်သူ အသိုင်းအ၀ိုင်း များထံမှ သိရသည်။

“အခုနောက်ပိုင်း အရင်ကလို မိန်းကလေး တွေကို အလုပ်အကိုင်ဗီဇာ (job visa) နဲ့ ထွက်ခွင့်မပြုတော့ တစ်ဖက်လှည့်ပြီးအလည် အပတ် ဗီဇာ (VISIT VISA) နဲ့သွားဖို့ ပွဲစား အချို့ က ဆွဲဆောင်ကြတယ်။ အလည်အပတ် ဗီဇာ ဆိုတာ ဟိုရောက်သွား လို့သူ့ရဲ့ သတ်မှတ်ထား တဲ့အချိန် ကာလ ကျော်လွန် လို့မှ နိုင်ငံ ကပြန် မထွက်ရင် အဲ့ဒီလူက အိုသမား(over stay) ဖြစ်သွားရော၊ ပွဲစားတွေက ဟိုရောက်ရင် အလုပ်ပါ တစ်ပါတည်း ရမယ်လို့ပြောပေမယ့် အဲဒီ အလုပ်ကလည်း တရားဝင် အလုပ်မဟုတ် တဲ့ အတွက် တစ်ခုခု ထိခိုက်မှု၊ နစ်နာမှု တစ်စုံ တရာဖြစ်လာရင် အလုပ်သမား အခွင့်အရေး ဘာတစ်ခု မှရမှာ မဟုတ်သလို တစ်ဖက် အစိုး ရကလည်း ဘာမှ ဖြေရှင်း ပေးမှာ မဟုတ်ဘူး။ယောက်ျားလေး တောင် အိုသမား (over stay) တစ်ယောက် အ နေနဲ့ ရပ်တည်ဖို့ မလွယ်ကူတာ။ မိန်းကလေး ဆိုရင် ပိုပြီး ဆိုးတာပေါ့” ဟု ပြည်ပ အလုပ် အကိုင်ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းသို့ အလည် အပတ်ဗီဇာ (VISIT VISA) ဖြင့် အလုပ် သွားရောက် လုပ်ကိုင် သူများမှာ သာမန် တရားဝင် အလုပ် ခေါ်စာဖြင့် သွားရောက် သူများထက် ၀န်ဆောင်ခ ငွေကြေး ပိုမို ကုန်ကျ ကြောင်း သိရသည်။

“ပွဲစားခက အားလုံးပေါင်းရင် ကျပ် ၁၃ သိန်းနီးပါ လောက်ကုန်တယ်။ နောက် တစ်ပတ် ထဲ သွားရမယ် လို့တော့ပြောတယ်။ ဟိုရောက် ရင် တစ်ခါတည်း အလုပ်ပါရ မယ်လို့လည်းပြော တယ်။ ဘာပဲဖြစ်ဖြစ် ရောက်သွားဖို့ အရေးကြီး တယ်။ ဟိုနိုင်ငံမှာ သူငယ်ချင်းတွေလည်း အများ ကြီးရှိတော့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး” လို့ မလေးရှားသို့ အလည်အပတ် ဗီဇာ(VISIT VISA) ဖြင့် သွားရောက်မည့် အသက်(၂၀) အရွယ် မိန်းလေး တစ်ဦးက ပြောပြသည့်သတင်းအားမြန်မာပို့စ် ဂျာနယ်တွင်ဖော်ပြထားသည်။

မန္တလေးတက္ကသိုလ်ကျောင်းအတွင်း Daimond Sky ဆိုတဲ့ KTV

ကျမတို့​ မန္တ​လေး​မြို့​ ၇၈ လမ်း​နဲ့​ သိပ္ပံလမ်း​ထောင့်​ မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာအတွင်း​မှာ Daimond Sky ဆိုတဲ့​ KTV ကို ​ဗြောင်ကျကျ ဖွင့်​ထား​ပါတယ်။

ဒီဆိုင်က မိန်း​က​လေး​တွေလည်း​ ထား​တော့​ ​ဘေး​ပတ်ဝန်း​ကျင်က အ​ဆောင်​နေတဲ့​ ​ကျောင်း​သူ​တွေအတွက် အများ​ကြီး​ အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​ကျောင်း​သား​တွေကလည်း​ ညဆိုရင် အဲဒီဆိုင်မှာပဲ အချိန်ကုန်​နေကြပါတယ်။ ရန်ပွဲကလည်း​ ညတိုင်း​နီး​ပါး​ဖြစ်ပြီး​ ပတ်ဝန်း​ကျင်ကို အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​နေ့​ခင်း​ဆိုရင် အဲဒီဆိုင်က အခန်း​တွေကို အချိန်ပိုင်း​နဲ့​ငှား​တဲ့​အတွက် စုံတွဲ​တွေအတွက် လွတ်လပ်စွာ ချိန်း​တွေ့လို့​ ရပြီး​ အခန်း​ထဲမှာဆိုရင် ကွန်ဒုံ​တွေ၊​ အပြာကား​တွေ ကြည့်​နိုင်​အောင် စီစဉ်​ပေး​ထား​ပါတယ်။ အဆိုး​ဆုံး​က​တော့​ ​ကျောင်း​သား​တွေအတွက် လွတ်လပ်စွာ မူး​ယစ်​ဆေး​ဝါး​သုံး​လို့​ရတဲ့​ ​နေရာကြီး​ ဖြစ်​နေပါတယ်။

မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာမှာ ဘီယာဆိုင်၊​ အရက်ဆိုင်​တောင် ဖွင့်​ခွင့်​မ​ပေး​တာ ဒီလိုဆိုင်ကို ဘာလို့​ဖွင့်​ခွင့်​ရ​နေတာလဲဆိုတာ တိုင်း​ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ပညာ​ရေး​ဝန်ကြီး​ကို ​မေး​ပေး​ပါရှင့်​။ ကျမတို့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ပျက်စီး​အောင် ဖျက်ဆီး​နေတဲ့​ အဲဒီ KTV ဆိုင်ကို အမြန်ဆုံး​ပိတ်​ပေး​ပါလို့​ သမ္မတ ဦး​သိန်း​စိန်ကို တင်ပြလိုက်ပါတယ်။

တတိယနှစ် ရတနာပုံ ​ကျောင်း​သူတဦး

သတင်း .DVB

27 June 2011

Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင်


မဖြိုးဖြိုးအောင်

၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။

၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။

ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ သံဇကာတွေ ကြားက ဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ပြီး ပညာ ကြိုးစား သင်ပါတယ်။

ပညာရေး အခွင့် အလမ်းတွေကိုလည်း မပြည့်စုံတဲ့ မိသားစု ဘ၀ထဲက ခက်ခက်ခဲခဲ ရှာဖွေရပါတယ်။

ဖခင် ဒေါက်တာနေ၀င်းက ဒီနှစ် မေလမှာ ပြန်လွတ်လာပါပြီ။ မဖြိုးဖြိုးအောင် ကတော့ မော်လမြိုင် ထောင် အတွင်း ကြမ်းတမ်း ခက်ခဲမှုတွေကို ယုံကြည်ချက်နဲ့ ကျော်ဖြတ်ဆဲပါ။

ဟစ်ပ်ဟော့နဲ့ ပေါ့ပ် ဂီတကို နှစ်သက်တဲ့၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာ ဘာသာရပ်တို့ကို အထူး စိတ်ဝင်စားတဲ့၊ အများ အကျိုးဆောင်ရွက်တဲ့ မဖြိုးဖြိုးအောင် မိသားစုနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းပါစေ။

သားကြီး (AAPP)

ရန်ကုန်မြို့ပေါ်ကအလှည့်ကျ နယ်မြေ ရဲ များနှင့် နယ်မြေ အာဏာပိုင်လူကြီးများ စားပေါက်တမျိုး ဖန်တီးကြအုန်းမည်.။

ငွေ အကြွေစေ့ဖြင့် လဲလှယ် ကစားသည့် လောင်းကစား ဝိုင်းများ အပါအဝင် Game Centerများနှင့် ကာစီနို ကစားဝိုင်း လုပ်ငန်းရှင်များအား ယခုလ တတိယပတ်အတွင်း မှစ၍ ပိတ်သိမ်း တော့မည်ဟု သတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းဧရိယာနှင့် လူစည်းကားရာ အဆောက်အအုံများနှင့် ဈေးအနီး ဝန်းကျင် အခန်းများတွင် ခေတ်ပေါ်စနစ်ဖြင့် ပြုလုပ်လျက်ရှိသော ကာစီနိုခေါ်ဂိမ်းကစားဝိုင်းများနှင့် ဂိမ်းဆိုင်များဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အား အာဏာပိုင်များ ခေါ်ယူသတိပေး၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ဧရိယာရှိ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊ သံဈေး၊ မင်္ဂလာဈေးနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ အဆောက်အအုံများတွင် ဆိုင်ပေါင်း ၂ဝဝ ဝန်း ကျင်ခန့်ရှိပြီး ငွေအကြွေစေ့ တစ်စေ့လျင် ၁ဝဝ ကျပ် သတ်မှတ်ထားကြောင်း ယင်းငွေအကြွေစေ့များနှင့် စက်ပစ္စည်းများသည် တရုတ်နှင့်ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ် ကြောင်း လသာမြို့နယ်နေ အဆိုပါကစားဝိုင်းများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

“ကာစီနိုဝိုင်းတွေမှာ ကစားနည်းပေါင်း ၂ဝ လောက်ရှိတယ်။ ပိုက်ဆံကို တစ်သောင်းဖိုးကနေ သိန်းပေါင်းများစွာအထိ ဆိုင်ရှင်ဆီမှာ လဲထားလို့ရတယ်။ ကိုယ်ကနိုင်လို့ ရှိရင်လည်း ပြန်လဲလို့ရတယ်။ စက်ထဲမှာထည့်ထားတဲ့ အကြွေစေ့တွေ ကုန်သွားရင်လည်း ကွန်ပျူတာက အလိုလျောက်ပြတယ်။ အကုန်လုံးက နိုင်ငံတကာ အဆင့်မီတယ်လို့ ပြောတာပဲ။ ကစားဝိုင်းတွေမှာ အရွယ်ကောင်းတဲ့ မိန်းကလေးတွေက စောင့်ကြည့်ပေး ကြတာ။ နိုင်တဲ့အခါလည်း သိန်းပေါင်းများစွာ နိုင်သလို ရှုံးတဲ့အခါဆိုလည်း ပြန်ယူလို့တောင် မလောက်ပါဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါ ကစားနည်းများသည် ၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သက်ဆိုင်ရာမှ တရားဝင်ဖွင့်လှစ် ခွင့်မပေးခဲ့ကြောင်း၊ ယခုအခါ ယင်းကစားဝိုင်းများသည်ခေတ် ပေါ် နည်းပညာများဖြင့် လုပ်ကိုင်လာကြခြင်းကြောင့် တားမြစ်အရေးယူသွားရန် အစိုးရသစ်မှ ညွှန်ကြားထားကြောင်း သိရသည်။

အကြွေစေ့ဖြင့် လဲလှယ်ကစားသည့် ကစားနည်းများကို ယခင်က မြန်မာနိုင်ငံတွင်နေထိုင်သည့် တရုတ်လူမျိုးများသာ ကစားလေ့ရှိခဲ့ပြီး ယခုအခါလူမျိုးမရွေး စိတ်ဝင်တစားကစားလာ ကြကြောင်း သိရ သည်။၏့သတင်းအား ပေါ်ပြူလာဂျာနယ်တွင်ဖော်ပြထားပါသည်.။

ရန်ကုန်မြို့ကြီးမှာမိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ..


ဇွန် ၁၇ ရက်နေ့ဝန်းကျင် မှစ၍ မိုးများဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ဒဂုံမြို့သစ် မြို့နယ်များ အတွင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ယခုနစ်တွင် ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည် ဟုလည်း ၎င်းတို့က ပြောကြားသည်။

“မိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ။ ရေထွက် ပေါက် မရှိတဲ့အတွက် လေးငါးရက်ကြာရင် ရေပုပ်တွေ ဖြစ်သွားပြီး ထွက်လာတဲ့ အနံ့တွေကို ကလေး လူကြီးအားလုံး ရှူနေရတယ်” ဟုလည်း အမှတ် ၅ ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း နေထိုင်သူ ဦးလှ သန်းက ပြောကြားသည်။

ရေလျှံမှု ဖြစ်ပွားနေသော မြို့နယ်များတွင် ဒဂုံမြို့သစ် မြောက်ပိုင်း UE ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များ၊ ၄၄၊ ၄၇ ၊ ၁၁၊ ၁၂ ရပ်ကွက်တို့ ပါဝင်ပြီး ယခုရက်ပိုင်းတွင်လည်း မိုးရွာသွန်းနေပြန်ရာ ရေကျရန် စောင့်နေရပြီး လမ်းမများတွင်ပါ ရေလျှံနေသည့်အတွက် ကူးသန်းသွားလာရေးပင် ခက်ခဲနေကြောင်း မြို့သစ် နေထိုင်သူများက ပြောကြားသည်။

“တစ်ချို့ အနိမ့်ပိုင်းအိမ်တွေဆိုရင် အိမ်ထဲကို ရေတွေဝင်နေတာ တစ်ပတ်လောက် ရှိပြီ ရေကအခုထိ မကျနိုင်သေးဘူး”ဟု ၎င်းတို့က ပြောဆိုကြသည်။

“ဆက်တိုက် ဖြစ်နေမယ် ဆိုရင် တော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်လာရပြီ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ကြဦးမှာ။ ရေမြောင်းတွေက မစီးတော့ ဘာမှလုပ်လို့မရဘူး”ဟုလည်း ဒဂုံမြို့သစ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိသော မြို့နယ်များတွင်၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံ အရှေ့၊ ရွှေပေါက်ကံ၊ မြို့သစ်များ ပါဝင်ပြီး မဆလ အစိုးရလက်ထက် တည်ဆောက်ခဲ့သော မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မြို့နယ်များလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ “ကျန်းမာရေးကိစ္စ ဖြစ်လာရင် အကြွေး ထပ်တင်ဖို့ပဲ ရှိတယ် အလုပ်အကိုင်တွေက မကောင်းဘူး” ဟု ဒဂုံမြို့သစ် နေထိုင်သူ လက်လုပ်လက်စား ဈေးသည်တစ်ဦးက ပြောဆိုသည့်သတင်းအား The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်.။

26 June 2011

စစ်အာဏာရှင်အဆက်ဆက်မြန်မာပြည်ထဲက ပြည်သူတွေလုံခြုံရေး


မြို့တွေပေါ်မှာ ဗုံးခွဲတိုက်ခိုက်တာ မဖြစ်ရ အောင် လုံခြုံရေး အစီအမံ က မရှိ သလောက် ဖြစ်နေ တယ်လို့ မြန်မာနိုင်ငံ စစ် ထောက်လှမ်းရေး ဘက်မှာ တာဝန်ယူ ခဲ့ဘူးတဲ့ သူ တဦး က ပြော ပါတယ်။

သောကြာနေ့ က မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့ မြို့တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု မျိုးတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တဲ့ စီမံချက် က သူတို့ ခေတ် တုန်း ကလဲ သေသေချာချာ မရှိ သလို အခုလည်း မရှိပါဘူး လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ဗုံးခွဲမယ့် သတင်းရ ရင် လမ်းပိတ်ရှာတာ၊ ဧည့်စာရင်း စစ်တာ ကလွဲလို့ တင်ကြိုစီမံချက် ဘာမှ မရှိဘူးလို့ သိရ ပါတယ်။

ဗုံးတွေ ကွဲပြီးမှသာ ဘာဗုံး အမျိုးအစား ဖြစ်လို့ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာ ခန့်မှန်း ကြပြီး အခင်း ဖြစ်တဲ့ နေရာ က လူတွေရဲ့ ပြောကြားချက် ကို အခြေခံကာ မသင်္ကာတဲ့ သူကို လိုက်ဖမ်း စစ်ဆေးတာ သာ ဖြစ်ကြောင်း လည်း သူ က သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြော ပြပါတယ်။

အဲဒီတော့ ဗုံးခွဲသူ အဖြစ် မသေချာပဲ တရားရုံး က ပြစ်ဒဏ် ချမှတ် လိုက်သလို ဖြစ်နေ ကြောင်း သူ က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှု တွေ ဥပမာ ၂၀၀၅ က ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု ၊ Junction 8 နဲ့ သင်္ကြန် X2O ရေကစား မဏ္ဍပ် ဗုံးကွဲမှု တွေ အပါအဝင် ဗုံးကွဲမှု အကုန် နီးပါး လက်သည် မရှာနိုင်ခဲ့ ကြောင်း နဲ့ စွပ်စွဲခံရသူ ထုတ်ပြ လာရင်လည်း ယုံကြည်နိုင်စရာ အချက် အလက် တွေနဲ့ သက်သေ မပြနိုင် ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောသွား ပါတယ်။

ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု မှာ ပါဝင် ပတ်သက်တယ် လို့ သင်္ကာ မကင်းခံရသူ စစ်ဗိုလ် တဦး ကို လည်း အထက် က အမိန့် နဲ့ မစစ်ဆေး နိုင်ပဲ လွှတ် ခဲ့ ရတာ တွေ ရှိခဲ့ကြောင်းလည်း သူ က ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

ဗုံးပေါက်ကွဲမှုကြောင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နယ်လှည့်ခရီးအပေါ်စိုးရိမ်ရသလား..


မြန်မာနိုင်ငံ ဗုံးပေါက်ကွဲမှုတွေ မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ဒေါ်အောင်ဆန်း စုကြည် ရဲ့ နယ်လှည့်ခရီး လုံခြုံစိတ်ချရ ပါ့မလား လို့ စိုးရိမ်စရာတွေ ဖြစ်နေ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ် ၊ ဒီပဲယင်း အရေး အခင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူတူ တိုက်ခိုက်ခံ ရဖူးတဲ့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် သက်ဆိုင်ရာ အာဏာ ပိုင် တွေနဲ့ ညှိပြီးမှ သွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်ခေါ် အစိုးရဖွဲ့ပြီး နောက်ပိုင်း အစိုးရ က ကေအန်ယူ နဲ့လည်း စစ်ဖြစ် ၊ ရှမ်းနဲ့ လည်း ဖြစ် ၊ ကချင်မှာလည်း ကေအိုင်အိုနဲ့လည်း ဖြစ်နေ တာတွေ ဟာ ကောင်းတဲ့ သဘော သဘာဝ မဟုတ် ဘူး ဆိုတာကို သဘောပေါက်တယ် လို့ ဦးတင်ဦး က ပြောပါတယ်။

နယ်လှည့် ခရီးသွားမယ် ဆိုရင်တဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို သေသေချာချာ တာဝန် ယူဖို့ ညှိနှိုင်း အကြောင်းကြားပြီးမှ သွားမှာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်း စုကြည် ကို မငြိမ် သက်အောင်လုပ်မယ့် လူလိုလို ပြောနေတာ၊ အာဏာပိုင်တွေက အရပ်သား တယောက် လို့ သတ်မှတ်ပြီး သူ့ အတွက် လုံခြုံရေး မစီစဉ် မယ့် သဘော ပြောနေတာ တွေ ဟာ လက်လွတ် စပယ် ပြောတဲ့ သဘော ရောက်နေ တဲ့ အတွက် ဒါတွေကလည်း စဉ်းစားစရာ ဖြစ်တယ် လို့ လည်း သူ က ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

တန်ဖိုး … ကိစ္စ


ဂုဏ်သိက္ခာတဲ့

ငွေကြေးနဲ့ ၀ယ်ထားကြသူများ

အာဏာနဲ့ တည်ဆောက်ထားသူများ

ခန့်ညားထည်ဝါ ဥစ္စာဓနပစ္စည်းများ

သူတောင်းစားရဲ့

ခွက်စုတ်တလုံးလောက်တောင် မရိုးသားခဲ့မှုများ

ငါ့ရှေ့မှာ မော်ကြွားနေကြတယ် …။



အထီးကျန်ဆန်မှုဆိုတာ

ခေတ်ကြီးက သယ်ဆောင်လာတာလား

ခေတ်ကြီးကိုသာ …

အထီးကျန်ဆန်မှုက သယ်ဆောင်နေတာလား

သားဈေး ငါးဈေးထဲက အလှုခံပိုက်ဆံ သေတ္တာပုံးတလုံးလို

ဘ၀က ငါ့ကို ပစ်ချထားခဲ့တယ် …။



နေညိုချိန်လည်း နေညိုချိန်မို့

ပျို့ပျို့တက်လာတဲ့ ချဉ်ခြင်းဟာ

သေရည်အတွက်လို့ မင်းကထင်မယ်

တကယ်က

ငါတို့ငတ်မွတ်နေတာ …။



ကျောင်းထွက်သွားရတဲ့

ကျောင်းသူမကလေးကို

စာနာစိတ်နဲ့

ငါ့မှာ လွမ်းနာကျတယ်

ဒါကို မင့်က ….

မင့်စိတ်နဲ့ နှိုင်းတယ်

မနက်ဖြန်ဟာ …

တန်ဖိုးတွေကို သယ်ဆောင်လာလိမ့်မယ် … ။ ။



ကမာပုလဲ

၂၁၊ ၀၆၊ ၂၀၁၁။

အဘမင်းသိင်္ခ (၇၃) အမှတ်တရ...

အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ၀ိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ် ၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် (၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဘဆရာကြီးမင်းသိင်္ခနှင့် ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်းနှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ (၅) သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတစ်ခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)